“ကျနော့် စိတ်ထဲမှာကတော့ ဒီထက်ပိုသွားနိုင်ရမယ်။”
ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်းအလုပ်သမား မိဘနှစ်ပါးထံမှ မွေးဖွားလာခဲ့တဲ့ အသက် ၂၆ နှစ်အ ရွယ် ကရင်လက်ဝှေ့သမား စောဖိုးကျော် (ခေါ်) ဖေ့ချ်ကျော်ဟဲဟာ အသက် ၁ဝ နှစ်သား အရွယ်က တည်းက လက်ဝှေ့ထိုးသတ်မှုနဲ့ စတင်ထိတွေ့ခဲ့သူဖြစ်ပြီး အခုချိန်ထိ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး လက်ဝှေ့ စိန်ခေါ်ပွဲကြီးတွေဖြစ်ကြတဲ့ Supper Muay Thai နဲ့ Max Muay Thai အပါအဝင် အခြား လက်ဝှေ့စိန် ခေါ်ပွဲတွေမှာ ဝင်ရောက်ထိုးသတ်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူဖြတ်သန်းလာခဲ့တဲ့ လက်ဝှေ့ လောကရဲ့ အချိုးအကွေ့ တစ်စေ့တစ်စောင်းကို စုစည်းဖော်ပြလိုက်ပါတယ်။
ကေအိုင်စီ ။ ။လက်ဝှေ့ စထိုးသတ်ဖြစ်လာရတဲ့ အကြောင်းအရင်းကို ပြောပြပေးပါ။
လက်ဝှေ့မထိုးခင်ကတည်းကတော့ ကျနော်နွားကျောင်းတယ်ပေါ့နော်။ အဲဒီမှာ လက်ဝှေ့သမားတွေက ပြေးလွှားကြတာ၊ လေ့ကျင့်မှုတွေလုပ်တာ ကျနော့်အိမ်နဲ့ နီးတယ်။ အဲဒီမှာ နေ့တိုင်းပဲ ကျနော်သွား ကြည့်တယ်။ ဆရာက တွေ့တော့ မေးတယ်။ မင်းထိုးမလား၊ မင်းကို နေ့တိုင်းတွေ့တဲ့အခါကျတော့ မင်းထိုးဖို့ ဝါသနာရှိသလားပေါ့။ ကျနော်လည်းပဲ ပါတယ်ပေါ့။ အဲဒီကနေစပြီး ကျနော်ကိုခေါ်ပြီး သူ့က လပ်ထဲကို သွင်းလိုက်တယ်။ ကျနော် စထိုးတာကတော့ အသက် ၁ဝ နှစ်ရှိပါတယ်။ တစ်ပွဲနှစ်ပွဲ စထိုး တာတော့ နိုင်တယ်။ ကျနော့်ဆရာက ထိုင်းလူမျိုးပါ။ ဆရာက ကျနော့်အိမ်ဘေးမှာပဲ နေတယ်။
မေး ။ ။ လက်ဝှေ့အမျိုးအစား ဘယ်နှစ်မျိုး ထိုးသတ်ဖူးပါသလဲ။
ကျနော် စထိုးတာက မွေထိုင်းပါ။ အချိန်အတော်ကြာထိုးခဲ့ပါတယ်။ နောက် မြန်မာ့လက်ဝှေ့ထိုးတယ်။ ထိုင်းလိုခေါ်ရင် “မွေခတ်ချုယတ်”ပေါ့။ ကျနော်အသက် ဆယ်ကျော် သက်အရွယ်မှာ အဲဒီနှစ်မျိုးပဲ ထိုးတယ်။ အရင်က ကျနော့်လက်ဝှေ့ကလပ်က မယ်ပ (မဲဆောက်)မှာ ပဲရှိပါတယ်။ ကလပ်မှာ လက်ဝှေ့သမားတွေမရှိတော့ ကလပ်လည်း ပျက်သွားတာတော့ ကျနော့်ဆရာ့က ဘန်ကောက် ခေါ်သွားတယ်။ ဘန်ကောက်မှာ လုပ်တဲ့ပွဲကို ကျနော်သွားထိုးတယ်ပေါ့နော်။ ဘန်ကောက်မှာ ထိုးတာ နိုင်တာလည်း ရှိပါတယ်။ ရှုံးတာလည်း ရှိပါတယ်။
နောက်ပြီး Boxing လက်ဝှေ့သမားတွေလည်း ကျနော်တို့ကလပ်မှာ လာပြီးလေ့ကျင့်တယ်။ နေရာ လာငှားတယ်ပေါ့။ အဲဒီမှာ Boxing ကလပ်က တပည့်တစ်ယောက်ကို တည်ထိုးခိုင်းတယ်။ အဲဒီမှာ ကျနော်နိုင်သွားတဲ့အခါကျတော့ သူ့တို့ကလပ်ထဲကို ခေါ်ထည့်လိုက်ပါတယ်။
မေး။ ။ ဘယ်ကီလိုတန်းနဲ့ ဘယ်လက်ဝှေ့အမျိုးအစားကို ထိုးတာများလဲ။
