No Taxation Without Representation ငါတို့ကိုယ်စားလှယ်တွေ မရှိတဲ့အတွက် အခွန်အကောက်ပေးစရာ မလိုရယ်လို့ ကြွေး ကြော်၊ အဂင်္လန်နိုင်ငံဘုရင်ကို ဆန့်ကျင်တော်လှန်ရေး ဆင်နွှဲပြီး ၁၇၇၆ ဇူလိုင်လ (၄)ရက်နေ့မှာ လွတ်လပ်ရေး ကြေငြာခဲ့တယ်။ အဲသည်နောက် အမေရိကန်ပြည်ထောင်စုရယ်လို့ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ယခင် ကိုလိုနီဟောင်းများက ပြည် နယ်အစိုးရများအဖြစ်နဲ့ တည်ထောင်လာခဲ့ကြတယ်။ အမေရိကန်ပြည်ထောင်စုကို ၁၃ပြည်ထောင်နဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ ပြည် ထောင်လို့ သုံးရတဲ့သဘောက ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်တဲ့ အဲဒီယူနစ်တွေမှာသာ အဓိက အခွင့်အာဏာ ရှိခဲ့ကြလို့ပါပဲ။ ၁၇၈၁ခုနှစ်မှာ Confederation ပြည်ထောင်ပေါင်းစု ပြည်ထောင်စုဆိုင်ရာ ပြဌာန်းချက်များကို အတည်ပြုခဲ့ကြတယ်။
James Q. Wilson and John Dilulio. Jr ဆိုတဲ့ပညာရှင်နှစ်ဦးက အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်စနစ်ကို အောက်ပါအ တိုင်း အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
(၁) တူညီတဲ့ နယ်မြေနှင့် နိုင်ငံသားများအပေါ် တချိန်တည်းမှာ စီမံအုပ်ချုပ်မည့် အစိုးရတဆင့်ထက်ပိုပြီး ရှိသင့်။
(၂) အစိုးရတစ်ခုချင်းစီတိုင်းမှာ သတ်မှတ်ထားသော နယ်ပယ်နှင့် အခွင့်အာဏာများရှိရမယ်။
(၃) အစိုးရတစ်ရပ်က အခြားအစိုးရတစ်ရပ်၏ တည်ရှိမှုကို မဖျက်သိမ်းရ။
တစ်ပြည်ထောင်စနစ်ကို အဓိကကျင့်သုံးတဲ့ အဂင်္လန်နိုင်ငံက အဂင်္လိပ်လူမျိုးတွေကပဲ အမေရိကတိုက်ကို သွားရောက် နယ်မြေချဲ့ထွင်ပြီး တည်ထောင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်စနစ်မှာ ထူးခြားချက်တွေရှိပါတယ်။ အဓိကကတော့ နိုင်ငံသားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း ထည့်သွင်းပြဌာန်းပေးခြင်း ပါပဲ။ အဲဒီ အခြေခံအခွင့်အရေးတွေကို ပြည်ထောင်စုအစိုးရကရော ပြည်နယ်အစိုးရတွေကပါ ချိုးဖောက်ခွင့် မရှိပါဘူး။
သာဓကအားဖြင့် ပြောရမယ်ဆိုရင် လူ့အခွင့်အရေးမှာ အခြေခံအကျဆုံးတွေ အနက်တစ်ရပ်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့် ဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ဟန့်တားတဲ့ မည်သည့်ဥပဒေမှ ပြုခွင့်မရှိဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် (၁) ကို ၁၇၉၁ခုနှစ်မှာ စတင် ပြဌာန်းကျင့်သုံးခဲ့တယ်။ ဆိုလိုတာက လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုရုံသာမက ဥပဒေပြုလွှတ်တော်ဖြစ်တဲ့ ကွန်ဂရက်အနေနဲ့ အဲဒါကို ကန့် သတ်ဟန့်တားရာရောက်မယ့် ဥပဒေတစ်ခုခုကိုတောင် ပြဌာန်းခွင့်မပြုပါဘူး။ သာဓက မှုခင်းတစ်ခုကို ပြောပါမယ်။ ဗီယက်နမ်စစ် ပွဲအတွင်းမှာ အမေရိကန်တွေရဲ့ ကျူးလွန်မှုတွေကို ဖော်ထုတ်ထားတဲ့ ပင်တာဂွန် စာရွက်စာတမ်းကို ၁၉၇၁ခုနှစ်မှာ ဖွင့်ချပေးခဲ့ တဲ့ နယူးယော့ခ်တိုင်းမ် သတင်းစာကြီးကို အမေရိကန်အစိုးရက တရားစွဲခဲ့တယ်။ တရားလွှတ်တော်ချုပ်က ဖွဲ့စည်းပုံအခြေခံဥပ ဒေ ပြင်ဆင်ချက် (၁)ကို ကိုးကားပြီး နယူးယော့ခ်တိုင်းမ်သတင်းစာကြီးကို အနိုင်ပေးခဲ့တယ်။
ဖက်ဒရယ် စနစ်အခြေခံကို တည်ဆောက်ချင်တယ်ဆိုရင်တော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ
စုဝေးခွင့် စတဲ့ အခြေခံလွတ်လပ်မှုဆိုင်ရာ အာမခံချက်ကို ဖွဲ့စည်းပုံမှာ ရှင်းလင်းစွာ ပြဌာန်းပေးဘို့လိုကြောင်း အမေရိကန် ပြည် ထောင်စုရဲ့ အတွေ့အကြုံကနေ သခင်္န်းစာယူသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄အရ လွတ် လပ်စွာ ထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းစွာစည်းရုံးခွင့်၊ စုဝေးခွင့်တွေ ပေးထားသယောင်ရှိပါတယ်။ ဒါပေမယ့် “နိုင်ငံတော်လုံခြုံရေး”ဆိုတဲ့ ခြွင်းချက် ပြဌာန်းချက် ထည့်သွင်းပြီး ကန့်သတ်ထားတာပါ။ အဲဒီခြွင်းချက်ကို ကိုးကားပြီး သက်ဆိုင်ရာ ဥပဒေတွေမှာ ဆက် လက် အကျယ်ချဲ ့ကန့်သတ်၊ အဲဒီ ဥပဒေတွေကိုကိုင်ပြီး အမှုတွေ တစ်ခုပြီးတစ်ခု စွဲဆိုတော့တာပါပဲ။
လက်တွေ့အရ ဘာဖြစ်လာသလဲဆိုတော့ သတင်းမီဒီယာသမားတွေကိုယ်တိုင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရဲခြင်း မရှိကြတော့ပါဘူး။ Self-censorship လို့ခေါ်တဲ့ ကိုယ့်ဖာသာကို ပိတ်ပင်၊ နုတ်ဆိတ်ထားရတဲ့ဘဝကို ရောက်နေကြောင်း တွေ့ နိုင်ပါတယ်။ ဒီမိုကရေစီရေးတက်ကြွ လှုပ်ရှားခဲ့ကြသူတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းစွာ စည်းရုံးခွင့်နဲ့ စုဝေးခွင့် တွေအတွက် ဆက်လက် တိုက်ပွဲဝင်နေကြကြောင်း သိသိသာသာ မတွေ့ရတော့တာဟာ စိတ်မကောင်းစရာပါ။ အဲဒါအပြင် ဖက်ဒရယ် အခြေခံကနေ ကိုယ်ပိုင်ပြဌာန်းခွင့်ရအောင် တောင်းဆိုမယ်လို့ ကြွေးကြော်နေကြသူ တိုင်းရင်းသားခေါင်းဆောင်တွေ အနေနဲ့လည်း ဒီအခြေခံလူ့အခွင့်အရေးတွေအပေါ်မှာ အလေးအနက် လှုပ်ရှားတောင်းဆိုတာ မတွေ့ရသလောက်ပါပဲ။ တဦးချင်း အခြေခံလူ့အခွင့်အရေးတွေ ရရှိရေးကို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ မဆိုင်သလိုမျိုး သဘောထားနေသလားလို့ စိုးရိမ်မိပါတယ်။
