Home သတင်း အ‌မေရိကန်နိုင်ငံလုံးဆိုင်ရာ ဒုံးပြိုင်ပွဲပြီးစီး တက္ကဆက်ဒုံးအဖွဲ့ ပထမ ဆွတ်ခူး

အ‌မေရိကန်နိုင်ငံလုံးဆိုင်ရာ ဒုံးပြိုင်ပွဲပြီးစီး တက္ကဆက်ဒုံးအဖွဲ့ ပထမ ဆွတ်ခူး

2693

ဩဂုတ် ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

အ‌မေရိကန် ပြည်‌ထောင်စု ကရင်ယဉ်‌ကျေးမှုအသင်း -Karen Culture Organization of USA (KCOUSA)မှ ဦး‌ဆောင်ပြုလုပ်‌သော နိုင်ငံလုံးဆိုင်ရာ ၄ ကြိမ်‌မြောက် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ ‌အောင်မြင်စွာကျင်းပခဲ့ပြီး ပထမဆုကို KCOT USA (တက္ကဆက်ပြည်နယ် ကိုယ်စားပြုဒုံးအဖွဲ့) မှ ရရှိသွား‌ကြောင်း သိရသည်။

ယခုနှစ်အတွက် ဒုံးအကပြိုင်ပွဲများကို တက္ကဆက်ပြည်နယ် (Texas) ၊ Amarillo မြို့၌ ဩဂုတ်လ ၁ဝ ရက်မှ ၁၂ ရက်‌နေ့အထိ ပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲတွင် ဒုံး ၉ ဖွဲ့မှ စာရင်း‌ပေးခဲ့‌သော်လည်း ၅ ဖွဲ့သာ ဝင်‌ရောက် ယှဉ်ပြိုင်ခဲ့ ခြင်းလည်းဖြစ်သည်။

KCOUSA ဒု-အတွင်း‌ရေးမှူး ‌စောဖိုးထူးက “မပြိုင်ဖြစ်တဲ့ ပြည်နယ်တချို့မှာက ဒုံးကမယ့် လူငယ်‌တွေမရှိတာ၊ လူ မပြည့်တာလည်းပါတယ်။ ‌နောက်ပြီး အ‌မေရိကန်မှာ အမျိုးသား‌ရေးနဲ့ဆိုင်တဲ့ ပွဲတစ်ခုခုလုပ်လို့ရှိရင် ‌ဘောလုံးပွဲ ပါမှ ကရင်လူငယ်အများစု စိတ်ပါကြတယ်။ ရိုးရာယဉ်‌ကျေးမှုကို စိတ်ပါဝင်စားမှု အားနည်းလာတာ‌တွေ‌ကြောင့် လည်းဖြစ်တယ်”ဟု ဩဂုတ် ၁၄ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ကရင်လူငယ်များ အမျိုးသားယဉ်‌ကျေးမှု‌ရေးရာများတွင် ပူ‌ပေါင်းပါဝင်လာရန်လိုအပ်‌ကြောင်းနှင့် လူမျိုး တစ်မျိုး၏ ရိုးရာယဉ်‌ကျေးမှုကို ‌ဖော်ထုတ်ပြသသည့် ယခုလိုပွဲမျိုးကို ဆက်လက်ကျင်းပပြုလုပ်သွားနိုင်ရန် လို အပ်‌ကြောင်းလည်း ‌စောဖိုးထူးက ဆက်‌ပြောသည်။

ယမန်နှစ် ၂၀၁၇ ခုနှစ် ပြိုင်ပွဲတွင် ပြည်နယ် ၅ ပြည်နယ်မှ ဒုံးအဖွဲ့ ၇ ဖွဲ့ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး မီနီဆိုးတားပြည် နယ်မှ ပထမဆု ရရှိခဲ့ကာ လူဦး‌ရေ ၂,၀၀ဝ နီးပါး တက်‌ရောက်ဆင်နွှဲခဲ့‌ကြောင်း KCOUSA တာဝန်ရှိသူများထံမှ သိရသည်။