ကျနော်ထိုးတဲ့ ကီလိုတန်းကတော့ ၅၁ ကီလိုလည်းရှိတယ်။ ၅၂ ကီလိုလည်းရှိတယ်။ ၅၃၊ ၅၄ ကီလိုလည်းရှိပါတယ်။ Boxing မှာတော့ ၅၁ ကီလိုတန်းမှာ ကျနော်ထိုးပါတယ်။ မွေ ထိုင်း၊ မွေခတ်ချုယတ်ကတော့ ၅၄ ကီလိုတန်းမှာ ထိုးပါတယ်။ အဆင့်နဲ့ ပြောရင် အလယ်အ လတ်အဆင့်နဲ့ ထိုးတယ်ပေါ့။ မြန်မာနိုင်ငံ ကိုယ်စားပြု ထိုးဖူးသလို၊ ထိုင်းနိုင်ငံ ကိုယ်စားပြုလည်း ထိုးဖူးပါတယ်။ Boxing ထိုးတုန်းကဆိုရင် ထိုင်းနိုင်ငံ ကိုယ်စားပြုပြီး ကျနော်ထိုးပါတယ်။ Boxing ထိုးတုန်းကဆို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နဲ့ ထိုးပါတယ်။ ကျနော် ခါးပတ် နှစ်ခုတောင်ရပါတယ်။ အဲဒါက ထိုင်းနိုင်ငံ ကိုယ်စားပြုထိုးတုန်းကပေါ့။ အဲဒီခါးပတ်နှစ်ခုက အာဆီယံ ခါးပတ်ပေါ့နော်။ မွေထိုင်းကို ပြန်ထိုးတဲ့အခါကျတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပြန်ထိုးပါတယ်။
ကေအိုင်စီ ။ ။ လက်ဝှေ့ပွဲ တစ်ပွဲကို မထိုးသတ်ခင်မှာ ဘယ်လိုလေ့ကျင့်ယူရပြီး ဘယ်လို နေထိုင်စားသောက်ရပါသလဲ။
လက်ဝှေ့သမားဆိုတာ အမှန်က ကိုယ့်တာဝန် ကိုယ်သိရပါတယ်။ အိပ်ရာ ထရမယ့်အချိန်က ထရမယ်။ လေ့ကျင့်ရမယ့်အချိန်က လေ့ကျင့်ယူရမယ်။ အိပ်ရမယ့် အချိန်က အိပ်ရမယ်ပေါ့။ အစားအသောက် ပိုင်းမှာကတော့ အများတွေ စားသောက်သလိုပဲ စားသောက်ရမှာပေါ့။ ထမင်းကိုလည်း ရိုးရိုးပဲ စားရမယ်။ လေ့ကျင့်မှုအပိုင်းတော့ မနက်၊ ညနေ ထရိန်နင်ပုံမှန်ဆင်းရတယ်။ ကျနော်လက်ဝှေ့ထို်း တာလည်း အရမ်းကြီး နာမည်ကြီးတာမဟုတ်ဘူးပေါ့နော်။ အလယ်အလတ်အဆင့်ပဲရှိ သေးတယ်။ ကျနော့်စိတ်ထဲမှာကတော့ ဒီထက် ပိုသွားနိုင်ရမယ်။
ကေအိုင်စီ ။ ။ ဒီအတောအတွင်းမှာ ဆက်လက်ထိုးသတ်ရမဲ့ ဘာပွဲစဉ်တွေ ရှိသလဲ။
အခုကတော့ ကျနော့် ပတ်စ်ပို့ကို စောင့်နေပါတယ်။ ပတ်စ်ပို့သက် တမ်းကုန်ရင် သက် တမ်းထပ်တိုး ပြီးတော့ ဘန်ကောက်ကို တက်သွားပါမယ်။ ထိုးရမဲ့ ပွဲတွေကတော့ လာမဲ့ ကရင်နှစ်သစ် ကူးပွဲတော်မှာ မြန်မာပြည်ကို ပြန်ပြီးထိုးသတ်ရမယ်။ ကျနော့်အဖေရွာ ကော့ကရိတ်မှာပါ။ ဘယ်သူနဲ့ ထိုးသတ်ရမ လဲဆိုတာက ကျနော် မသိရသေးဘူး။ ကျန်တဲ့ ပွဲစဉ်တွေကတော့ ကျနော်ဘန်ကောက်ကို ရောက်မှ သိရှိရမှာဖြစ်ပါတယ်။ ထရိန်နင်တွေအပြည့်အဝရှိမှ ကျနော်စိန်ခေါ်ထိုးသတ်သွားမယ်။ ကျနော်ထရိန်နင် အပြည့်မရှိရင် မစိန်ခေါ်ထိုးရဲဘူးပေါ့။ အားမရှိပဲ ထိုးရင် အကဲ့ရဲ့ခံရလိမ့်မယ်။
ကေအိုင်စီ ။ ကရင် လူငယ်တွေကို ဘာစကားလက်ဆောင်ပြောချင်သလဲ။
အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ ဘောလုံးကန်တာပဲဖြစ်ဖြစ်၊ လက်ဝှေ့ထိုးတာပဲဖြစ်ဖြစ် ကြိုးစားကြပါ။ မောပန်းမယ်ဆိုရင် အနားယူပါ။ အမောပြေသွားရင် ဆက်လုပ်ပါ။ အခက်အခဲ အကြပ်အတည်း ဘယ်လောက် ရင်ဆိုင်ကြုံတွေ့နေရပါစေ လွယ်လွယ်လေးနဲ့ အရှုံးမပေးပါနဲ့။ ကြိုးစားပြီး ဆက်လက်တက်လှမ်းပါ။ တစ်နေ့ဆိုရင် ဒို့အတွက်ပါပဲ။