၁၉၅၅ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာဟာ လူထုတွေ နဲ့ တိုင်း ပြည်တွေ က ပိုင်ဆိုင်တဲ့ စုပေါင်းအခွင့်အရေးဖြစ်ကြောင်း၊ ကိုယ်ပို်င်ပြဌာန်းခွင့်ဟာ လူတဦးချင်းအခွင့်အရေးနဲ့ လွတ်လပ်မှုတွေ ရရှိဘို့ ရှေ့ဦးလိုအပ်ချက်ဖြစ်ကြောင်း ဆုံးဖြတ်ချမှတ်ခဲ့တယ်။ ဒါကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းတယ်ဆိုတာဟာ လူတစ် ဦးချင်း အခွင့်အရေးနဲ့ လွတ်လပ်မှုရရှိဘို့ ဦးတည်ချက်နဲ့ တောင်းဆိုခြင်းဖြစ်ကြောင်း ခံယူဘို့ လိုမှာပါ။
ကိုယ်ပိုင်ပြဌာန်းခွင့်မရမခြင်း တောင်းဆိုသွားမယ် ဆိုတဲ့ အသံမျိုး တိုင်းရင်းသားခေါင်းဆောင်တချို့တွေဆီကနေ ထွက်ပေါ်လာတာ သတိထားမိပါတယ်။ ဒါကို အသိအမှတ်ပြုရမှာပါ။ သို့သော် ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံကနေ ဘာကိုတောင်း ဆိုမှာလဲ ဆိုတာ မရှင်းပါ။ ခိုင်ခိုင်မာမာပြောသံတွေလည်း မကြားရသေးပါ။ လူထုကို ရှင်းရှင်းလင်းလင်း ချပြုမှု၊ ညှိနိုင်းတိုင်ပင်မှု၊ သဘောထားစုစည်းမှုများ ပြုနေကြောင်းလည်း မတွေ ့ရပါ။ ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ စုပေါင်းအခွင့်အရေးကို အဓိကဆိုလို ကြောင်း အထက်မှာ ပြခဲ့ပါပြီ။ စုပေါင်း အခွင့်အရေးဆိုတာဟာ လူမျိုးတမျိုးချင်းစီရဲ့ ဘာသာစကား၊ စာပေ၊ ရိုးရာအစဉ်အလာ၊ ယဉ်ကျေးမှု၊ စတာတွေကနေ အခြေခံပါတယ်။ စုပေါင်းလူ့အခွင့်အရေးအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျယ်ပြန့်စွာလက်ခံလာတဲ့ အခါမှာ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှု ရပိုင်ခွင့်၊ တိုးတက်ဖွံ့ဖြိုးပိုင်ခွင့်၊ သဘာဝပတ်ဝန်းကျင်အပေါ် စီမံခန့်ခွဲပိုင်ခွင့်၊ သဘာဝသယံဇာတ နှင့် ကြွယ်ဝမှုများအပေါ် အချုပ်အခြာအာဏာကျင့်သုံးပိုင်ခွင့်၊ မျှတသော ကုန်သွယ်မှု ရပိုင်ခွင့်၊ နျူကလီးယားလက်နက်ကို ဆန့်ကျင်ပိုင်ခွင့်၊ လက်နက်ဖျက်သိမ်းပိုင်ခွင့် တို့အထိ တိုးတက်သွားပါတယ်။ ဒါတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်တဲ့ စုပေါင်း လူ့အခွင့်အရေးတွေပါပဲ။
လူတစ်ဦးချင်း အခြေခံအခွင့်အရေးကတော့ အသက်ရှင်သန်ခွင့်၊ အခြေခံလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့် စတာတွေကို ဆိုလိုတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လုံးဝ အနှောက်အယှက် အဟန့်အတားမရှိ ကျင့်သုံးခွင့်ရနေသူ တွေကတော့ မြန်မာစစ်ခေါင်းဆောင်တွေပါပဲ။ ကချင်သာသနာပြုဆရာမလေးနှစ်ဦး ရှိတဲ့ ကောင်းခါးကျေးရွာမှာ မြန်မာစစ်တပ် က စစ်ကြောင်းကြီးနဲ့ ဝင်ရောက် တပ်ချနေစဉ်မှာ သူမတို့နှစ်ဦး ရက်စက်လွန်းစွာ နှိပ်စက်ညှင်းပန်း၊ မုဒိမ်းကျင့်၊ သတ်ဖြတ်ခံခဲ့ ကြရတယ်။ မြန်မာစစ်သားတွေ ကျူးလွန်ကြောင်း ခိုင်လုံတဲ့ သက်သေခံချက် အမြောက်အများ ရှိနေပါတယ်။ သို ့သော် အဲသည် မှုခင်းကို ကေအိုင်အေက ဝင်ရောက်ကျူးလွန်သွားတာဖြစ်ကြောင်း ဇွန်လ ၂၈ရက်နေ့က ကာချုပ်မင်းအောင်လှိုင်က ပြောင်းပြန် စွပ်စွဲခဲ့တယ်။ ကောင်းခါးရွာကလေးနဲ့မမျှအောင် မြန်မာစစ်တပ်ရဲ့စစ်ကြောင်းကြီး ဝင်ရောက်တပ်စွဲ၊ လုံခြုံရေးအရ နေရာကောင်း တွေ ယူထားတဲ့အချိန်မှာမှ ကေအိုင်အေက မြန်မာစစ်တပ်ကို မတိုက်ဘဲ သူတို့လူမျိုးဖြစ်တဲ့ ကချင်မလေးနှစ်ဦးကို လာရောက် မုဒိမ်းကျင့်သွားတယ် ဆိုတဲ့စွပ်စွဲချက်ဟာ သေးသိမ်လွန်း၊ အောက်တန်းကျလွန်းပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဟာ တလွဲအသုံးချနေခံရရုံသာမက တိုင်းပြည်ရေရှည်ငြိမ်းချမ်းမှု တည်ဆောက်ရေးအတွက်ကိုပါ ပြဿနာကြီး ဖြစ်လာနေပါပြီ။
အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ် ၅ဝ ရှိပါတယ်။ ပြည်နယ်တွေမှာ သူ့ဖွဲ့စည်းပုံနဲ့သူ ရှိကြတယ်။ ဖက်ဒရယ်နိုင်ငံ တွေရဲ့ သက်ဆိုင်ရာ ပြည်နယ်တွေမှာ ပြည်နယ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေအသီးသီး ပြဌာန်းကျင့်သုံးကြတာဟာ အစဉ်အ လာလို ဖြစ်နေပါပြီ။ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ရေးအတွက် တောင်းဆိုသံတွေ အားကောင်းကောင်းပေါ်ထွက်လာတဲ့ ယနေ့အ ချိန်မှာ ပြည်နယ်ဖွဲ့စည်းပုံတွေ ရေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UPDJC အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ကြားသိရ တယ်။
ပြည်နယ်ဖွဲ့စည်းပုံဆိုတာဟာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်စပ်ပြီး ရေးဆွဲကျင့်သုံးကြရတာ ဖြစ်ပါတယ်။ ကိုယ်ကြိုက်သလို လွတ်လပ်တဲ့ တိုင်းပြည်တစ်ခုရဲ့ ဖွဲ့စည်းပုံမျိုး ရေးဆွဲပြဌာန်းကျင့်သုံးလို့ မရနိုင်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသေးပါဘူး။ ဒီတော့ ပြဿနာတက်လာပါတယ်။ ဘာနဲ့ဆက် စပ်ပြီး ရေးဆွဲကျင့်သုံးကြမလဲ ဆိုတာပါပဲ။ ဒီတော့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံနဲ့ပဲ ဆက်စပ်ပြီး ရေးဆွဲကျင့်သုံးကြရမယ်ရယ်လို့ မြန်မာ စစ်ခေါင်းဆောင်တွေက လမ်းကြောင်းချပေးလိုက်တာ အသေအချာပါပဲ။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ တာဝန်များကဏ္ဍမှာ ခိုင်ခိုင်မာမာရနိုင်တဲ့ အခွင့်အရေး တခုမျှ မပါရှိပါဘူး။ သာဓကအားဖြင့် အောက်ပါပြဌာန်းချက်နှစ်ခုကို နိုင်းယှဉ်လေ့လာကြည့်ပါ။
ပုဒ်မ(၃၄၇) နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့အပြင် ဥပဒေ၏အကာ အကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။