ယခုနှစ်တွင် အ‌မေရိကန်ပြည်‌ထောင်စု၊ နီဘရာစကာပြည်နယ်မှ KCCL၊ KCOO၊ KYLC၊ အာရီဇိုးနားပြည်နယ် မှ KCOA နှင့် တက္ကဆက်ပြည်နယ်မှ KCOT တို့က ဒုံးပြိုင်ပွဲဝင်‌ရောက်ယှဉ်ခဲ့ကြပြီး မီနီဆိုးတားပြည်နယ်၊ ယူးထာ (Utah)ပြည်နယ်၊ ‌ဆောက်ဒါခိုဒါ(South Dakota) ပြည်နယ်များမှာလည်း ‌ဖျော်‌ဖြေ‌ရေးနှင့် အခြား‌သောပြိုင်ပွဲ များတွင် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိရသည်။

သုံးရက်တာအတွင်း ဒုံးအက ပြိုင်ပွဲအပြင် ကရင်ဘာသာဖြင့် ဆု‌တောင်း ရာဓညာ‌တေးသီချင်း၊ အုပ်စုသီချင်း၊ ပန်းချီ၊ ကဗျာ၊ ကျပန်းစကား‌ပြောပြိုင်ပွဲ၊ သစ်သီးစုံပြပြိုင်ပွဲများပြုလုပ်ခဲ့ပြီး အ‌မေရိကန်‌ဒေါ်လာ ၁ ‌သောင်းနှင့် ညီမျှ‌သော ဆု‌ပေါင်း ၁၉ ဆု ချီးမြှင့်ခဲ့ကြ‌ကြောင်းလည်း KCOUSA တာဝန်ရှိသူများက ‌ပြောသည်။

ယခင်နှစ်များက ဒုံးအကနှင့်အခြား‌သောပြိုင်ပွဲများ၊ ချည်ဖြူဖွဲ့ အခမ်းအနားကို တွဲဖက်ပြုလုပ်ခဲ့ကြ‌သော်လည်း ယခုနှစ်၏ထူးခြားချက်မှာ ကရင်အာဇာနည်‌နေ့နှင့် အုပ်စုသီချင်းပြိုင်ပွဲ နှစ်မျိုးကို တိုးချဲ့ ထည့်သွင်းပြုလုပ်ခဲ့ပြီး လူဦး‌ရေ ၁,၀၀ဝ ‌ကျော် တက်‌ရောက်ဆင်နွှဲခဲ့‌ကြောင်း ‌စောဖိုးထူးက ‌ပြောသည်။

ကရင်စာ‌ပေနှင့် ရိုးရာယဉ်‌ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်၍ ပြည်နယ်အသီးသီးရှိ ကရင်ယဉ်‌ကျေးမှု အဖွဲ့ (KCO) ‌ပေါင်း ၁၂ ဖွဲ့မှ စု‌ပေါင်းကာ (KCOUSA) ကို ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အ‌မေရိကန် နိုင်ငံလုံးဆိုင်ရာ ကရင်ရိုးရာ ချည်ဖြူဖွဲ့နှင့် ဒုံးအကပြိုင်ပွဲများကို၂၀၁၅ ခုနှစ်မှ စတင်ကာ မီနီဆိုးတား ပြည်နယ်တွင် လည်း‌ကောင်း၊ ၂၀၁၆ ခုနှစ်တွင် တက္ကဆက်ပြည်နယ်နှင့် ၂၀၁၇ ၌ နီဘရာစကာပြည်နယ် တို့တွင်လည်း‌ကောင်း ကျင်းပခဲ့ကြပြီး ဖြစ်သည်။

အ‌မေရိကန်နိုင်ငံတွင် ကရင် လူဦး‌ရေ ၆၄,ဝဝဝ ‌ကျော်ရှိပြီး အများစုမှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း မှဖြစ်ကြကာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ တတိယနိုင်ငံ သွား‌ရောက်ခိုလှုံ‌နေထိုင်‌ရေး အစီအစဉ်ဖြင့် ၂ဝဝ၅ ခုနှစ်မှ စတင်‌ရောက်ရှိအ‌ခြေချ‌နေထိုင်‌နေကြသူများလည်း ဖြစ်သည်။