Home သတင်း မြိုင်ကြီးငူဆရာတော်၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနား ကျင်းပပြီးစီး

မြိုင်ကြီးငူဆရာတော်၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနား ကျင်းပပြီးစီး

322

နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၏ အထင်ကရ ဆရာတော်ကြီးတစ်ပါးဖြစ်သည့် မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တ ဦးသုဇန၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနားကို လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ၌ ယမန်နေ့ (နိုဝင်ဘာလ (၂၇)ရက်) ည(၁၁)နာရီကျော်အချိန်တွင် ကျင်းပခဲ့သည်။

ယခင်လ အောက်တိုဘာလ ၁၃ရက် နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူသွားပြီဖြစ်သည့် ဆရာတော်၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်တော်ကို ၄၅ ရက်ကြာ ပူဇော်ခံပြီးနောက် ယမန်နေ့ညတွင် သိန်း၂၀၀ကျော် တန်ဖိုးရှိသည့် မီးရှူးမီးပန်းများ ဖောက်ကာ မီးပူဇော်ခဲ့ပြီး ရုပ်ကလာပ်တော်ကို မီးသဂြုင်္ိဟ်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့ဝင်များ အပါအဝင် အနယ်နယ်အရပ်ရပ်ရှိ အလွှာစုံ လူပရိဿတ်များ သောင်းချီလာရောက်ဖူးမြော်ခဲ့ကြသည်။

ဆရာတော်ဘုရားကြီး ဦးသုဇန၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနားတွင် ဇော်ဂျီပြဿဒ်ထမ်းပြိုင်ပွဲ နှင့် ဧယာဉ်ကျူး ပြိုင်ပွဲများ ပြုလုပ်ခဲ့ကာ ဆုရရှိသူများအား ဆုအသီးသီးချီးမြှင့် ခဲ့ကြသည့်အပြင် တေးဂီတဖျော်ဖြေပွဲများ၊ ဇာတ်သဘင်ပွဲများလည်း ထည့်သွင်းကျင်းပခဲ့သည်။

ဆရာတော်ကြီး၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနားကို တပည့်သံဃာတော်များနှင့် ဒါယကာ/ဒါယိကာများတို့က ဆရာတော်ကြီးအား နောက်ဆုံးဝန်ချတောင်းပန်လွှာ ဖတ်ကြားခြင်း၊ ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်အား ဈာပနကျင်းပရာသို့ ပင့်ဆောင်ခြင်း၊ ̔ ပစ္ဆိမ ဝန္ဒနာ ̕ ဂါထာတော်အား ဆရာတော်များက ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။

မြိုင်ကြီးငူဆရာတော်ဘုရားကြီး ဦးသုဇနသည် အောက်တိုဘာလ ၁၃ ရက်၊ ထိုင်းစံတော်ချိန် ည ၉ နာရီ ၁၂ မိနစ် အချိန်တွင် ဘန်ကောက်မြို့ ၊ Bumrungrad International Hospital ဆေးရုံကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ပြီး ပျံလွန်တော်မူသည့်အချိန်တွင် သက်တော် ၇၁ နှစ်၊ ဝါတော် ၅၁ ဝါရှိသည်။