ပုဒ်မ(၃၄၈) နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိ စေရ။
အဲသည် ပြဌာန်းချက်နှစ်ခုဟာ အနှစ်သာရအရ အဓိပ္ပါယ်ခြင်း တူညီပေမယ့် မတူတဲ့ဝေါဟာရနှစ်ခုကို ထည့်သွင်းထား တာကြောင့် တစ်ခုနဲ့တစ်ခု ဆန့်ကျင်သွားပါတယ်။ ပထမတစ်ခုမှာ “မည်သူ့ကိုမဆို” ဆိုတဲ့ ဝေါဟာရကို သုံးထားတယ်။ အဂင်္လိပ် ဘာသာနဲ ့any person လို့လည်း အတိအလင်း ပြန်ဆိုထားပါတယ်။ ဒီဝေါဟာရအရ မြန်မာနိုင်ငံအတွင်းရှိ လူဟူသမျှ အားလုံး ကို ပေးထားတဲ့ အခွင့်အရေးပါ။ ဒုတိယတစ်ခုမှာ “မည်သည့်နိုင်ငံသားကိုမျှ”လို့ ဆိုထားတယ်။ အဂင်္လိပ်ဘာသာနဲ့ any citizen ပါ။ အဲဒီဝေါဟာရအရဆိုရင်တော့ လူအားလုံးကို ပေးထားတဲ့ အခွင့်အရေး မဟုတ်ပါဘူး။ နိုင်ငံသားတွေကိုသာ ပေးထားတာပါ။ ဒါကြောင့် ပထမတစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံပုဒ်မ ၃၄၇ကို အတည်ယူရင် ဒုတိယတစ်ခုဖြစ်တဲ့ ပုဒ်မ ၃၄၈ က ပျက်သွားပါတယ်။ ဒုတိ ယတစ်ခုဖြစ်တဲ့ ပုဒ်မ ၃၄၈ ကို အတည်ယူရင် ပထမတစ်ခုကို သုံးလို့မရတော့ပါဘူး။ ဒါက ၂၀၀၈ ဖွဲ့စည်းပုံကြောင့် အခွင့်အရေး တွေ ရှုတ်ထွေးမှုဖြစ်တာကို ဆိုလိုတာပါ။
ဖက်ဒရယ်စနစ်တည်ဆောက်တဲ့ သက်ဆိုင်ရာ နိုင်ငံတွေမှာ ပါဝင်ဖွဲ့စည်းတဲ့ ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပေါင်းစုံ တဦးချင်း ပြည်သူများရဲ့ အခွင့်အရေးတွေကို ထိပါးခြင်းမရှိအောင် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံမှာ အခြေခံအကျဆုံး အခွင့် အရေးတွေကို ထည့်သွင်းပြဌာန်းပေးရပါတယ်။ ဆိုလိုတာက အဲသည်အခွင့်အရေးတွေကို ပြည်နယ်ဖွဲ့စည်းပုံတွေက ငြင်းပယ်ခွင့်၊ ဥပေက္ခာပြုခွင့်၊ ရုပ်သိမ်းခွင့် မရှိပါဘူး။ ပြည်ထောင်စုဖွဲ့စည်းပုံက သဘာဝကျစွာ လွှမ်းမိုးနေလို့ပါပဲ။
မြန်မာနိုင်ငံမှာတော့ ပြည်နယ်သားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပြည်နယ်ဖွဲ့စည်းပုံတွေမှာ ဘယ်လောက် ပဲ မိုးပျံကောင်းမွန်အောင် ရေးပါစေ၊ ထည့်သွင်းပါစေ၊ ပြဌာန်းပါစေ။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နိုင်ငံသားများ၏ မူလ အခွင့်အရေးနဲ့ တာဝန်များကဏ္ဍမှာပါတဲ့ ပြဌာန်းချက်နဲ့ ဆန့်ကျင်နေရင် ၂၀၀၈ကိုသာ နာခံရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို တော့ ၂၀၀၈ခုနှစ် အခြေခံဥပဒေသာလျှင် တစ်တိုင်းပြည်လုံးရဲ့ အချုပ်အခြာဥပဒေ Supreme Law of the Land အဖြစ် မြန်မာ စစ်တပ်က အတင်းအကြပ် ကျင့်သုံးနေလို့ပါပဲ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံရဲ့ အခြေခံအခွင့်အရေးများဆိုင်ရာကဏ္ဍအပေါ် ဥပဒေကို အတည်ပြုခြင်း ရှုထောင့်ကနေလည်း သုံးသပ်ဘို့ လိုပါတယ်။ ဥပဒေတစ်ရပ်ဆိုတာ မည်မျှလောက်ပင်ကောင်းအောင် ရေးဆွဲထားသော်လည်း အဲသည်ဥပဒေကို ဘယ်လိုအတည်ပြုသွားမယ် ဆိုတဲ့အချက်က ဥပဒေစိုးမိုးရေးရှိမရှိ ဆိုတာကို အဆုံးအဖြတ်ပေးသွားတာပါ။
ပုဒ်မ (၃၅၃)ကို ကိုးကားပါရစေ။ အဲဒီမှာ “မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင် ရာ လွတ်လပ်မှုကိုဖြစ်စေ၊ နစ်နာဆုံးရှုံးမှု မရှိစေရ။” “မည်သူ့ကိုမျှ”ဆိုတဲ့ဝေါဟာရကို any person ရယ်လို့ ဘာသာပြန်ထား တာလည်း သတိပြုပါ။ အဲသည် ပြဌာန်းချက်သက်သက်ကို လေ့လာမယ်ဆိုရင်တော့ အကောင်းကြီး မဟုတ်သော်လည်း မဆိုး လောက်ဘူးလို့ ဆိုရပေလိမ့်မယ်။ သို့သော် ဒါကို ချိုးဖောက်ခံခဲ့ရသည်ရှိသော် နစ်နာခံရသူ တစ်ဦးဦးက တရားမျှတမှု ပြန်လည်ရ ရှိအောင် ဘယ်လိုဆောင်ရွက်ခွင့်ရှိမလဲဆိုတာက ဥပဒေကို အတည်ပြုခြင်းကို ရည်ညွှန်းတာဖြစ်တယ်။ အဲသည်အတွက် တိုင်း ပြည်အဆောက်အအုံအရ ပြောရမယ်ဆိုရင်တော့ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်တဲ့ တရားစီရင်ရေးယန္တရား အားကောင်း ခိုင်မာစွာ တည်ရှိဘို့ လိုပါတယ်။
ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေကနေ အသက်ဘေးလွတ်အောင် ထွက် ပြေးတိမ်းရှောင်ကြရတဲ့ တိုင်းရင်းသားလူမျိုး အသီးသီးဟာ မလွှဲမရှောင်သာလို့ ပြည်တွင်းနေရင်းရပ်ရွာ စွန့်ခွါကြသူများအဖြစ် အိုင်ဒီပီစခန်းတွေတည်ပြီး ခိုလှုံနေကြရတာပါ။ မကြာသေးခင်ကနေ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆိုတဲ့ ပုဂ္ဂိုလ် က အိုင်ဒီပီစခန်းတွေ တည်ရှိခွင့်မပြုတော့ဘူးရယ်လို့ အတိအလင်း ပြောသွားခဲ့ပါတယ်။ ဒေါက်တာဝင်းမြတ်အေး သည်လိုပြော ခွင့်ရအောင် ပြည်တွင်းမှာ မည်သည့်တည်ဆဲဥပဒေကမျှ ခွင့်ပြုမထားပါ။ သူဟာ ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့အတွက် သူ့ရဲ့ပြော ဆိုချက်ဟာ အစိုးရရဲ ့သဘောထားကို ထင်ဟပ်ရာရောက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အစိုးရတစ်ဖွဲ့လုံးမှာ တာဝန်ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အထက်ပါ ပုဒ်မ ၃၅၃ကို အတိအလင်း ချိုးဖောက်တာကြောင့်ပါပဲ။
တိုင်းရင်းသားပေါင်းစုံ ပြည်တွင်းနေရင်းရပ်ရွာစွန့်ခွါကြသူတွေဟာ စိုးတထိတ်ထိတ်နေနေကြရပြီ။ ဒီလိုဖြစ်အောင်
