Home ဆောင်းပါး ပျော်ပျော်ရွှင်ရွှင် ကရင်စာကိုသင်

ပျော်ပျော်ရွှင်ရွှင် ကရင်စာကိုသင်

894

စောထွန်းလင်း
စက်တင်ဘာ ၂၉၊ ၂၀၁၈ခုနှစ်။

“အိုး… ကျွန်ုပ် ကရင်အမျိုးသားအပေါင်းတို့ … အကောင်းဆုံးသူ အသင့်အား ကျွန်ုပ်အလွန် ချစ်ခင်မြတ်နိုးပါ၏။ အသင်သည် ဖြောင့်မတ်ခြင်းကို မြတ်နိုးတတ်၏။ ဧည့်ဝတ်ကျေပွန်တတ်သူလည်း ဖြစ်ပါ၏။ သင်၏ ကောင်းခြင်းအဖြာဖြာကို ကျွန်ုပ် ချစ်ခင် မြတ်နိုးလှပါပေသည်။”

ယင်းသို့ အဓိပ္ပါယ်ရသည့် ကရင့်အမျိုးသားသီချင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မြောက်လွှတ်ကုန်းကျေးရွာ၊ မူလတန်းကျောင်း၌ စက်တင်ဘာ ၂၅ရက်နေ့၊ ကရင်စာသင်ကြားရေး စတင်ချိန်တွင် ကျောင်းသူကျောင်းသား ၅၀ကျော်က စကောကရင်ဘာသာဖြင့် အားပါးတရ ပျော်ရွှင်စွာ သီဆိုနေသည်ကို ကြက်သီးထဖွယ် တွေ့ရသည်။

ထန်းတပင်မြို့နယ်၊ မြောက်လွှတ်ကုန်းကျေးရွာအုပ်စုသည် မှော်ဘီနှင့် ထန်းတပင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် လမ်းမ ဘေးတွင် တည်ရှိကာ အိမ်ခြေ တစ်ရာကျော်ခန့်ရှိပြီး ကရင်လူမျိုး သုံးပုံနှစ်ပုံခန့် နေထိုင်သည့် ကျေးရွာဖြစ်သည်။ လယ်ယာနှင့် ပန်း စိုက်ပျိုးခြင်းကို အဓိက လုပ်ကိုင်သည့် ကျေးရွာဖြစ်သည်။

၎င်းကျေးရွာတွင် မူလတန်းကျောင်းတစ်ကျောင်းရှိပြီး အနီးအနားရှိ သဲကုန်း၊ ဖက်ဝင်းကုန်း၊ ချမ်းသာကုန်း စသည့်ကျေးရွာများမှ ကျောင်းသူကျောင်းသားလေးများပါ ကျောင်းလာတက်ကြရာ စုစုပေါင်း ကျောင်းသား ၁၁၀ဦးရှိပြီး စကောကရင်စာကို KG တန်း တွင် ၂၈ဦး၊ ပထမတန်းတွင် ၂၀ဦး၊ ဒုတိယတန်းတွင် ၂၄ဦးနှင့် တတိယတန်းတွင် ၁၈ဦး သင်ကြားလျက်ရှိသည်ဟု ကျောင်းအုပ် ဆရာကြီး စောဂေါကြီးက ပြောသည်။

အဆိုပါကျောင်းသည် နံနက် ၉နာရီမှ ၃နာရီထိ ကျောင်းချိန်သတ်မှတ်ထားပြီး ကျောင်းနောက်ဆုံးချိန် မွန်းလွဲ ပိုင်း ၂နာရီခွဲမှ ၃နာရီထိ ကျောင်းဖွင့်ရက်တိုင်း ကရင်စာသင်ချိန်အဖြစ် သတ်မှတ်ထားကာ မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက စီစဉ်ပေးသည့် ရွာရှိ ကရင်စာသင်ဆရာမနှစ်ဦးက တာဝန်ယူသင်ကြားပေးနေခြင်းဖြစ်သည်။

“ငယ်ငယ်က အိမ်မှာကရင်စကားပြောတော့ ကရင်စကားကိုပြောတတ်လာတယ်။ ကရင်စာကို ကောင်းကောင်း မသင်ခဲ့ရဘူး။ ကိုယ့်ဖာသာကိုယ် ပြန်လေ့လာသင်ယူခဲ့ရတယ်။ နောက်ပိုင်း ရွာကလူငယ်တွေပါ ကရင်စကားပြောတာ နည်းသွားတယ်။ အခု လို ပြန်သင်ခွင့်ရတော့ ကျောင်းသားမိဘတွေကလည်း အားတက်သရော ခွင့်ပြုတယ်။ ကျောင်းအုပ်ဆရာကြီးကလည်း ကိုယ့် ကရင်လူမျိုးပဲဆိုတော့ သင်ရတာ ဘာအခက်အခဲမှ မရှိဘူး”ဟု KG တန်း ကရင်စာသင်ဆရာမ နော်မေဝင်းမောင်က ကေအိုင်စီ သို့ ပြောသည်။

