Home တွေ့ဆုံမေးမြန်းခန်း နယူးဇီလန် ကရင်အဖွဲ့အစည်း၏ အတွင်းရေးမှူး နော်စီစီလျာနှင့် တွေ့ဆုံခြင်း

နယူးဇီလန် ကရင်အဖွဲ့အစည်း၏ အတွင်းရေးမှူး နော်စီစီလျာနှင့် တွေ့ဆုံခြင်း

940

“ကော်သူးလေရဲ့ အခြေအနေကို ပြန်လာကြည့်ပါ။ ကိုယ်ကူညီနိုင်တဲ့အရာက ဒီမှာရှိပါတယ်။”

လူငယ်တစ်ဦးဖြစ်သော်လည်း မိမိကရင်အမျိုးသားရေးလုပ်ငန်းအတွက် စိတ်အားထက် သန်နေသူ နော်စီစီလျာသည် နယူးဇီလန်နိုင်ငံရောက် ကရင်လူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး လူမှုရေး ဆိုင်ရာကိစ္စအဝဝအပြင် ကရင်လူမျိုး၏ ရိုးရာယဉ်ကျေးမှုပွဲ တော်နှင့် နေ့ကြီးရက်ကြီး အထိန်းအမှတ်နေ့ပွဲ တော်များကို တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူ တစ်ဦးဖြစ်သည်။

၂၈ နှစ်အရွယ် နော်စီစီလျာသည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ တစ်ဆင့် နယူးဇီလန်နိုင်ငံကို လွန်ခဲ့သည့် ၁ဝ နှစ်ကျော်ကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး နယူးဇီလန်နိုင်ငံ၊ Auckland University of Technology ကို တက်ရောက် အောင်မြင်ပြီးနောက် ကရင့်အမျိုးသားရေးအလုပ်ကို ဇောက်ချဝင်ရောက် လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။

အဖွဲ့အစည်း၏ တာဝန်ပေးချက်အရ လတ်တလော တွင် ထိုင်း-မြန်မာနယ်စပ်ကို ပြန်လည်ရောက်ရှိ လာကာ ကရင်လူထုများ၏ အခြေအနေကို ပြန်လာလေ့လာနေစဉ် ကေအိုင်စီ-ကရင်သတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

——————————————————-

ကေအိုင်စီ ။ ။ နယူးဇီလန် နိုင်ငံကို ရောက်သွားခဲ့တဲ့ အကြောင်းအရင်းကို နည်းနည်းလေး မိတ်ဆက်ပေးပါ။

ကျမတို့က ဗမာစစ်သားတွေကြောင့် ထွက်ပြေးခဲ့ရတယ်။ တိမ်းရှောင်ခဲ့ရတယ်။ ကျမတို့ တိုင်းပြည်ထဲမှာ နေချင်ပေမယ့် နေလို့မရဘူး။ လူငယ်တွေရဲ့ အနာဂတ်အတွက်လည်း တိုးတက်မဲ့အလားအလာမရှိဘူး။ ကျမ မိဘတွေက ထိုင်းနိုင်ငံကို သွားရောက်ပြီးတော့ ထွက်ပြေးခဲ့ရတယ်။ တစ်ဖက်က ကြည့်ရင် ကျမတို့ရဲ့ လုံခြုံမှုအတွက်ပါပဲ။ ကျမတို့အေးအေး ချမ်းချမ်းနဲ့ နေနိုင်ဖို့ပေါ့နော်။ ဗမာစစ်သားတွေက ရွာတွေကို လာပြီးမီးရှို့တယ်။ ကျမရဲ့ အစ်မတွေ၊ အဖေအမေတွေဆို ဗမာစစ်သားကြောင့် အမြဲတမ်းလိုလိုက ထွက်ပြေးနေခဲ့ရတယ်။ အဲဒါကြောင့် ကျမတို့တွေ နိုင်ငံခြားကို သွားရောက် အခြေချဖို့ ရွေးချယ်လိုက်တာဖြစ်ပါတယ်။

ကျမမိဘတွေက နိုင်ငံခြားကို သွားရောက်အခြေချနေထိုင်ဖို့ ရွေးချယ်ဖြစ်လာတာက သူ့သားသမီးတွေ အတွက်ပဲဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကတော့ နိုင်ငံခြားကို သွားမနေချင်ကြ ပါဘူး။ တစ်ဖက်က ကြည့်ရင် သားသမီးတွေအတွက် ကောင်းတယ်။ ပြီးတော့ ပညာတတ်လာဖို့၊ အလုပ်အကိုင်ကောင်းကောင်း ရရှိဖို့အတွက် နိုင်ငံခြားကို သူတို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ကေအိုင်စီ။ ။ နယူးဇီလန် နိုင်ငံကို စရောက်တဲ့အချိန်မှာ ပညာသင်ယူမှုအပိုင်းနဲ့ပတ်သက်ပြီး အခက်အခဲတွေက ဘာတွေရှိခဲ့သလဲ။

