Home သတင်း တိုင်းရင်းသား တန်းတူရေးအတွက် အထောက်အကူပြုရန် မွန်လူငယ်များနေ့ပြုလုပ်

တိုင်းရင်းသား တန်းတူရေးအတွက် အထောက်အကူပြုရန် မွန်လူငယ်များနေ့ပြုလုပ်

520

ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား

တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အား အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကျင်းပသည့် သတ္တမအကြိမ်မြောက် မွန်လူငယ်များနေ့(ဗဟို) အခမ်းအနားကို ကရင်ပြည်နယ် ဖားအံမြို့နယ်၊ သံလှယ်ရွာ၌ ယနေ့ (ဒီဇင်ဘာ ၂၈ရက်) ပြုလုပ်ခဲ့ကြ သည်။

မွန်လူငယ်များနေ့ကို ၂၀၁၂ ခုနှစ်မှ စတင်၍ နှစ်စဉ်ဒီဇင်ဘာလ ၂၈ရက်နေ့ရောက်တိုင်း အစဉ်အလာမပျက် ကျင်းပလာခဲ့ကြခြင်း ဖြစ်ပြီး ထိုသို့ကျင်းပရခြင်းနှင့်ပတ်သက်၍ ပွဲကျင်းပရေးကော်မတီဝင်တစ်ဦးဖြစ်သူ မင်းဇာနည်ဦးက ယခုလိုပြောသည်။

၎င်းက “အဓိကတော့ မွန်လူငယ်အချင်းချင်း သွေးစည်းညီညွတ်ပြီး စည်းလုံးမှုကိုတည်ဆောက်ဖို့၊ နောက်တစ်ခုက လူငယ်တွေ ရဲ့အခန်းကဏ္ဍပေါ့။ ဥပမာ-ခေါင်းဆောင်ကြီးတွေကြိုးပမ်းခဲ့တဲ့ တိုင်းရင်းသားတန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး အတွက် ကျနော်တို့ လူငယ်တွေကနေ ပန်းတိုင်ရောက်အောင် လက်ဆင့်ကမ်း လုပ်ဆောင်သွားနိုင်ဖို့ပါ”ဟု ပြောသည်။

ယနေ့ပြုလုပ်သော သတ္တမအကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားသို့ မွန်သံဃာတော်များ၊ ကရင်ပြည်နယ် မွန်တိုင်းရင်း သားရေးရာဝန်ကြီး မင်းတင်ဝင်း၊ မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အပါအဝင် ကရင်နှင့် မွန်ပြည်နယ်၊ ရန်ကုန်၊ တနင်္သာရီနှင့် ပဲခူးတိုင်းဒေသကြီးများရှိ မွန်လူမျိုးများ နေထိုင်သောမြို့နယ်များမှ လူငယ်ကိုယ်စားလှယ် များ စုစုပေါင်း လူဦးရေ တစ်သောင်းဝန်းကျင်ခန့် တက်ရောက်ဆင်နွှဲခဲ့ကြရာ လူငယ်များမှ ချီတက်အလေးပြုကြခြင်း၊ ဝန်ကြီး မင်းတင်ဝင်းနှင့် တာဝန်ရှိသူများမှ အခမ်းအနားမိန့်ခွန်း ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မွန်လူငယ်များနေ့ကို ၁၉၄၆ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် မော်လမြိုင်၌ ကျင်းပသည့် မွန်လူငယ်အစည်းအဝေးကို အစွဲပြုပြီး ၂၀၁၂ခုနှစ်၊ ရေးမြို့နယ်တွင် ကျင်းပသည့် တတိယအကြိမ် မွန်လူငယ်များ နှီးနှောဖလှယ်ပွဲတွင် ယင်းနေ့ကို မွန်လူငယ်များနေ့ အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပလာခဲ့သည့် မွန်လူငယ်များနေ့အခမ်းအနားကို ကရင်နှင့်မွန်ပြည်နယ်များတွင် ပထမအကြိမ် ကို ကြာအင်းဆိပ်ကြီးမြို့နယ်၌လည်းကောင်း၊ ဒုတိယအကြိမ်ကို ရေးမြို့နယ်၊ တတိယအကြိမ်ကို မုဒုံမြို့နယ်၊ စတုတ္ထအကြိမ်ကို ကော့ကရိတ်မြို့နယ်၊ ပဉ္စမအကြိမ်ကို သံဖြူဇရပ်မြို့နယ်နှင့် ဆဋ္ဌမအကြိမ်ကို ချောင်းဆုံမြို့နယ်တို့၌ အသီးသီး ကျင်းပခဲ့ကြ ကြောင်းလည်း သိရသည်။