ယခုလို ကရင်စာသင်ကြားရေးအတွက် ပြဌာန်းစာအုပ်ကို အခြေခံပညာ ဦးစီးဌာနက ဖြန့်ဝေပေးသော်လည်း ကျောင်းသားတစ် ဦးစီတိုင်း တစ်အုပ်စီ မရရှိသည့်အတွက် ကျောင်းသားများကို ဖတ်စာအုပ်မထုတ်ပေးတော့ဘဲ ကရင်စာသင်ချိန်မှသာ ဖတ်စာ အုပ်များ ဝေပေးကာ သင်ကြားသလို ရောင်စုံ ရုပ်ပုံများဆွဲပြီး ကရင်-ဗမာ-အင်္ဂလိပ် စာများဖြင့် ရုပ်ပုံများကို ရှင်းလင်းသင်ကြား ပေးလျက်ရှိသည်ဟု သုံးနှစ် ဆက်တိုက် ကရင်စာသင်လာခဲ့သူ ဆရာမ နော်သဲယုအေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရ အခြေခံပညာကျောင်းများတွင် ကရင်စာသင်ကျောင်း ၂၉၀ရှိပြီး ဆရာ၊ ဆရာမ ၄၇၉ဦး ရှိ ကာ သင်ကြားသည့် ကျောင်းသူကျောင်းသား ၁၅,၇၈၉ဦးရှိသည်။ သို့သော်သင်ကြားရေးတွင် အဆင်ပြေလွယ်ကူသည့် အခြေ အနေ မရှိသေးဟု ဆိုနိုင်သည်။

ကရင်စာသင်သည့်အတွက် ပုံမှန် ကျောင်းသင် ဘာသာရပ်များတွင် အားနည်းသွားမည်ကို စိုးရိမ်သည့် ကရင်ကျောင်းသားမိဘ အချို့ရှိသလို တချို့ ကျောင်းအုပ်ဆရာ၊ ဆရာမ များက မလိုလားသည့် အခြေအနေမျိုးကို လည်း ကြုံတွေ့ခဲ့ရသည်ဟု တိုင်းစာ/ ယဉ် တာဝန်ရှိသူများထံမှ သိရသည်။

ထို့အပြင် ဖတ်စာအုပ် အချိန်မှီမရရှိခြင်း၊ ရရှိသော်လည်း လုံလောက်မှုမရှိခြင်းနှင့် ကရင်စာသင်ဆရာ၊ ဆရာမများကို တစ်လ ကျပ်သုံးသောင်း ချီးမြှင့်ရာတွင်လည်း လစဉ်မဟုတ်ဘဲ ပညာသင်နှစ်ပြီးမှ စုပေါင်းထုတ်ပေးခြင်းမျိုးဖြစ်ကာ အဆိုပါ ကျပ်သုံး သောင်းမှာ မျက်မှောက်ကာလတွင် ဆန်ကြမ်း တစ်အိတ်ဖိုးခန့်ပင် မရှိတော့သည့် အခြေအနေမျိုး ဖြစ်နေသည်။

“ရန်ကုန်တောင်ပိုင်း ခရိုင်မှာ ကရင်စာသင်ကြားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆရာ၊ ဆရာမတွေနဲ့ စာ/ယဉ် တာဝန်ရှိသူ တွေ အစည်းအဝေးလုပ်ဖို့ စီစဉ်နေတယ်။ အခြေအနေအမှန်ကိုပြောရရင် တစ်လ သုံးသောင်းကျပ်က ကရင်စာသင် ဆရာ၊ ဆရာမတွေကို ဆက်ထိန်းဖို့ ခက်နေတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၏ ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဌ မန်းမြင့် စိန်က ကေအိုင်စီသို့ ပြောသည်။