ကျမ နယူးဇီလန်နိုင်ငံကို စရောက်ခါစတုန်းကဆိုရင် အင်္ဂလိပ်စကားကို တစ်ခွန်းမှ မပြောတတ်ပါ။ ဒါပေမဲ့ ကျမ အားမငယ်ဘူး။ ကြိုးစားတယ်။ တစ်မျိုးကောင်း တာကတော့ ကျမရောက်ခါစတုန်း က အရွယ်လည်း ငယ်သေးတော့ အင်္ဂလိပ် စကားကို သင်ယူဖို့ ကျမအတွက်က လွယ်ကူပါတယ်။ ကျမ ကိုယ်တိုင် ကြိုးစားယူရတယ်။ ကျမတို့မိဘကလည်းပဲ ဒုက္ခသည်စခန်း ကနေလာကြတယ်။ ကျမအနေနဲ့ကလည်းပဲ ဒုက္ခသည်စခန်းက လာတဲ့သူဖြစ်တဲ့အတွက်ကြောင့် သာမန် အင်္ဂလိပ်လူမျိုးတစ်ယောက်ထက်တော့ စာပိုသင်ယူရတယ်။

ကေအိုင်စီ။ ။ အမျိုးသားရေး အလုပ်ကို ဘယ်လို စတင်ပါဝင်လုပ်ဆောင်လာတယ်ဆိုတာ ပြောပြပေးပါ။

ကိုယ့် လူမျိုးကို ပြန်ပြီးကူညီဖို့ဆိုတာ ကျမငယ်ငယ်ကတည်းက ဆန္ဒရှိခဲ့တာပါ။ ကျမ နယူးဇီလန် နိုင်ငံကို ရောက်ခါစ ကတည်းကပါ။ ကျမ လူငယ်တစ်ယောက်ဖြစ်လာတော့ အမျိုးသားရေးနဲ့ပတ်သက်ပြီး ပိုပြီးနားလာတယ်။ ကျမတို့ လူမျိုးကို ပြန်ပြီး ကူညီချင်တယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့ လူတွေကိုပေါ့။ ဘာကြောင့်လဲဆိုတော့ အခြားလူမျိုးတွေက ကျမတို့ကို ကောင်းကောင်းမသိရှိကြဘူး။ ကိုယ့် လူမျိုးကို ပြန်ပြီးကူညီဖို့က ကျမရဲ့ တာဝန်တစ်ခုဖြစ်တယ် ဆိုတာ မြင်လာတယ်။ ကျမကိုယ်တိုင်လည်းပဲ ပြန်ပြီးကူညီဖို့ဆန္ဒ ပြင်းပြတယ်။ ဒါက နံပါတ် (၁)တစ်ခုဖြစ်ပါတယ်။ ကျမလူမျိုးကို ပြန်ပြီး ကူညီခွင့်ရတာကို ကျမ ဝမ်းသာကြည်နူးမိတယ်။

ကေအိုင်စီ ။ ။ နယူးဇီလန်မှာ ကိုယ့်အမျိုးသားရေးနဲ့ ပတ်သက်တာ ဘာတွေလုပ်ဆောင်မှုရှိနေ လဲ။

ကျမကတော့ နယူးဇီလန် ကရင်အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ဆောင်တယ်။ အတွင်းရေးမှူး တစ်ယောက်အနေနဲ့ပေါ့။ ကျမတို့ လုပ်ဆောင်မှုတွေကတော့ လူငယ်တွေကို အကြံပြုတယ်။ ကျမ က အများစုက လူငယ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ များပါတယ်။ လူကြီး၊ လူငယ်နှစ်ဖွဲ့လုံးနဲ့ လည်း ပူးပေါင်းလုပ်ဆောင်ပါတယ်။ အဲဒီမှာက ကျမတို့လှုပ်ရှားမှုတွေက တော်တော်များများရှိ ပါတယ်။ ပညာရေး ပိုင်းမှာလည်းရှိတယ်။ အင်္ဂလိပ်စကား မတတ်တဲ့ လူငယ်တွေက ဘာသာစကား အကူအညီလို တယ်။ နောက်ပြီး ကျန်းမာရေးဆိုင်ရာ ဘက်မှာလည်းပဲ ကျမတို့ ကူညီတယ်။ တစ်ခါတစ်လေ အင်္ဂလိပ်စကား ပြောမတတ်တဲ့ မိသားစုတွေကို လိုက်ပါကူညီဆောင်ရွက်ပေး တာရှိတယ်။ နောက်ပြီး အစည်းအဝေးတွေမှာဖြစ်စေ မိသာစုဝင်ကိုယ်စား သွားတက်ပေးတာတွေရှိ ပါတယ်။ နယူးဇီလန်မှာ ကျမတို့ ကရင်လူမျိုးဦးရေက ၁,၃ဝဝ ကနေ ၁,၅ဝဝ ကျော် အထိရှိတယ်။

