လူ့အခွင့်အရေး  •  တိုင်းရင်းသားအခွင့်အရေး  •  ဒီမိုကရေစီရေး

ရန်ကုန်မြို့ပေါ်တွင် ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားများ ဆက်တိုက်ကျင်းပမည်

သြဂုတ် ၉ ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း

နှစ်စဉ် ဝါခေါင်လအတွင်း ပြုလုပ်လေ့ရှိသည့် ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားများကို ယခင်နှစ်များ နည်းတူ ရန်ကုန်မြို့ပေါ်တွင် ဆက်တိုက်ကျင်းပသွားရန်ရှိကြောင်း အခမ်းအနား စီစဉ်နေသူများက ကေအိုင်စီ သို့ အသီးသီး ပြောသည်။

အဆိုပါ ချည်ဖြူဖွဲ့ ပွဲတော်များကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီး ဘုရားဝန်းရှိ ပြည်နယ် ကျက်သရေ ကျောင်း၌ ဝါခေါင်လပြည့်နေ့ (သြဂုတ် ၂၆ ရက်) တွင် ၂၉ ကြိမ်မြောက် ချည်ဖြူဖွဲ့ပွဲကို နံနက် ၆ နာရီမှ ၁၂ နာရီထိ ပြုလုပ်သွားမည်ဖြစ်သလို လှိုင်မြို့နယ်၊ ဗဟိုလမ်းဘေးရှိ ဘုံကျော်ကျောင်းတိုက်၏ ၁၀ ကြိမ်မြောက် ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို သြဂုတ် ၂၆ ရက်နေ့တွင်ပင် ကျင်ပသွားမည်ဖြစ်သည်။

ခြောက်ထပ်ကြီး ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်ထားသူ နော်ယမင်းသူဇာအောင် က “ခြောက်ထပ်ကြီးဘုရား၊ ပြည်နယ်ကျက်သရေကျောင်းမှာ အစဉ်အလာမပျက် ၂၉ နှစ်မြောက် ချည်ဖြူဖွဲ့ မင်္ဂလာကို ဝါခေါင်လပြည့်နေ့မှာ လုပ်မယ်။ မနှစ်ကလို လူတစ်ထောင်လောက်လာမယ်လို့ ခန့်မှန်းထားတယ်။ ဒုံးနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေလည်း အရင်နှစ်လိုပဲ ပါဝင်ပါတယ်။ ကရင်မုန့်ဟင်းခါးကျွေးဖို့လည်း စီစဉ်ထား တယ်” ဟု ကေအိုင်စီသို့ သြဂုတ် ၉ ရက်နေ့တွင် ပြောသည်။

အလားတူ ဘုန်ကျော်ကျောင်းတိုက် ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ဝါခေါင်လပြည့်နေ့ နံနက် ၈ နာရီတွင် စတင်ပြုလုပ်သွားမည်ဖြစ်ပြီး လူ ၅၀၀ ဦးခန့် လာရောက်မည်ဟု မျှော်မှန်းထားသလို ကရင့်ညီအစ်ကို မောင်နှမ အားလုံးကို ဖိတ်ခေါ်လိုကြောင်း ဘုန်ကျော်ကျောင်းတိုက် ဆရာတော်က ကေအိုင်စီသို့ မိန့် ကြားသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ဒုတိယအကြိမ် ရက်ရွှေ့ဆိုင်း လိုက်ပြီး သြဂုတ် ၂၈ ရက်နေ့တွင် အင်းစိန်မြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဌ မန်းမြင့်စိန်က သြဂုတ် ၇ ရက်နေ့ ကတည်းက ကေအိုင်စီသို့ ပြောသည်။

“ အခုရေကြီးမှုတွေဖြစ်ပြီး ကယ်ဆယ်ရေးတွေလုပ်နေရတော့ တိုင်းအစိုးရရဲ့ ချည်ဖြူဖွဲ့ ပွဲကို သြဂုတ် ၂၈ ရက်နေ့ကို ရွှေ့လိုက်တယ်။ လူကြီးတွေလည်း အဲ့နေ့ဆို ပိုအဆင်ပြေတယ်လို့ ပြောတယ်။ ပထမ သတ်မှတ် ထားတဲ့ သြဂုတ် ၁၈ ရက်နေ့မှာတော့ ရေဘေးရံပုံငွေဖျော်ဖြေပွဲ MCC မှာ လုပ်သွားမယ်”ဟု မန်းမြင့်စိန်က ပြောသည်။

ရန်ကုန်မြို့ပေါ်တွင် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများကို အဆိုပါ ကျောင်းတိုက်များ၌ နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ကော့မှူး၊ ကွမ်းခြံကုန်း စသည့်မြို့နယ်များအတွင်းရှိကျေးရွာများတွင်လည်း ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများ ကျင်းပလေ့ ရှိကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များထံမှ သိရသည်။