Home သတင်း အ‌မေရိကန်ရှိ ကရင်များ အာဇာနည်‌နေ့၊ လက်ချည်ပွဲနှင့် ဒုံးအကပြိုင်ပွဲ တပြိုင်တည်း ကျင်းပမည်

အ‌မေရိကန်ရှိ ကရင်များ အာဇာနည်‌နေ့၊ လက်ချည်ပွဲနှင့် ဒုံးအကပြိုင်ပွဲ တပြိုင်တည်း ကျင်းပမည်

3178

ဩဂုတ် ၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

အ‌မေရိကန် ပြည်‌ထောင်စု ကရင်ယဉ်‌ကျေးမှုအသင်း -Karen Culture Organization in USA (KCOUSA)မှ ဦး‌ဆောင်၍ အ‌မေရိကန်နိုင်ငံလုံးဆိုင်ရာ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲနှင့်အတူ ကရင်အာဇာနည်‌နေ့၊ ချည်ဖြူဖွဲ့ အခမ်းအနားတို့ကို တစ်‌နေရာတည်းတွင် ကျင်းပပြုလုပ်မည်ဖြစ်‌ကြောင်း KCOUSA ထံမှ သိရသည်။

(Texas) တက္ကဆက်ပြည်နယ်၊ Amarillo မြို့၌ ဩဂုတ်လ ၁ဝ ရက်မှ ၁၂ ရက်‌နေ့အထိ ၃ ရက်တာ ပြုလုပ်မည့် အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ KOUSA ဒု-အတွင်း‌ရေးမှူး ‌စောဖိုးထူးက ̏ ပြည်ပကို ‌ရောက်ရှိ‌နေ‌ပေမဲ့ ကျ‌နော်တို့ရဲ့ အမျိုးသား‌ရေးလက္ခဏာ‌တွေ၊ ယဉ်‌ကျေးမှု‌တွေကို မ‌မေ့‌ပျောက်ပဲ ထိန်းသိမ်းမြှင့်တင်သွားဖို့ ရည်ရွယ်ပါတယ်။˝ဟု ဩဂုတ် ၈ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လူငယ်များအ‌နေဖြင့် ပြိုင်ပွဲပုံစံ ပွဲကြီးများပြုလုပ်‌ပေးခြင်းဖြင့် ယဉ်‌ကျေးမှုဒုံးတွင် စိတ်ဝင်စားမှု ပိုများလာသည့်အပြင် အာဇာနည်‌နေ့နှင့် ချည်ဖြူဖွဲ့အခမ်းအနားများပြုလုပ်‌ပေးခြင်းဖြင့်လည်း ပံ့ပိုး ပူး‌ပေါင်းကူညီသူ ပိုများလာ‌ကြောင်းလည်း ‌စောဖိုးထူးက ဆက်‌ပြောသည်။

ဒုံးအကပြိုင်ပွဲတွင် အ‌မေရိကန် ပြည်နယ် ၉ ပြည်နယ်မှ ကိုယ်စားပြု ဒုံးအဖွဲ့ ၉ ဖွဲ့ဝင်‌ရောက်ယှဉ်ပြိုင်ရန် စာရင်း‌ပေးထားပြီး ၃ ရက်တာအတွင်း ကရင် ဘာသာဖြင့် အုပ်စုသီချင်း၊ ကျပန်းစကား‌ပြော ပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်‌ကြောင်း KCOUSA တာဝန်ရှိက ‌ပြောသည်။

အ‌မေရိကန်နိုင်ငံလုံးဆိုင်ရာ ကရင်ရိုးရာ ချည်ဖြူဖွဲ့နှင့် ဒုံးအကပြိုင်ပွဲအား ၂၀၁၅ ခုနှစ်မှ စတင်ကာ မီနီဆိုးတား ပြည်နယ်တွင်လည်း‌ကောင်း၊ ၂၀၁၆ ခုနှစ်တွင် တက္ကဆက်ပြည်နယ်နှင့် ၂၀၁၇ ၌ နီဘရာ စကာပြည်နယ်တို့တွင်လည်း‌ကောင်း ကျင်းပခဲ့ကြပြီး ဖြစ်သည်။

ကရင်စာ‌ပေနှင့် ရိုးရာယဉ်‌ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်၍ ပြည်နယ်အသီးသီးရှိ ကရင် ယဉ်‌ကျေးမှု အဖွဲ့ (KCO) ‌ပေါင်း ၁၂ ဖွဲ့မှ စု‌ပေါင်းကာ Karen Culture Organization in USA (KCOUSA)ကို ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အ‌မေရိကန်နိုင်ငံတွင် ကရင်လူဦး‌ရေ ၆၄,ဝဝဝ ‌ကျော်ရှိပြီး အများစုမှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှဖြစ်ကြကာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ တတိယနိုင်ငံ သွား‌ရောက်ခိုလှုံ‌နေထိုင်‌ရေး အစီအစဉ်ဖြင့် ၂ဝဝ၅ ခုနှစ်က စတင်‌ရောက်ရှိ‌နေသူများဖြစ်ကြသည်။