Home သတင်း ၂၁ ရာစု ပင်လုံ ကျင်းပနေစဉ် KNU တပ်မဟာ (၅) တွင် ပစ်ခတ်မှုဖြစ်ပွား

၂၁ ရာစု ပင်လုံ ကျင်းပနေစဉ် KNU တပ်မဟာ (၅) တွင် ပစ်ခတ်မှုဖြစ်ပွား

1869
ဗိုလ်မှူးချုပ် စောမူဟဲ

ဇူလိုင် ၁၅ရက်၊ ၂ဝ၁၈ ခုနှစ်။ ကေအိုင်စီ

နေပြည်တော်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ တတိယအစည်း အဝေး ကျင်းပနေစဉ်အတွင်း ကရင်အမျိုးသားအစည်းအရုံး၏ ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေ တွင် ဇူလိုင်လ ၁၂ ရက်နေ့က အစိုးရတပ်မတော်နှင့် ကေအဲန်ယူ အဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ သည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ ကေအဲန်ယူ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူ (ပြီးခဲ့သည့် မတ်လ ဆန်းပိုင်းက လမ်းဖောက်လုပ်မှုကြောင့် စစ်ရေးတင်းမာမှု ဖြစ်ပွားသည့် နေရာ) အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တပ်မတော်ဘက်က တစ်ဦးသေဆုံးခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ယခုလို အတည်ပြု ပြောဆို သည်။

“ သတ်မှတ်နယ်မြေကို ကျော်လွန်လာတဲ့အတွက် ဖြစ်သွားတာပါ။ တစ်ယောက်သေတယ်။ မနက် ၉ နာရီ မိနစ် ၄ဝမှာ အနည်းငယ် ဖြစ်ပွားတာပါ။ သူတို့ပဲ လိုတာပါ။ ကျနော်တို့ သတ်မှတ်ထားတဲ့ စည်းကမ်းကို ချိုးဖောက်တဲ့အတွက် ပစ်တာပေါ့။ မချိုးဖောက်ရင် ဘယ်ပစ်မလဲ ”ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောဆိုသည်။

KNU အနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ထိစပ်နယ်မြေတိုင်းတွင် သတ်မှတ်ထားသောနယ်မြေ ကိုက် ၁ဝဝ အတွင်းသာ သွားလာလှုပ်ရှားရန် သတ်မှတ်ထားပြီဖြစ်ပြီး ယခုပစ်ခတ်မှုကို အကြောင်းပြုပြီး ပြဿနာ ကြီးကြီးမားမား ထပ်မံ ဖြစ်ပွားလာရန် မရှိနိုင်ကြောင်း ဗိုလ်မှူးချုပ် စောမူဟဲက ဆက်ပြောသည်။

၎င်းပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာတွင် ယခုနှစ် မတ်လ ဆန်းပိုင်းက ခေးပူနှင့် လယ်မူပ လော ကြား ကားလမ်းဟောင်းကို မြန်မာ့တပ်မတော်ဘက်မှ ပြုပြင်ဖောက်လုပ်မှုများ ပြုလုပ်ရာတွင် သတ် မှတ် နယ်မြေကို ကျူးကျော်လာသည်ဟုဆိုကာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ကားလမ်း အနီးအနားရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံ ၂,၃ဝဝ ကျော်မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှာ ယခုအချိန်ထိဖြစ်သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ယခင်သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် အခြားသော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၇ဖွဲ့နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောစာချုပ် (အန်စီအေ)ကို လက်မှတ်ရေး ထိုးထားသော အဖွဲ့ဖြစ်သည်။

နေပြည်တော်တွင် ဇူလိုင်လ ၁၁ ရက်မှ ၁၆ရက်နေ့အထိ ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးတွင် ကေအဲန်ယူ ကိုယ်စားလှယ် (၂၉ )ဦး တက်ရောက်လျက်ရှိသည်။