(မောင်ကျော်စွာ)
(၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂၄ရက်)
ကယားပြည်နယ်၊ မြို့တော်လွိုင်ကော်မှာ “ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်ထု” ထားရှိရေးကိစ္စက ထင်တာထက် ပိုပြီး အရှိန်မြင့် ကျယ်ပြန့်လာပါတယ်။
“ပါတီ” ကရော “အာမီ” ကပါ ဝင်ပြောလာတာကို တွေ့ရပါတယ်။
“ပါတီ”ဘက်က တာဝန်ရှိသူ (NLD) ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ ဦးအောင်ရှင်ရဲ့ ပြောဆိုမှု ကတော့ အနှစ်ချုပ်အားဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိရှိ ဆောင်ရွက်နိုင်ဖို့ (ပါတီပိုင်း ကရော/ သက်ဆိုင်ရာ အစိုးရပိုင်းကပါ လုပ်ဆောင်ဖို့) မီးစိမ်းပြလိုက်တာပဲ ဖြစ်ပါတယ်။ မုံရွာ ဦးအောင်ရှင်ရဲ့ ဒီပြောဆိုချက်ဟာ အချိန်အရ နောက်ကျနေပြီဖြစ်သော်လည်း စနစ်တကျ လေ့လာစုံစမ်းဖို့တော့ သိပ်လိုအပ်တဲ့ကိစ္စဖြစ်ပါတယ်။ ကယားပြည်နယ် ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကလည်း နာမည်နဲ့လိုက်အောင် “ဖောင်း”သွားတာတော့ သေချာပါတယ်။
“အာမီ”ဘက်က (တပ်မတော်သတင်းမှန်ပြန်ကြားရေး) ပြောပေါက်ဆိုပေါက်ကတော့ “ကယားပြည်နယ်ဝန်ကြီးချုပ်က သူတို့ အရှုပ်အရှင်းထဲ ကျုပ်တို့စစ်တပ်ကို ဆွဲထည့်နေတယ်၊ အာဏာသိမ်းတာက ကျုပ်တို့ ပရော်ဖက်ရှင်နယ်အလုပ်ပဲ။ ဘယ်သူ မှဝင်ပြီး ဆရာကြီးလုပ်ဖို့မလိုဘူး။ ပြည်ထောင်စုအစိုးရအနေနဲ့ ဆုံးမကြအုံး” ဆိုတဲ့အထာနဲ့ မဂင်္လာယူ အသံကောင်း ဟစ်လိုက် တာပါ။ “ဒီချုပ် အစိုးရ” ကို နားရွက်ဆွဲပြီး ပညာပေးလိုက်တာပါ။ မီးလောင်ရာလေပင့် ပေးလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို သဘေင်္ာဆေးနဲ့ ပတ်သွားတဲ့ ဖြစ်ရပ်က လည်း ကယားပြည်နယ်ဝန်ကြီးချုပ်ရဲ့ “စစ်တပ်ခေါ်လိုက်ရမလား/စစ်တပ်ကို အမိန့်ပေးလိုက်ရမလား” ဆိုတဲ့ ပြောဆိုချက်နဲ့အ ပြိုင် တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာပါတယ်။
တကယ်က ပြဿနာက ဒေသခံပြည်သူတွေရဲ့သဘောထားကို မစုံစမ်းဘဲ၊ မညှိနှိုင်းဘဲ၊ မရယူဘဲ၊ အစိုးရအုပ်စိုးသူ၊ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူတွေက ထင်သလိုပြုမူလုပ်ဆောင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဗြူရိုက ရက်အရာရှိဆိုး သဘောထားနဲ့ လုပ်ဟန်ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို စစ်အုပ်စုအဆက်ဆက်က ၁၉၆၂ခုနှစ်၊ မတ်လ ၂ရက် နေ့ကနေ ဒီကနေ့အထိ စွဲစွဲမြဲမြဲ ကျင့်သုံးနေတာဖြစ်ပါတယ်။ ဒီလို အကျင့်ဆိုး၊ စရိုက်ဆိုး၊ လုပ်ဟန်ဆိုးကို လူမျိုးပေါင်းစုံပြည်သူ များက ရွံရှာမုန်းတီးပါတယ်။ ကန့်ကွက် ဆန့်ကျင်ပါတယ်။ တိုက်ဖျက်ပစ်လိုပါတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ မူအရရော သဘော ထားအရရော၊ လုပ်ဟန်အရပါ လုံးဝ လက်မခံနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။
