Home သတင်း ကရင်အာဇာနည်နေ့ ဦးဆောင် ကျင်းပသူ ၄ဦးအား ဆက်လက်တရားစွဲဆိုမည်ဟု အုပ်ချုပ်ရေးမှူးပြော

ကရင်အာဇာနည်နေ့ ဦးဆောင် ကျင်းပသူ ၄ဦးအား ဆက်လက်တရားစွဲဆိုမည်ဟု အုပ်ချုပ်ရေးမှူးပြော

2207
( ဟင်္သာတ ကရင့်အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့စဉ်)

စက်တင်ဘာ ၂၁ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ဟင်္သာတမြို့နယ်၊ ကရင်ပြည်သူ့ပါတီ (KPP) ရုံး၌ သြဂုတ်လ ၁၂ရက်နေ့က ကျင်းပခဲ့သည့် (၆၈) ကြိမ် မြောက် ကရင်အာဇာနည်နေ့ကို ဦးဆောင်ကျင်းပသူ ၄ ဦးအား ရပ်ကျေးဥပဒေ ပုဒ်မ ၂၆ ဖြင့် ဆက်လက်တ ရားစွဲဆိုသွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ယနေ့ (စက်တင်ဘာလ ၂၁ရက်) ကေအိုင်စီသို့ အတည်ပြုပြောကြားသည်။

အဆိုပါ အခမ်းအနား ဦးဆောင်ကျင်းပသူများအား ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပပြီးနောက် သြဂုတ်လ ၁၃ ရက်နေ့တွင် ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ခေါ်ယူတွေ့ဆုံခဲ့ပြီး အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်ခဲ့ရာမှ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပြီးနောက် သြဂုတ်လ ၁၇ရက်နေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ဆက်လက် တရားစွဲဆိုရန် ညွှန်ကြားစာရောက်ရှိခဲ့ခြင်း ဖြစ်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “ တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ လုပ်တာ ဟုတ်ပါတယ်ခင်ဗျ။ ကျနော် တို့က ဥပဒေ အကြံဥာဏ်တောင်းတာ။ တိုင်းဥပဒေဆီ ရောက်သွားတော့မှ ဘာနဲ့ အရေးယူရမယ်ဆိုတာ စာပြန်ကျလာတာ။ ရပ်ကျေးဥပဒေ ဖြစ်တဲ့အတွက် ရပ်ကျေးက တရားစွဲမှာ။ ရပ်ကျေးကို တရားစွဲဖို့ ကျ နော်တို့ ညွှန်ကြားပြီးပါပြီ ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခင် အရေးယူဆောင်ရွက်ရန် အကြောင်းကြားစာတွင် ဦးဆောင်ကျင်းပသူ ၅ ဦးဖြစ်သည့် မြို့နယ် ကရင် ပြည်သူ့ပါတီ ဥက္ကဌ စောကျော်ကြီး အပါအဝင် စောသန်းထွန်းသန်း၊ စောခူရှီးထူး၊ စောအောင်မွန်စိုး နှင့် KNU-ကရင်အမျိုးသားအစည်းအရုံး မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ(ဗဟို) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်တို့အား တရားစွဲဆိုမည်ဖြစ်ပြီး ယခုအကြိမ်တွင် ပဒိုမန်းငြိမ်းမောင် မပါဝင်ဘဲ ကျန်လေးဦးကိုသာ တရားစွဲဆိုသွားမည်ဟု သိရပါသည်။

ယခု ဆက်လက်အရေးယူ တရားစွဲဆိုရာတွင် ပဒိုမန်းငြိမ်းမောင် မပါဝင်တော့သည့်ကိစ္စအပေါ် ဦးသန်းနိုင်က “ ဦးဆောင်ပွဲကျင်းပတဲ့သူပဲ တရားစွဲဆိုသွားမှာပါ ။ နဂိုကတည်းက ပွဲလုပ်မယ်ဆိုပြီးတော့ စာတင်တဲ့သူ တွေပဲပါတာ။ ပွဲလုပ်မယ်ဆိုပြီးတော့ စာတင်တာ ပဒိုမန်းငြိမ်းမောင် နာမည်မပါဘူး။ ဆက်လက် အရေး ယူမှာ ပဒိုမန်းငြိမ်းမောင်တော့ မပါပါဘူး။”ဟု ပြောသည်။

အဆိုပါ အခမ်းအနားကျင်းပရာတွင် ပညာရည်ချွန်ဆုပေးပွဲနှင့် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ပြု လုပ်မည်ဟု စာတင်ခဲ့ပြီး ပွဲမိန့်တောင်းခံရာတွင် မပါရှိသည့် ကရင်အာဇာနည်နေ့ အခမ်းအနားနှင့် မြို့နယ်အ လိုက် လွမ်းသူ့ပန်းခွေချခြင်းအား ထည့်သွင်းကျင်းပခဲ့ခြင်းကြောင့် သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ လိုက်နာမှု မရှိသည့်အတွက် ဥပဒေနှင့်အညီ ဆက်လက်အရေးယူရခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

အခမ်းအနားဦးဆောင်ကျင်းပသူများထဲမှ အရေးယူခြင်း ခံရမည့်သူ တစ်ဦးဖြစ်သည့် စောကျော်ကြီးက “ တ ရားစွဲမယ်ဆိုလည်း ဆက်ပြီး စွဲပေါ့။ ကျနော်တို့က ပြစ်မှုတစ်ခုကို ပြုလုပ်တာမဟုတ်ဘူး။ ကိုယ့်ကရင် တစ် မျိုးသားလုံးအတွက် တာဝန်ရှိတာ ဆောင်ရွက်တဲ့အတွက် သူတို့တရားစွဲရင်လည်း တရားရင်ဆိုင်မယ် ” ဟု ပြောသည်။

ကရင်အာဇာနည်နေ့ အခမ်းအနားကို ဟင်္သာတမြို့နယ်တွင် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ကရင်အမျိုးသားသီချင်း သီဆိုခြင်း၊ ကရင်အလံတော်အား အလေးပြုခြင်း၊ စောဘဦးကြီးနှင့်တကွ ကျဆုံး လေပြီးသော ကရင့်အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ မြို့နယ်အလိုက် ပန်းခွေချခြင်း ၊ ဟော ပြောခြင်းများအပြင် ကရင်ရိုးရာ လက်ချည်ပွဲကိုပါ ပူးတွဲ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။