ကရင်စာသင်ကြားရေး သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျင် ကိုလိုနီခေတ် ၁၉၁၂ခုနှစ်တွင် ကရင်တိုင်းရင်းသားဘာသာ ကျောင်းများတွင် ကရင်စာကို ၄တန်းအထိ သင်ကြားခွင့်ရခဲ့သည်။ ၁၉၂၄ခုနှစ်တွင်မူ ၇တန်းအထိ သင်ယူနိုင်ခဲ့လို ၁၉၂၆ခုနှစ် တွင်မူ ၁၀တန်းထိ ကရင်စာသင်ကျောင်း သုံးကျောင်းရှိခဲ့ပြီး ဒေသအများအပြားတွင် ကရင်စာသင် အလယ်တန်းကျောင်းများ ပေါ်ပေါက်လာခဲ့သည်။

၁၉၃၆ခုနှစ်တွင်မူ တစ်ပြည်လုံးရှိ ကရင်ကျောင်းသားများသည် ၁၀ တန်းအထိ ကရင်ဘာသာဖြင့် စာမေးပွဲဖြေဆို ခွင့်ရရှိခဲ့ပြီး ယုဒသန်ကောလိပ်တွင် ကရင်ကျောင်းသားအများစုရှိသည့်အတွက် ကရင်ကောလိပ်ဟု အမည်တွင် ခဲ့ဖူးသည်။ လွတ်လပ်ရေးရ ပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ကျောင်းများကို ပြည်သူပိုင် သိမ်းခဲ့သည့်အတွက် ကရင်ကျောင်း များ ပျောက်ကွယ်သွားခဲ့ရသည်။

ထို့နောက် မူလတန်းအောက်အဆင့် သူငယ်တန်းမှ ဒုတိယတန်းအထိ ကျောင်းချိန် ကျောင်းချိန်ပြင်ပတွင် ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားကို သင်ယူခွင့်ရှိသည်ဟု ယခင်အစိုးရလက်ထက် ၂၀၁၂ခုနှစ်၊ နှစ်လည်ပိုင်းတွင် ပညာရေးဝန်ကြီးဌာနက ပြည်သူ့ လွှတ်တော်တွင် ပြောဆိုခဲ့ပြီးနောက် တကျော့ပြန် သင်ကြားခဲ့ခြင်း ဖြစ်သည်။

ကရင်စာကို ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် မြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် မြို့နယ် ပညာ ရေးမှူးတို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၁၃ခုနှစ်က စတင်သင်ကြားခဲ့ရာမှ တဖြည်းဖြည်း ကရင်လူမျိုး အများစုနေထိုင်သည့် ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်းရှိ ကျောင်းများတွင် သင်ကြားလာခဲ့ခြင်း ဖြစ်သည်။

ယခုလို အစိုးရကျောင်းများတွင် သင်ကြားရာ၌ သင်ကြားရေး မူဝါဒပိုင်း တိတိကျကျ မရှိခြင်း၊ သင်ရိုးညွှန်းတမ်း တပြေးညီ မရှိ ခြင်း၊ ကရင်ကျောင်းသားများရှိသော်လည်း ကရင်စာသင်မည့်ဆရာ မရှိခြင်း၊ နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာခဲ့သည့် မိဘအ ချို့က မိမိတို့သားသမီးများ ကရင်စာသင်ကြားရေးအပေါ် တက်ကြွမှုမရှိခြင်း စသဖြင့် အခက်အခဲ အမျိုးမျိုး ရှိခဲ့သည်။

လက်ရှိတွင် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် စာ/ယဉ်ကော်မတီများ စုပေါင်းကာ ကရင်စာ သင်ရိုးများ တပြေးညီ ပေါ်ထွက်ရန် ရေးဆွဲရေးကော်မတီများ ဖွဲ့စည်းလုပ်ဆောင်နေပြီး ဖြစ်သလို ယခင်နှစ်မှစတင်ကာ တိုင်းရင်း သားဘာသာသင် ဆရာ၊ဆရာမများကို(TA)များ တရားဝင် ခေါ်ယူခန့်အပ်ခဲ့သည်ကို တွေ့ရပြီး ယခုနှစ်တွင်လည်း ထပ်မံ ခန့်အပ် ရန် လျှောက်လွှာများခေါ်ယူထားပြီး ဖြစ်သည်။

ထန်းတပင်မြို့နယ်၊ မြောက်လွှတ်ကုန်း ကျေးရွာမူလတန်းကျောင်းတွင်မူ စကောကရင်စာကို ယခုနှစ် အပါအဝင် သုံးနှစ် ဆက် သင်ကြားနိုင်ခဲ့သည်။ ယခင်နှစ်များက ဆရာမတစ်ဦးသာ ထားရှိခဲ့သော်လည်း ကျောင်းသားများလာသည့်အတွက် ယခုနှစ်တွင် မူ ကရင်စာသင် ဆရာမ နှစ်ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။