“ရပ်ကျေးအဆင့်အစ – ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအလယ် – ပြည်ထောင်စုအစိုးရအထိ” အဆင့်ဆင့် တာဝန်ရှိ ကြတဲ့ ဒီချုပ်ပါတီ အစိုးရအဖွဲ့ဝင်တွေဟာ ဒီမိုကရေစီလုပ်ဟန်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်တဲ့ ဗြူရိုကရက်အရာရှိဆိုး သဘောထားနဲ့ လုပ်ဟန်ကို လုံးဝ မကျင့်သုံးသင့်ပါဘူး။ ဒီလို သဘောထား၊ လုပ်ရပ်တွေနဲ့ ပြတ်ပြတ်သားသား စည်းခြားရမှာ ဖြစ်သလို၊ ဒီလို အပြောဆိုတွေ၊ အပြုအမူတွေ၊ လုပ်ဟန်တွေ တွေ့မြင်ကြားသိရရင်လည်း လိုအပ်ချက်အလိုက် ပညာပေး၊ ဆုံးမ တာကနေ ပြတ်ပြတ်သားသား ဆန့်ကျင်၊ ကန့်ကွက်ဝေဖန်တာ၊ အရေးယူတာတွေအထိ တိတိကျကျ အလေးထား ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။
တနည်းအားဖြင့် ပြောရရင် “ဒီမိုကရေစီဆိုတာ ပြည်သူ့လိုအပ်ချက်ကို ပြည်သူ့သဘောထားဆန္ဒနဲ့အညီ ပြည်သူတွေ ရဲ့ နိုးကြားတက်ကြွတဲ့ ပါဝင်လုပ်ဆောင်မှုနဲ့ ဆောင်ရွက်အကောင်အထည်ဖော်ခြင်း” ပဲ မဟုတ်ပါလား။ အခုတော့ ဒီမိုကရေစီရဲ့ အဲဒီအနှစ်သာရ ဝိဉာဉ်ပျက်ယွင်းကင်းမဲ့နေပါတယ်။ ပျက်ကွက်နေပါတယ်။ ဒါကို ဒီချုပ်ပါတီခေါင်းဆောင်များ၊ ဒီချုပ်ပါတီအစိုးရ တာဝန်ရှိသူများအနေနဲ့ အလေးအနက် အရေးယူဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။
အခုတော့ “သက်ဆိုင်ရာ ဒေသခံပြည်သူတွေထံကနေ သဘောထားဆန္ဒ အကျေအလည် ရယူခြင်းမရှိဘဲ လုပ်တဲ့ ပြဿနာ”ကို “ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို မလိုလားမှု (ဝါ) ဗိုလ်ချုပ်အောင်ဆန်းဆန့်ကျင်ရေး”လို့ သွားပုတ်လေလွင့် သရုပ် ဖျက် ပြောဆိုတာအထိ အတင့်ရဲစွာ ပြောဆိုလာနေကြပါပြီ။
တကယ့်ပြဿနာအရင်းခံက သက်ဆိုင်ရာဒေသခံ ပြည်သူတွေနဲ့ကြိုတင်ညှိနှိုင်းပြီး သဘောထားဆန္ဒ အကျေအလည် ရယူခြင်းမရှိဘဲ၊ ဒီမိုကရေစီလုပ်ဟန်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်တဲ့ ဗြူရိုကရက်အရာရှိဆိုး သဘောထားနဲ့ လုပ်ဟန်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေ ရွံ့ရှာမုန်းတီးနေတာ၊ ဆန့်ကျင်နေတာ၊ ကန့်ကွက်နေတာ အဲဒီသဘောထားနဲ့ အဲဒီလုပ်ဟန်ပဲ ဖြစ်ပါ တယ်။
ဒီလုပ်ဟန်က ယနေ့ စစ်တပ်က “တပ်ပိုင်မြေ”လို့ ဆိုင်းဘုတ်ကပ်ပြီး လယ်သမားရဲ့လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ တွေကို သိမ်းတဲ့လုပ်ဟန်ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလုပ်ဟန်က “ပြည်သူပိုင်”ဆိုတဲ့ ဆိုင်းဘုတ်ကပ်ပြီး လုယက်ခဲ့တဲ့ ဗိုလ်နေဝင်း စစ်အုပ်စုရဲ့ တော်လှန်ရေးကောင်စီ လုပ်ဟန်ကနေ တိုက်ရိုက်အမွေခံပြီး ဆင်းသက်လာတာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကို တစ်လျှောက်လုံး မှေးမှိန်ပျောက်ပျက်သွားအောင် တစဉ်တစိုက် လုပ်ဆောင်ခဲ့တာပါ။ အခုထိလည်း လုပ်ဆောင်နေဆဲပါ။ ၁၉၈၈ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားလာတဲ့ အခါ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးထွေး ဒေါ်အောင်ဆန်းစုကြည်က လူထုအရေးတော်ပုံကြီးဘက်ကနေ ပါဝင်ရပ်တည်ဆောင် ရွက်လာတဲ့အခါမှာ စစ်အုပ်စုရဲ့ အညှိုးအတေးနဲ့ အာဃာတဟာ ပိုမိုဗြောင်ကျပြီး အရှက်ကင်းမဲ့စွာ လုပ်ဆောင်လာတာကို တွေ့ ရပါတယ်။
၂၀၀၈ အခြေခံဥပဒေထဲမှာပါရှိတဲ့၊ “ပုဒ်မ ၅၉(စ)”ကတော့ စစ်အုပ်စုရဲ့ အညှိုးအတေးနဲ့အာဃာတကို အထင်ရှားဆုံး ဖော်ပြတဲ့ အချက်အလက်တွေထဲက တစ်ခုပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းကိုရော ဗိုလ်ချုပ်အောင်ဆန်းမျိုးဆက်ကိုပါ နိုင်ငံရေးကနေ နိုင်ငံကနေ ဖယ်ထုတ်ဖို့ ပက်ပက်စက်စက် လုပ်ကြံခဲ့ကြတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုရဲ့ “အစ်ကို” ဖြစ်သူဟာလည်း စစ် အုပ်စုရဲ့ (character assassination)လုပ်တာ ခံသွားရတာပဲလို့ ယူဆပါတယ်။ ဒီလုပ်ငန်းမှာ အဓိက ကြိုးကိုင်ဒါရိုက်တာဟာ သေသွားပြီဖြစ်တဲ့ ဗိုလ်အောင်ကြီး ဖြစ်မယ်လို့လည်း ယူဆပါတယ်။
စစ်အုပ်စုရဲ့ အဓိကရည်ရွယ်လုပ်ဆောင်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားနဲ့သမီးဟာ မြန်မာပြည် ပြည်သူလူ ထုနဲ့ မြန်မာပြည်နိုင်ငံရေးနဲ့၊ မြန်မာပြည်နဲ့ ဝေးနိုင်သမျှဝေးအောင်၊ ကင်းနိုင်သမျှကင်းအောင်၊ မပါဝင်နိုင်အောင်၊ ပါဝင်လို့မရ အောင် ကောက်ကျစ်ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ ပိတ်ပင်ကန့်သတ်ထားဖို့ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားနဲ့သမီးတွေဟာ ပြည်သူလူထုအရေးမှာ၊ ဒီမိုကရေစီအရေးမှာ၊ တန်းတူရေးနဲ့ဖက်ဒရယ် ပြည်ထောင်စုအရေးမှာ၊ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးမှာ ပြည်သူများနဲ့အတူ မားမားမတ်မတ်ပါဝင် ရှေ့ဆောင်လာမှာကို စစ်အုပ်စုက သေမလောက် ကြောက်ဒူးတုန်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာဒေသခံတွေအနေနဲ့လည်း “ဒီမိုကရေစီမဆန်တဲ့ ဗြူရိုကရက်အရာရှိဆိုး သဘောထားနဲ့လုပ်ဟန် ဆန့်ကျင်ရေးလား” – “ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု မထားရှိရေးလား (ဝါ) ဗိုလ်ချုပ်အောင်ဆန်းဆန့်ကျင်ရေးလား” ဆိုတဲ့ကိစ္စမှာ ပြတ်ပြတ်သားသား စည်းခြားပြောဆိုကြဖို့လိုပါတယ်။ ဒီလိုမှ ပြတ်သားစွာ စည်းခြားမထားဘူးဆိုရင် အလစ်ချောင်းနေတဲ့ အကြံ သမားငစဉ်းလဲတွေရဲ့ အသုံးချခံရမှုစက်ကွင်းထဲ မထင်မှတ်ဘဲ ကြရောက်သွားပါလိမ့်မယ်။ နိုးကြားမှုနဲ့ သတိရှိကြပါ။