ကျမတို့ အဖွဲ့အစည်းက ကရင့်နှစ်သစ်ကူးပွဲတော်၊ အာဇာနည်နေ့၊ လက်ချည်ပွဲနဲ့ ကရင့်တော်လှန်ရေးနေ့တွေကို နှစ်စဉ် ကျင်းပကြတယ်။ တစ်ခါတစ်လေမှာတော့လည်း အခြား တိုင်းရင်းသားလူမျိုးတွေကလည်းပဲ ကရင်လူမျိုး ကိုယ်စားပေါ့။ ဘောလုံးပွဲတွေပဲဖြစ်ဖြစ် လာ ရောက်ယှဉ်ပြိုင်ကစားဖို့ ဖိတ်ခေါ်တာရှိတယ်။ ရိုးရာ ဒုံးအက လာကဖို့ ဖိတ်တာလည်းရှိပါတယ်။ နောက်ပြီး အစိုးရရဲ့ ပညာရေး၊ ကျန်းမာရေး အေဂျင်စီတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်တာ ရှိပါတယ်။

ကေအိုင်စီ ။ ။ ပညာရေးဆိုတာ ကရင်လူငယ်တွေအတွက် ဘယ်လောက် အရေးကြီးသလဲ။

ပညာရေးဆိုတာ နံပါတ် (၁) ပဲ။ ဘာအလုပ်ပဲလုပ်လုပ် ပညာဆိုတာ ရှိရင် ဘယ်သူမှ ကိုယ့်ကို အထင်သေးလို့မရဘူး။ ပြီးတော့ ကျမတို့ ကရင်လူမျိုးဟာ လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲ ဖြစ် ပညာတတ်တွေအများကြီးရှိတယ်ဆိုတာ ကျမတွေ့မြင်ရပါတယ်။ ဒါပေမဲ့လည်း ကျမတို့မှာ တိုင်းပြည်မရှိသေး တဲ့အတွက်ကြောင့် အဲဒါကို စုစည်းနိုင်ဖို့ ကျမတို့အခွင့်အရေး အပြည့်အဝ မရှိခဲ့ဘူး။

အဲဒါကြောင့် အခုခေတ်လူငယ်တွေက ပညာရေးကို တန်ဘိုးထားပြီး ပညာရေးဆိုတာ ကျမတို့လူမျိုးကို ပြန်ပြီး အထောက်အကူပြုမဲ့အရာတစ်ခုဖြစ်တယ်ဆိုတာ မြင်နိုင်ဖို့က ကောင်းမွန် တဲ့အရာတစ်ခုဖြစ်တယ်။ ပြီးတော့လည်း လူ့အဖွဲ့အစည်းတစ်ခုအတွက်မကဘူး။ ကိုယ့်မိသားစုတစ်ခုအတွက်လည်း ကြိုးစားရမယ်။

ကေအိုင်စီ ။ ။ နိုင်ငံခြားရောက် လူငယ်တွေ အမျိုးသားရေးလုပ်ငန်းမှာ ထဲထဲဝင်ဝင်ပါဝင် လာနိုင်ဖို့ ဘယ်လို အားပေးစကားပြောချင်ပါသလဲ။

ကရင်လူငယ်တွေက ကိုယ့်လူမျိုးကို အားလုံးချစ်ကြတယ်ဆိုတာ ကျမယုံကြည်တယ်။ နိုင်ငံခြားမှာ ပဲနေနေ၊ ဒီမှာ(နယ်စပ်)ပဲ နေနေ လူငယ်တွေအနေနဲ့ ဖြစ်စေချင်တာ ကိုယ့်ရဲ့ရှေ့မှာရှိတဲ့ အခွင့်အရေးကို ရယူပါ။ ဥပမာ…ပညာရေးအတွက် ကိုယ့်ကိုယ်ကို စိတ်အားငယ်ဖို့မလိုပါဘူး။ ပညာရေး အတွက် သိမ်ငယ်စရာလည်းမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်နေ့ကျရင် ပညာရေးဆိုတာ ကိုယ်သွား ရမယ့်လမ်းကြောင်းကို ညွှန်ပြပေးပါလိမ့်မယ်။

