Home သတင်း ဖားအံမြို့ ၏ ၄၁ ကြိမ်မြောက် ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် ဇွဲကပင်ခန်းမတွင် ကျင်းပ

ဖားအံမြို့ ၏ ၄၁ ကြိမ်မြောက် ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် ဇွဲကပင်ခန်းမတွင် ကျင်းပ

845

သြဂုတ်လ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ်၊ ဖားအံမြို့ ၏ (၄၁)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် အခမ်းအနားကို ယနေ့ (သြဂုတ်လ ၂၅ရက်) ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရပ်မိရပ်ဖများက ကျင်းပခြင်းဖြစ်ပြီး အသစ် ပြန်လည် ဆောက်လုပ်ထားသည့် ဇွဲကပင်ခန်းမနှင့် လိုက်လျောညီထွေစွာ ကော်မတီအဖွဲ့မှ အခမ်း အနားကို အကောင်းဆုံးစီစဉ်ထားပြီး ယခင်နှစ်များထက် ခန့်ညားထည်ဝါစွာ တွေ့မြင်ရကြောင်း ပွဲတော် ကျင်းပရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး စောကြည်လင်းက ပြောသည်။

၎င်းက “ဒါကတော့ ကရင်လူမျိုးတွေ ဗမာပြည်ကို မဝင်လာခင်ကတည်းက ရိုးရာက ရှိလာခဲ့တာပါ။ ဒါကို ပြန်လည် ဖော်ထုတ်တဲ့ အခါကျတော့ အစပိုင်းမှာ တစ်ဦးစနှစ်ဦးစ တစ်ရွာ နှစ်ရွာကနေ စလာခဲ့ရပါတယ်။ နောက်ပိုင်းကျတော့မှ တဖြည်းဖြည်း လုပ်လာတဲ့အခါမှာတော့ နောက်ဆုံး ဒီလိုအခမ်းအနား တွေဖြစ်လာ တယ်။ တစ်နှစ်တစ်ကြိမ်နဲ့လုပ်လာတာ အခုဆိုရင် ၄၁ ကြိမ် ရှိပြီးဆိုတော့ ကရင်ပြည်နယ်မှာ ဆိုရင် ထူးထူးခြားခြားပေါ့။ စည်စည်ကားကား နဲ့ စုပေါင်းပြီး လုပ်တဲ့ အနေအထား ဖြစ်တယ်” ဟု ပြောသည်။

ယနေ့ကျင်းပသည့် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် နှင့် တကွ ပြည်နယ်အစိုးအရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအဝင် ဧည့်ပရိဿတ် အများအပြား အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ဖွင့်လှစ်ပြီးသည်နှင့် တစ်ပြိုင်နက် ကရင်ပြည်နယ် စာယဉ် ဥက္ကဌ ဖူးစောအေးမြမှ အဖွင့် အမှာစကား ပြောကြားခြင်း ၊ ပြည်နယ်လွတ်တော် ဥက္ကဌ ဦးစောချစ်ခင်မှ အဖွင့်မိန့်ခွန်း ပြောကြားခြင်း ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ဖြစ်ပေါ်လာပုံစာတမ်းကို ပိုးကရင်၊ စကောကရင် ၊ မြန်မာဘာ သာဖြင့် ဖတ်ကြားခြင်းများအပါအဝင် သက်ကြီးဘိုးဘွားများမှ တက်ရောက်လာသူများအား ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖြင့် လိပ်ပြာခေါ် ချည်ဖြူဖွဲ့ပေးခြင်း အစီအစဉ်များနှင့် ကရင်တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေပေးခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။

ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်အပြင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ် စသည့် ကရင်လူမျိုးများနေထိုင်သည့် နေရာဒေသအသီးသီး တွင်လည်း ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့် ပြုလုပ်ကျင်းပလျက်ရှိသည်။