Home သတင်း မဲဆောက်နယ်စပ် ကရင်ရိုးရာလက်ချည်ပွဲ ထိုင်းအာဏာပိုင်နှင့် အလွှာစုံလူထု ၁၀၀၀ကျော် ပါဝင်ဆင်နွှဲ

မဲဆောက်နယ်စပ် ကရင်ရိုးရာလက်ချည်ပွဲ ထိုင်းအာဏာပိုင်နှင့် အလွှာစုံလူထု ၁၀၀၀ကျော် ပါဝင်ဆင်နွှဲ

1186

သြဂုတ် ၂၆ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ ဟွေးခလုတ်ကျေးရွာ၊ ဇောတိကာရုံဘုန်းတော်ကြီးကျောင်းတွင် ယနေ့ သြဂုတ်လ ၂၆ ရက် (၀ါခေါင်လပြည့်)တွင် ပြုလုပ်သည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲသို့ ရွှေ့ပြောင်းအလုပ်သမားများ၊ နယ်စပ်နေပြည်သူများ နှင့် မဲဆောက်မြို့ ထိုင်းအာဏာပိုင် အပါအ၀င် အလွှာစုံလူထု ၁၀၀၀ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။

မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး နိုင်ချိုင်းယဖုထိယန်းဖါလ) အပါအဝင် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုကော်မတီ ဝင်များ၊ မြန်မာရွှေ့ပြောင်းကျောင်းမှ ကျောင်းသူကျောင်းသားများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ ဟွေးခလုတ်ဒေသခံအချို့နှင့် ထိုင်းဒေသခံများ စုပေါင်းပါဝင် ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

လက်ချည်ပွဲ ဦးဆောင်ရာတွင် ပါဝင်သူ မန်းရွှေနှင်းက “ဒီနေ့လို နေ့မျိုးကို ဒေသစုံက မျိုးချစ်ကရင်တွေအားလုံး ပြုလုပ်ကြပါ တယ်။ ကျနော်တို့ ထိုင်းနဲ့ မြန်မာနယ်စပ် ဖြစ်တဲ့အတွက် ဒီမှာ မြန်မာပြည်ဘက်က အလုပ်လာလုပ်တဲ့ ကရင်တွေနဲ့ ဒီက ဒေသခံ ကရင်တွေ အများကြီးရှိတဲ့အတွက် ဒီလိုနေ့မျိုးမှာ ကိုယ့်ရဲ့ရိုးရာဓလေ့ မပျောက်ပျက်အောင် အတူတကွ ထိန်းသိမ်းတဲ့အနေနဲ့ ထောင်ချီပြီး အခုလို လာစုဝေးပြီး ယဉ်ကျေးမှုကို ဖော်ထုတ်ကြခြင်းဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မဲဆောက်ဒေသရောက် ကရင်ရွှေ့ပြောင်းအလုပ်သမားများနှင့် နိုင်ငံခြားသားဧည့်သည်အချို့ တက်ရောက်ကြသည့် ၎င်းရိုးရာ လက်ချည်ပွဲ အခမ်းအနားတွင် လူစုံတက်စုံဖြင့် မင်္ဂလာဖားစည်တီးရင်း သံဃာတော်များနှင့် လူကြီးသူမများက တက်ရောက်လာ သူများအား လက်ကောက်ဝတ်များတွင် ချည်ဖြူ၊ချည်နီများ ရစ်ပတ်ချည်နှောင်ပေးခြင်း၊ လူငယ်များ တစ်ဦးနှင့်တစ်ဦး မိတ်ဖွဲ့ကာ လက်ချည်ပေးခြင်း၊ ကရင်တေးသံရှင်နှင့် ဝါသနာရှင်များကလည်း တေးသီချင်းများ၊ အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည့်အ ပြင် ပွဲတော်ရက်မတိုင်ခင်ကလည်း ဘောလုံးအားကစားပြိုင်ပွဲများကို ကြိုတင် ပြုလုပ်ကျင်းပခဲ့ကြသည်။

ဝါခေါင်လသည် မိုးရာသီဖြစ်၍ ရောဂါဘယ ထူပြောသောလဖြစ်သည့်အပြင် မကောင်းဆိုးဝါးများလည်း ပူးကပ်နိုင်သောကြောင့် ကရင်လူမျိုးများ၏ ရှေးဘိုးဘွားများက မိမိတို့၏ သားသမီး၊ မြေးမြစ်များကို အဆိုပါဘေးရန်များမှ ကင်းဝေးစေနိုင်ရန် ရည်ရွယ်ပြီး ကောက်ညှင်းထုပ်ဖင်ချွန်၊ ချည်ဖြူ၊ ငှက်ပျောသီး၊ ရေ၊ နတ်ပန်းညို၊ ထမင်းဆုပ်နှင့် ကြံ စသည့်ပစ္စည်း (၇)မျိုးဖြင့် ချည်ဖြူထုံးဖွဲ့ ပေးခြင်းဖြစ်သည်။

အလားတူ ထိုင်းနိုင်ငံ၏ အခြားနေရာများနှင့် ပြည်တွင်းပြည်ပရှိ ကရင်လူမျိုးများကလည်း ရိုးရာကို ထိန်းသိမ်းသောအားဖြင့် လည်းကောင်း၊ ရောဂါဘယများနှင့် မမြင်အပ်သော မကောင်းဆိုးဝါးများရန်မှ ကင်းဝေးစေရန်အတွက်လည်းကောင်း ဝါခေါင်လ ရောက်တိုင်း မိသားစုအလိုက်ဖြစ်စေ၊ ရပ်ရွာ၊ မြို့နယ်အလိုက်ဖြစ်စေ ချည်ဖြူဖွဲ့ မင်္ဂလာပွဲကို အစဉ်အလာမပျက် နှစ်စဉ် ကျင်းပ လေ့ရှိကြသည်။