“ကျနော့်ကျောင်းမှာ အမှန်ကတော့ ကရင်စာကို မနက်ပိုင်းသင်ပေးချင်တာ၊ ဒါပေမဲ့ တခြားရွာက ကလေးတွေ ကျောင်းလာတာ အစောကြီးဖြစ်နေတော့ ကျောင်းဆင်းခါနီးအချိန်ဘဲ အဆင်ပြေသွားတယ်။ ဒီနှစ်တော့ ပထမတန်းကနေ သုံးတန်းထိပေါ့။ စာမေး ပွဲ စစ်ပြီး ကရင်စာ ထူးချွန်တဲ့ကလေးတွေကို ဆုပေးဖို့ စီစဉ်ထားတယ်”ဟု နေပူရှိန်ကြောင့် စွပ်ကျယ်အင်္ကျီကိုသာ ဝတ်ဆင်ထား သော ဂုဏ်ပကာသနကင်းစွာ နေတတ်သူ ကျောင်းအုပ်ဆရာကြီး စောဂေါ်ကြီးက ကေအိုင်စီသို့ ပြောသည်။

မြောက်လွှတ်ကုန်ရွာ ကျောင်း၌ ကရင်စာသင်ကြားရာတွင် KG တန်းကို သီးသန့်သင်ပြီး စာမသင်သေးဘဲ သီချင်းနှင့် ကဗျာကို သာ သင်ပေးနေသည်ကို တွေ့ရသည်။ ကျန်အတန်းများကို စုပေါင်းသင်ကြားနေပြီး ဖတ်စာအုပ်များ၊ သင်ထောက်ကူ ရုပ်ပုံကား ချပ်များကို အသုံးပြုကာ သင်ကြားပေးနေသည်ကို တွေ့ရသည်။

ကျောင်းဆင်းချိန်နှင့် ကပ်လျက် မွန်းလွဲပိုင်း ၂း၃၀နာရီမှ ၃း၀၀နာရီအထိ နာရီဝက်သာ ကရင်စာသင်ကြားချိန် ရှိသော်လည်း ချစ် စရာ ကျောင်းသူကျောင်းသားလေးများက ပျော်ပျော်ရွှင်ရွှင် သင်ယူနေကြသည်ကို တွေ့ရသည်။ အလားတူ သင်ကြားချိန်တွင် ငြိမ်ငြိမ်နေပေးရန် ဆရာမက မကြာခဏ အော်ဟစ် ပြောဆိုနေရသလို KG တန်းတွင်မူ ကလေးများကို မနည်း ထိန်းကျောင်းနေ ရပြီး သူကိုယ်တိုင် ရွတ်ဆိုပေးသည့် ကရင်သီချင်းများကို ကလေးများကလည်း သံကုန်အော်ဟစ်ကာ လိုက်ဆိုနေသဖြင့် ကျောင်းဆောင်တစ်ခုလုံးမှာ ညံစီနေသည်။

“သူတို့ကို မနည်းထိန်းရတယ်။ တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်တိုက် လိုက်ဆိုတာပဲ။ KG တန်းဆိုတော့ ဆော့တဲ့ အရွယ်လေးတွေ၊ သီချင်းတွေတော့ သူတို့ ကောင်းကောင်းရနေပြီး။”ဟု နဖူးမှချွေးစက်များကိုသုတ်ရင်း ဆရာမ နော်မေဝင်းမောင်က ဆိုသည်။

အလားတူ ကျန်ကရင်စာသင်အတန်းတွင်လည်း ဆရာမဖြစ်သူက ကွက်လပ်ဖြည့်ခိုင်းသည့် သင်ခန်းစာကို ကျောင်းသူကျောင်း သားလေးများက ပြီးစီးခြင်းရှိမရှိ ဆရာမက လိုက်စစ်နေပြီး ကလေးများက ၎င်းတို့၏ လေ့ကျင့်ခန်းစာအုပ်ကို ဆရာမထံ အလုအ ယက် ပြသနေသည်ကို တွေ့ရသည်မှာ မြောက်လွှတ်ကုန်း မူလတန်းကျောင်းရှိ ကရင်ကျောင်းသူကျောင်းသားများ ပျော်ပျော်ရွှင် ရွှင် ကရင်စာ သင်ယူနေကြသည့် မြင်ကွင်းကောင်းလေးတစ်ခုပင် ဖြစ်ပေတော့သည်။