Home သတင်း ရေကြီးမှု ထပ်မံဖြစ်ပွားသဖြင့် ဖားအံတွင် ရေဘေးစခန်း နှစ်ခုထပ်မံဖွင့်လှစ်၊ လူ ၁,၀၀၀ ကျော် ဒုတိယအကြိမ်ရေ ဘေးရှောင်နေရ

ရေကြီးမှု ထပ်မံဖြစ်ပွားသဖြင့် ဖားအံတွင် ရေဘေးစခန်း နှစ်ခုထပ်မံဖွင့်လှစ်၊ လူ ၁,၀၀၀ ကျော် ဒုတိယအကြိမ်ရေ ဘေးရှောင်နေရ

1086

သြဂုတ် ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား

ဖားအံမြို့တွင် ဒုတိယအကြိမ် ရေကြီးမှု ပြန်လည်ဖြစ်ပွားခြင်းကြောင့် ကယ်ဆယ်ရေးစခန်း ၂ ခု ထပ်မံ ဖွင့်လှစ်ထားရပြီး ရေဘေးရှောင်ပြည်သူ ၁,၀၀၀ ဦးကျော် ထပ်မံတိုးလာသည်ဟု ကရင်ပြည်နယ် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းထွဋ်က ပြောသည်။

“ရေကထပ်တက်တော့ ကယ်ဆယ်ရေးစခန်း ၂ ခု ထပ်ဖွင့်တယ်။ ရေဘေးရှောင်ပြည်သူတွေက ရှိရင်းစွဲ လူဦးရေကနေ နောက်ထပ် တစ်ထောင်ကျော် တိုးလာတာပေါ့။ စားနပ်ရိက္ခာအတွက်ကတော့ အလှူရှင်တွေ လှူဒါန်းထားတာ ရှိနေပါတယ်” ဟု ဦးလင်းထွဋ်က ကေအိုင်စီသို့ ယနေ့ (သြဂုတ် ၁၅ရက်) ပြောသည်။

ဖားအံမြို့တွင် ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၅ ရက်နေ့အထိ ပထမအကြိမ် ရေကြီးမှု အဆိုးဝါးဆုံး ဖြစ်ပွားခဲ့ပြီးနောက် ဖားအံတွင် ကယ်ဆယ်ရေးစခန်း ၁၆ ခုအထိဖွင့်လှစ်ထားခဲ့ရာမှ ရေအနည်း ငယ်ပြန်လည်ကျဆင်းသွားသဖြင့် ကယ်ဆယ်စခန်း ၅ ခုသာ ကျန်ရှိခဲ့ခြင်းဖြစ်သည်။

ယခု သြဂုတ် ၁၃ ရက်နေ့မှစတင်ပြီး ဒုတိယအကြိမ် ရေကြီးမှု ထပ်မံဖြစ်ပွားလာသည့်အတွက် အ.ထ.က(၃)ဖားအံ နှင့် မဲဘောင် ရေဘေးကယ်ဆယ်ရေးစခန်း နှစ်ခုကို ထပ်မံဖွင့်လှစ်လိုက်ရသဖြင့် လက်ရှိဖားအံမြို့တွင် ကယ်ဆယ်ရေးစခန်း ၇ ခုမှ စုစုပေါင်း ရေဘေးရှောင် ဦးရေ ၄,၀၀၀ ဦးကျော် အထိရှိနေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၂ ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး သံလွင်နှင့် သောင်ရင်းမြစ်ရေ မြှင့်တက်လာမှုကြောင့် လှိုင်းဘွဲ၊ မြဝတီ၊ ဖားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ဖာပွန် မြို့နယ်တို့တွင် ရေကြီးမှုအရှိန်မြှင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။

လွန်ခဲ့သော ဇူလိုင် ၃၁ ရက်နေ့အထိ ရေကြီးမှုကြောင့် ဖားအံမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၆ခု၊ လှိုင်းဘွဲ ၂၃ ခု၊ မြဝတီ ၂ ခု၊ ကော့ကရိတ် ၇ခု၊ ဖာပွန် ၁ခုနှင့် ကြာအင်း ဆိပ်ကြီးတွင် ၄ ခု စုစုပေါင်း ရေဘေးကယ်ဆယ်ရေးစခန်း ၅၃ ခုဖွင့်လှစ်ခဲ့ရပြီး အိမ်ထောင်စု ၇,၆၆၈ စုမှ လူဦးရေ ၃၇,၆၉၉ ဦးရှိခဲ့သည်ဟု သိရသည်။