ဖန်တည်းတဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေအပေါ် ဘယ်မှာသွားရောက်တိုင်တန်းမလဲ။ ၂၀၀၈ ဖွဲ့စည်းပုံအ ရ တရားစီရင်ရေးယန္တရားကို ပြည်ထောင်စုအဆင့်မှာဖြစ်စေ၊ ပြည်နယ်အဆင့်မှာဖြစ်စေ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်တဲ့ တိုင်းပြည်အဆောက်အအုံ ဖြစ်အောင် ဖွဲ့စည်းခွင့်ပြုမထားဘူး။ ဖိနှိပ်ရေးယန္တရားမျိုးအဖြစ်သာ တည်ရှိခွင့်ပြုထားပါတယ်။ အဲဒါ အပြင် လူထုအပေါ် မြန်မာစစ်တပ်က ကျူးလွန်မှုတွေကို သူတို့ရဲ့စစ်ဘက်ဆိုင်ရာတရားရုံးမှာပဲ တင်ပြီး စစ်ဆေးနေတာ ဖြစ်ပါ တယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေး ပျက်သုဉ်းခြင်းမက ပျက်သုဉ်းနေတဲ့ အနေအထားကို တစ်ပြည်လုံး ကြုံတွေ့နေရတာပါပဲ။ ဆိုတော့ ဘယ်လောက်ပဲ တိုင်းရင်းသားပေါင်းစုံ လူထုတွေအပေါ် အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ၊ နစ် နာဆုံးရှုံးမှုတွေ ရှိနေပေမယ့်လည်း ခါးစည်းခံကြရရုံကလွဲလို့ ဘာမျှမတတ်နိုင်ပါ။
လူတွေရဲ ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ပြန်လည်တည့်မတ် ပြဌာန်းပေးလိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် (၁၃)ကို ပြည်တွင်းစစ် နောက်ခံသမိုင်းအကျဉ်းနဲ့ ဆက်စပ် တင်ပြပါမယ်။
(၁၈၆၁ မှ ၁၈၆၅) ခုနှစ်အထိ အမေရိကန်နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ရတဲ့ အဓိက အကြောင်းရင်း သုံးခုရှိပါတယ်။
(၁) ပြည်နယ်၏ အခွင့်အရေးနှင့် ဖက်ဒရယ်၏ အခွင့်အာဏာ အငြင်းပွားမှုရှိခဲ့တယ်။
(၂) မြောက်ပိုင်းပြည်နယ်များနှင့် တောင်ပိုင်းပြည်နယ်များအကြား စနစ်နှစ်ခု အားပြိုင်မှု ရှိခဲ့တယ်။ မြောက်ပိုင်းပြည်နယ်များမှာ စက်မှုတိုးတက်တယ်။ နိုင်ငံသားအခွင့်အရေး ပိုမိုခံစားရတယ်။ ကျေးကျွန်စနစ်ကို ဆန့်ကျင်တယ်။ ဖက်ဒရယ်ကို ပို၍ လိုလားခဲ့ တယ်။ တောင်ပိုင်းပြည်နယ်များကတော့ စက်မှု မဖွံ့ဖြိုးဘူး။ မြေယာကို အခြေပြုတဲ့ စီးပွားရေးက အဓိကဖြစ်တယ်။ ဒါကြောင့် ကျေးကျွန်များကို အဓိကထား လည်ပတ်ရတယ်။
(၃) ကျေးကျွန်စနစ်ကို ဆန့်ကျင်တဲ့ အီဗရာဟင်လင်ကွန်းကို ၁၈၆ဝခုနှစ်မှာ သမတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တာဟာ တောင်ပိုင်းပြည်နယ် ၇ခုကို မကျေမနပ်ဖြစ်စေခဲ့တယ်။ Confederate States of America ထူထောင်ရန် ကြိုးပမ်းမှု ပေါ်ပေါက် လာစေတယ်။
မြောက်ပိုင်းပြည်နယ်များဘက်က နိုင်သွားပြီး ပြည်တွင်းစစ်ပြီးဆုံးသွားခဲ့တယ်။ ၁၈၆၅ခုနှစ် ဒီဇဘင်္ာလ ၆ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် (၁၃)ကို ထည့်သွင်းပြဌာန်းပြီး ကျေးကျွန်စနစ်ကို ဖျက်သိမ်း ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ပြည်ထောင်စုအတွင်းမှာရှိတဲ့ မည်သည့်ပြည်နယ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမှ လူတွေရဲ့ အခြေခံလွတ်လပ်ခွင့်ကို ထိပါးစေတဲ့စနစ်ကို ပြဌာန်းကျင့်သုံးခွင့် မပြုတော့ပါဘူး။ အမေရိကန်နိုင်ငံရဲ့ ပြည်ထောင်စုအဆင့်မှာ ရော ပြည်နယ်အသီးသီးအဆင့်တွေမှာပါ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်တဲ့ တရားစီရင်ရေးစနစ်ကို တည်ထောင်ကျင့်သုံး တာကြောင့် ဥပဒေအတည်ပြုခြင်း အားကောင်းတယ်။ ချိုးဖောက်မှုတွေကို အရေးယူနိုင်ခဲ့တယ်။ ဥပဒေစိုးမိုးရေးကို အာမခံချက် ရှိစေတယ်။ သည်လို အခြေခံတွေကနေ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နေခြင်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့သာဓကကို လေ့လာရင် ပြည်ထောင်စုအတွင်းမှာရှိတဲ့ လူတွေရဲ့အခွင့်အရေး၊ ပြည်နယ်သားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်တဲ့နေရာမှာ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်နယ်များရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထက် ပိုပြီး အရေးပါကြောင်းကို ထောက်ပြတာပါ။ ပြည်ထောင်စု ဖွဲ့စည်းပုံနေရာမှာ အတင်းအကြပ်ယူထားတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာတော့ ဒီလို အနေအထားမျိုးကို မရနိုင်ကြောင်း ယခုလက်ရှိဖြစ်ရပ်များကို လေ့လာရုံနဲ့ ထင်ရှား လှစွာ သိနိုင်ပါတယ်။ ဒါကြောင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်စပ်ရေးဆွဲ သွားမယ်ဆိုရင်တော့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဝေးရုံသာမက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို ကျားကန်ပေး၊ စစ်မှန် တဲ့ငြိမ်းချမ်းရေးရနိုင်ဘို့ဆိုတာ စိတ်ကူးယဉ်အိပ်မက်သာ ဖြစ်ပါလိမ့်မယ်။
သည်လိုဆိုလိုက်တဲ့အတွက် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးလုပ်ငန်းစဉ်ဟာ လုံးဝကို အရေးမပါကြောင်း ပြောချင်တာ မဟုတ်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို သမိုင်းမှာချန်ထားခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ် ပေါ်ပေါက် လာရေးလုပ်ငန်းစဉ်နဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ဆက်စပ်ပြီး ရေးဆွဲသွားမယ်ဆိုရင်တော့ ဝရဇိန်လက်နက်ထက် ပိုပြီး ထက်မြက်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကြီးတစ်ခု ပေါ်လာနိုင်မှာ၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာနိုင်မှာ ဖြစ်ပါ တယ်။
ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ ဇွန်လ (၃၀)ရက်၊ ၂၀၁၈ခုနှစ်။