ဇွန် ၂၆ ရက်၊ ၂ဝ၁၈ခုနှစ်။ စောသိန်းမြင့်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂ဝ၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဂေ ကော်မြ (၄၅ )နှစ်သည် ယမန်နေ့ (ဇွန် ၂၅ရက်)တွင် ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံ၌ အသဲကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
ညီမဖြစ်သူ နော်ဂျီနီဗာမြက “လွန်ခဲ့တဲ့သုံးလက မဲဆောက်မှာ ဆေးစစ်မှုလုပ်တော့ ကင်ဆာဖြစ်မှန်း သိရအပြီး ချင်းမိုင်ကို သွားကုတယ်။ ဆရာဝန်က ဆေး ၁ လုံး၊ ၂ လုံး၊ ၃လုံးအထိ ထိုးတယ်။ ၄ လုံးမြောက် ထိုးဖို့အတွက် သူအားမရှိတော့ နေအိမ်မှာ ပြန်လာအနားယူတယ်။ အခြေအနေက ဆိုးလာတာနဲ့ ပြီးခဲ့တဲ့ အဂင်္ါနေ့က မဲဆောက်ဆေးရုံကို တင်ပြီး မနေ့က ၈ နာရီ ၄ဝ မိနစ်မှာ သေဆုံးသွားပါတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ၎င်း၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ ဟွေ့မယ်ပလယ်ကျေးရွာရှိ ၎င်းတို့၏ နေအိမ်၌ ပြန်လည်ထားရှိပြီး ဈာပနာအခမ်းအနားအတွက် လိုအပ်သည်များကို မိသားစုဝင်များက စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု နော်ဂျီနီဗာမြက ဆက်ပြောသည်။
စောဂေကော်မြသည် ဗိုလ်ချုပ်မြ၏ သားသမီး ၆ ဦးအနက် ၅ ဦးမြောက်ဖြစ်ပြီး သူသည် အိန္ဒိယနိုင်ငံ၊ အမေရိ ကန်နိုင်ငံတို့တွင် သွားရောက်ပညာသင်ယူခဲ့ပြီးနောက် ၂ဝဝဝ ခုနှစ်တွင် KNU ၏ အုပ်ချုပ်ရေးပိုင်းတွင် စတင်ဝင်ရောက်ခဲ့ရာ အဖွဲ့အစည်း၏ တာဝန်ပေးချက်အရ KNU တပ်မဟာ(၄) အခြေစိုက် KNLA တပ်ရင်း ၂ဝ၃ တပ်ရင်းမှူးတာဝန်ကို လွှဲပြောင်းတာဝန်ယူခဲ့ရာမှာ ကွယ်လွန်ချိန်အထိဖြစ်သည်။
KNU ဘိတ်ထားဝယ်ခရိုင် တွဲဖက်အတွင်းရေးမှူး ပဒိုစောဖလိုစိုးဝင်းက“ သူက ကျလာတဲ့တာဝန်ကို အ ကောင်းဆုံးထမ်းဆောင်နေတဲ့သူတစ်ယောက်ပါ။ ကျနော်တို့ရဲ့ စီမံအုပ်ချုပ်မှုအပိုင်းက လိုအပ်တဲ့အချိန်မှာ အခုလို တစ်နေရာ လစ်ဟသွားတဲ့အတွက် ကျနော်တို့အတွက် အများကြီး နစ်နာရပါတယ်။ နှစ်အ တော်ကြာ အတူတူ လက်တွဲအလုပ်လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရုတ်တရက် ကျနော်တို့ကို ထားရစ်ခဲ့တဲ့အပေါ်မှာလည်း ဆုံးရှုံးမှု တစ်ခုဖြစ်စေပါတယ်။ ”ဟု ပြောသည်။
သူကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ နော်ဖောရေဝါးနှင့်အတူ သားသမီး (၃)ဦးအပြင် မိခင်ဖြစ်သူ နော်လားဖိုး၊ အစ်ကိုလတ်ဖြစ်သူ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ၊ ညီဖြစ်သူ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ ဗိုလ်ချုပ် စောနေစိုးမြနှင့် (၂) နှစ်ဦးတို့ ကျန်ရစ်ခဲ့သည်။ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားကြီးဖြစ်သူ ၂ဝ၂ တပ်ရင်းမှူးဟောင်း ဒုဗိုလ်မှူးကြီး စောနေကော်မြကလည်း လွန်ခဲ့သည့် ၂ဝဝ၈ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီးဖြစ်သည်။
ဒုဗိုလ်မှူးကြီး စောဂေကော်မြ၏ ဈာပနအခမ်းအနားကို လာမည့်ဇွန် ၂၈ ရက်( ကြာသပတေးနေ့)တွင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် အစ်ကိုကြီးဖြစ်သူ ဒုဗိုလ်မှူးကြီး စောနေကော်မြတို့၏ အုတ်ဂူရှိရာ KNU ဖားအံခရိုင်၊ မူအေးပူနေရာတွင် ပြုလုပ်သွားမည်ဟု မိသားစုဝင်များက ပြောသည်။