Home သတင်း လှိုင်းဘွဲမြို့ ပေါ် ရေကြီးမှု ဖြစ်ပွား၍ အိမ်ထောင်စု အချို့ နေရာပြောင်းရွှေ့ပေးရ

လှိုင်းဘွဲမြို့ ပေါ် ရေကြီးမှု ဖြစ်ပွား၍ အိမ်ထောင်စု အချို့ နေရာပြောင်းရွှေ့ပေးရ

1206

ဇူလိုင် ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား

မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်အားလုံးတွင် ရေကြီး ရေဝင်မှု များဖြစ်ပေါ်နေသည်ဟု လှိုင်းဘွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ဇူလိုင် ၁၆ ရက် (ယနေ့)တွင် ကေအိုင်စီသို့ ပြော သည်။

ဇူလိုင်လ ၁၄ ရက် မနက်ပိုင်းမှ စတင်ကာ လှိုင်းဘွဲချောင်းတွင် ရေကြီးလာမှုကြောင့် လှိုင်းဘွဲမြို့ရှိ (က)၊ (ခ)၊ (ဂ)၊ (ဃ) စသည့် ရပ်ကွက် ၄ ရပ်ကွက်လုံး ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် ရေကြီးမှု အခြေအနေများနှင့်ပတ်သက်၍ ဦးမင်းသိန်းက ယခုလိုပြောသည်။

၎င်းက “အိမ်ကြမ်းပြင်အပေါ် ၃ ပေကျော်အထိ မြှုပ်နေတဲ့ (က) ရပ်ကွက်က အိမ်ထောင်စု ၅ စု အတွက် ကယ်ဆယ်ရေးတွေ လုပ်ထားပါတယ်။ ကျန်တဲ့ရပ်ကွက်တွေကတော့ ရေဝင်တဲ့အခြေအနေပဲရှိပါသေးတယ်။ ပိတ်ထားရမယ့် စာသင်ကျောင်းရဲ့ စာရင်းတွေကို လုပ်နေတုန်းပါ။ လောလောဆယ် ရေ ဆက်ပြီး တက်လာတာတော့ မတွေ့သေးဘူး”ဟု ပြောသည်။

အဆိုပါ ရေကြီးမှုအခြေအနေများကြောင့် လှိုင်းဘွဲမြို့(က)ရပ်ကွက်ရှိ ရေဘေးရှောင် အိမ်ထောင်စု ၅ စုမှာ အုပ်ချုပ်ရေးမှူးရုံးတွင် ယာယီ ပြောင်းရွှေ့ နေထိုင်နေရပြီး ပျက်စီးဆုံးရှုံးမှုနှင့် အသေအပျောက်များ မရှိသေးကြောင်းလည်း အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောသည်။

တောင်ကျချောင်းရေကြောင့် လှိုင်းဘွဲမြို့ရှိ မြေနိမ့်ပိုင်းအချို့တွင် နှစ်စဉ်ရေကြီးမှုနှင့် ကြုံရပြီး ယခင် နှစ်များတွင် ရေ ၆ ပေကျော်အထိ တက်သည့်အတွက် ရေဘေးရှောင်အိမ်ထောင်စု ၅၀ ကျော်အထိ ရှိခဲ့သည်ဟု သိရသည်။