လူငယ်တွေပြန်လာပါ။ အခြေအနေက အားလုံး မသိနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျမဆိုလည်း အခြေအနေအားလုံးကို မသိနိုင်ပါဘူး။ ကျမ ဒီကို ပြန်ရောက်လာတာ အများကြီးသိရှိ နားလည်လာ ပါတယ်။ ကျမရဲ့လူမျိုးက ကျမကို အလိုရှိတယ်။ ဒီမှာရှိတဲ့အဖွဲ့အစည်းတွေလည်းပဲ နိုင်ငံခြားက လူတွေဆီက အကူအညီလိုအပ်တယ်။ လူငယ်တွေက ဒီကိုပြန်ရောက်ရင် ခေါင်းဆောင်၊ ဆရာသမား၊ ဒီကလုပ်ဖော်ကိုင် ဖက်တွေရဲ့အခြေအနေတွေကို သိရှိလာမယ်။ သူတို့အတွက်လည်းပဲ ဘယ်ဟာက သူလုပ်နိုင်သလဲဆိုတာ သူ့ဖာသာသူ ခွဲခြမ်းစိပ်ဖြာနိုင်ပါလိမ့်မယ်။ ဒီကော်သူးလေရဲ့ အခြေအနေကို ပြန်လာကြည့်ပါ။ ကိုယ်နိုင်တဲ့၊ ကိုယ် ကူညီချင်တဲ့အရာက ဒီမှာရှိပါတယ်။ အားလုံးက ကိုယ့်လူမျိုးအတွက် တာဝန်ရှိတယ်ဆိုတာ ပြန်လည်မြင်ယောင်ပြီးတော့ ကိုယ် လုပ်ပေးနိုင်တဲ့ အပိုင်းကို လုပ်ပေးနိုင်မှာပါ။

ကေအိုင်စီ။ ။ လူငယ်တွေကို ခေါင်းဆောင်တွေအနေနဲ့ကော ဘယ်လို တွဲခေါ်ဆွဲခေါ်မှုတွေ လုပ်ဆောင်သင့် တယ်လို့ယူဆပါသလဲ။

အခုခေတ်လူငယ်တွေအတွက်က အခွင့်အရေးအများကြီးရှိတယ်။ လူငယ်တွေလိုအပ်တဲ့အချိန်မှာ ကျမတို့အမြဲတမ်းက အဆင်သင့်ရှိတယ်။ လူငယ်တွေ မိမိလူမျိုးကို ပြန်ပြီး ကူညီဖို့အတွက် ခေါင်း ဆောင်တွေက အားပေးအားမြောက်မှုတွေလုပ်မယ်ဆိုတာ ခွန်အားတစ်ရပ်ဖြစ်စေပါတယ်။
ခေါင်းဆောင်တွေအနေနဲ့လည်း ကျမတို့နဲ့ ဆက်သွယ်မှုတွေလုပ်ဆောင်စေချင်ပါတယ်။ အခြေအနေ၊ သတင်းအချက်အလက်တွေကို ပြန်လည်မျှဝေမှုတွေလုပ်စေချင်ပါတယ်။ အဲဒါမှ ကျမတို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ပူးပေါင်းလုပ်ဆောင်နိုင်မယ်။

ကေအိုင်စီ။ ။ ဘာများ ထပ်ပြောချင်တာ ရှိပါသေးလဲ။

ကိုယ့်လူမျိုးအတွက် ကိုယ်ဘာကို ကူညီရမလဲဆိုတာ မသိတဲ့လူငယ်တွေဟာ အကောင်းဆုံး ဒီက အခြေအနေကို ပြန်လာပြီးလေ့လာပါ။ ကိုယ့်လူမျိုးရဲ့ အခြေအနေ၊ ဘဝဖြတ်သန်းမှုနဲ့ ရုန်းကန်လှုပ်ရှားမှု အခြေအနေတွေကို သိရှိနားလည်ပါလိမ့်မယ်။ ပညာရေးကို လိုက်စားပါ။ နင့်လူမျိုးက နင့်ကို အလိုရှိတယ်။ ပြန်လာကူ ညီကြပါ။ အခြေအနေကို ပြန်လာပြီး လေ့လာပါ။ မိဘဘိုးဘွားတွေရဲ့ချက်မြှုပ်ရာနေရာကို ပြန်လည်လေ့လာသင်ယူပါ။ တပ်မဟာ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊(၇) အားလုံးက နိုင်ငံခြားရောက်နေတဲ့ လူတွေကို အလိုရှိတယ်။ ရပ်ဝေးရပ်နီးနေ လူငယ်တွေအားလုံး ပြန်လာပြီးတော့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပါ။