လူ့အခွင့်အရေး  •  တိုင်းရင်းသားအခွင့်အရေး  •  ဒီမိုကရေစီရေး

အာဇာနည်များ၏ ရည်မှန်းချက် ပြည့်ဝရေး စည်းလုံးကြရန် လိုအပ်ပြီဟု KNU တိုက်တွန်း

ဗိုလ်ချုပ်ကြီး စောဂျော်နီ_Photo_KIC

သြဂုတ်လ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ

အာဇာနည်များ၏ ရည်မှန်းချက်များ ပြည့်ဝရန် ကရင်အမျိုးသားများအားလုံး စည်းလုံးညီညွတ်ရန် လိုအပ်ပြီဟု ယနေ့ (သြဂုတ်လ ၁၂ရက်) KNU၊ တပ်မဟာ(၇)ဌာနချုပ်၌ ကျင်းပသည့် (၆၈)နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားတွင် KNU-ကရင်အမျိုးသား အစည်းအရုံး ထိပ်ပိုင်းခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။

ကျဆုံးသွားသည့် တော်လှန်ရေးခေါင်းဆောင်၊ ရဲဘော်ရဲဘက်နှင့်ပြည်သူလူထုများ၏ ရည်မှန်းချက်ဖြစ်သော လွတ်လပ်သည့် လူမျိုးတစ်မျိုးအနေဖြင့် တန်းတူညီတူအခွင့်အရေးအပြည့်အဝရရှိစေရန် ကျန်ရှိနေသည့် တော်လှန်ရေးခေါင်းဆောင်၊ ရဲဘော်နှင့် ကရင်တစ်မျိုးသားလုံးအတူတကွ စည်းလုံးညီညွတ်စွာအကောင် အထည်ဖော်သွားရန် KNLA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဂျော်နီက ယခုလို တိုက်တွန်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီကနေ့ကစပြီး ကျဆုံးသွားတဲ့ အာဇာနည်တွေရဲ့ ရည်မှန်းချက် တစ်မျိုးသားလုံးရဲ့ရည်မှန်းချက်တွေ ပြည့်ဝဖို့ အတွက် တစ်မျိုးသားလုံးစုစည်းဖို့လိုပြီ။ အချင်းချင်း အရင်လို ပြန်ပြီးတိုက်ခိုက်ကြတာမျိုး အခုအချိန်မှာ မရှိ တော့ပေမဲ့ အချင်းအချင်းကြားမှာ အမြင်မတူမှုတွေက ရှိနေတုန်းဖြစ်တယ်။ ဒါကြောင့် တစ်မျိုးသားလုံး ရဲ့လိုလားချက်နဲ့ အာဇာနည်တွေရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ဆိုတာက မင်းတို့ ငါတို့အားလုံး လက်ထဲမှာ အပြည့်အဝ တာဝန်ရှိတယ်”ဟု ဗိုလ်ချုပ်ကြီး စောဂျော်နီက အခမ်းအနားမိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိ ကရင့်လက်နက်ကိုင်တော်လှန်ရေးတွင် KNU အဖွဲ့အစည်းမှ ခွဲထွက်သွားသည့် လက်နက်ကိုင် အဖွဲ့အ စည်း ၃ ဖွဲ့ရှိနေပြီး ၎င်းတို့အကြား ယခုအချိန်အထိ ပြန်လည်ပေါင်းစည်းနိုင်ခြင်းမရှိသေးသလို လတ်တလော ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်ပတ်သက်၍လည်း KNU အကြား သဘောထားကွဲလွဲ နေမှုများရှိနေသည်ဟု ဝေဖန်မှုများရှိနေသည်။

KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကလည်း “အမျိုးသားလွတ်မြောက်ရေး တန်းတူညီတူအခွင့်အရေး နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိရေးတို့ကို ကြိုးပမ်းဖော်ဆောင်တာဟာ ကျနော်တို့ရဲ့ ကျဆုံးလေပြီးဖြစ်တဲ့ အာဇာ နည်တွေရဲ့ ရည်မှန်းချက်တွေ မျှော်မှန်းချက်တွေနဲ့ အသက်စွန့်လွှတ်ခြင်းရဲ့အဓိပ္ပာယ်တွေကို ဖြည့်ဆည်းပေး ခြင်းပဲဖြစ်တယ်။ ဒီနေ့လို အောက်မေ့ခြင်းနေ့မျိုးမှာ အာဇာနည်တွေရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်ပေးဖို့ အတွက် သန္နိဌာန်ချမှတ်ကြပါစို့လို့ တိုက်တွန်းလိုပါတယ် ”ဟု အမှာ စကားပြောကြားရာ၌ ထည့်သွင်းပြောဆို သွားခဲ့သည်။

ယနေ့ ကျင်းပသည့် ကရင့်အာဇာနည်နေ့ အခမ်းအနား- Photo_KIC


ယနေ့ပြုလုပ်သည့် အခမ်းအနားသို့ KNU ဗဟို ထိပ်ပိုင်းခေါင်းဆောင်များ၊ အရာရှိ စစ်သည် ရဲဘော်ရဲဘက်များ၊ မဟာမိတ်ခေါင်းဆောင်များနှင့်ပြည်သူလူထု တစ်ထောင်ကျော် ပါဝင်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မိန့်ခွန်း ပြော ကြားခြင်း၊ သဝဏ်လွှာများ ဖတ်ကြားခြင်း၊ လွှမ်းသူ့ပန်းခွေများ ချခြင်းနှင့် စစ်ရေးပြ အခမ်းအနား အစီအ စဉ်များ ပါဝင်ခဲ့သည်။

ကရင့်တော်လှန်ရေးတစ်လျှောက် အသက်ပေးသွားခဲ့ကြသူများအား ဂုဏ်ပြုသည့်အနေဖြင့် ကရင့်ခေါင်းဆောင် စောဘဦးကြီး နှင့် ဗိုလ်ချုပ် စိုင်းကေတို့ ကျဆုံးခဲ့သည့် ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့ကို ကရင်အမျိုးသား အာဇာနည် နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ၆၈ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနားကို မြန်မာနိုင်ငံရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်၊ တနင်္သာရီနှင့် ဧရာဝတီ စသည့်ဒေသများတွင်သာမက နိုင်ငံတကာရောက် ကရင်များက လည်း ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြသည်။ ယနေ့ ပြည်တွင်း၌ ပြုလုပ်သည့် ကရင်အာဇာနည်နေ့ အခမ်း အနား များကို အစိုးရ တာဝန်ရှိသူများမှ မပြုလုပ်ရန်တားမြစ်ခဲ့သော်လည်း အခမ်းအနားပြီးမြောက်သည့် အထိ ပြုလုပ်ခဲ့ကြသည်။