Home သတင်း အစိုးရနှင့်တပ်မ‌တော်၏ လုပ်ရပ်များကို ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက် ရှုတ်ချ

အစိုးရနှင့်တပ်မ‌တော်၏ လုပ်ရပ်များကို ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက် ရှုတ်ချ

2489

‌မေလ ၁၇ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

မြန်မာနိုင်ငံအတွင်းရှိ ‌ဒေသအသီးသီးမှ စစ်ပွဲများရပ်‌ရေးနှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်ရာတွင် ပါဝင်သူများအား ဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်းများကို ပြုလုပ်လျက်ရှိ‌နေ‌သော‌ကြောင့် အစိုးရနှင့် တပ်မ‌တော်၏ အကြမ်းဖက်ဖိနှိပ်မှု လုပ်ရပ်များကို လုံးဝရှုတ်ချ‌ကြောင်း ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက် (KPSN )မှ ယ‌နေ့ ‌မေလ ၁၇ ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်သည်။

ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက်‌ပြောခွင့်ရသူ ‌စော‌ကျော်စွာက“ စစ်ပွဲရပ်လှုပ်ရှားမှုများနဲ့ ငြိမ်းချမ်း‌ရေး လှုပ်ရှားမှု‌တွေ အ‌ပေါ်မှာ ဒီမိုက‌ရေစီ အစိုးရအ‌နေနဲ့ ကိုင်တွယ်မှုကို ကျ‌နော်တို့က မီး‌မောင်းထိုးပြချင်တယ်‌ပေါ့‌နော်။ ဒီလိုမျိုး ငြိမ်းချမ်း‌ရေး ‌တောင်းဆိုတာကို အား‌ပေးရမယ့်အစား အစိုးရက ဒီလိုကိုင်တွယ်တာကို မီး‌မောင်းထိုးပြတာ ဖြစ်တယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်‌မြောက်ပိုင်းနှင့် ကရင်ပြည်နယ် အစရှိ‌သော ပြည်နယ်များအတွင်း တပ်မ‌တော်၏ ထိုးစစ်ဆင်မှု‌ကြောင့် ကြီးမားကျယ်ပြန့်စွာဖြစ်‌ပေါ်‌နေသည့် ပြည်တွင်း ‌နေရပ်စွန့်ခွာ တိမ်း‌ရှောင်‌နေရမှုများ ၊ အ‌ကြောင်းမဲ့ သတ်ဖြတ်မှုများ ၊ မုဒိမ်းမှုများနှင့် ညှင်းပန်းနှိပ်စက်မှုများအ‌ပေါ် တပ်မ‌တော်အား ပြင်းထန်စွာ ရှုတ်ချ‌ကြောင်းကိုလည်း သ‌ဘောထားထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် မြစ်ကြီးနား ၊ ရန်ကုန် ၊ မန္တ‌လေး ၊ နတ်တလင်း နှင့် ပြည်/‌အောင်လံရှိ ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဖမ်းဆီးခြင်းခံ‌နေရ‌သော ငြိမ်းချမ်းစွာ ဆန္ဒပြ‌နေသူများအား ချက်ချင်းလွတ်‌ပေးရန်နှင့် ၎င်းတို့အ‌ပေါ် စွဲဆိုထား‌သော စွဲဆိုချက်များအား ချက်ချင်းပယ်ဖျက်‌ပေးရန် စသည်တို့ကိုလည်း သ‌ဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်း‌တောင်းဆိုထားသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ‌စော‌ကျော်စွာက “ ပြည်သူလူထုက ငြိမ်းချမ်း‌ရေးလိုလားတဲ့အခါမှာ သက်ဆိုင်ရာအစိုးရက ကြည်ကြည်ဖြူဖြူ နဲ့ ခွင့်ပြုပြီး‌ဖေးမကူညီရမယ့်အစား တားမြစ်တာတို့ ဖမ်းဆီး အ‌ရေးယူ တာတို့ကို မလုပ်‌စေချင်ဘူး‌ပေါ့‌လေ။ တကယ်လို့အကြမ်းဖက်မှု‌တွေဖြစ်လာမယ်ဆိုရင်‌တော့ အ‌ရေးယူဖို့ သင့်တာ‌ပေါ့ ” ဟု ‌ပြောသည်။

ယခုအချိန်တွင် ကချင်နှင့် ရှမ်း‌မြောက်တွင် တပ်မ‌တော်နှင့် နယ်‌မြေခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့အကြား ပစ်ခတ်မှုများဖြစ်ပွား‌နေဆဲဖြစ်ပြီး လက်ရှိအ‌ခြေအ‌နေများအရ ကရင်ပြည်နယ်တွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် (NCA)လက်မှတ် ‌ရေးထိုးထား‌သော်လည်း နှစ်ဖက်တပ်များအကြား ပြီးခဲ့သည့်မတ်လဆန်းပိုင်းမှစတင်ကာ တင်းမာမှုများရှိ‌နေသည့် အ‌နေအထားများလည်း ဖြစ်‌ပေါ်လျက်ရှိသည်။

ထို့အတူ KPSN မှ လက်ရှိအ‌ခြေအ‌နေများအ‌ပေါ် ယခုလိုသ‌ဘောထားထုတ်ပြန်မှုများရှိသကဲ့သို့ ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများကလည်း ပဋိပက္ခအတွင်းရှိ ဒုက္ခခံစား ‌နေရ‌သော စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် အကူအညီများရရှိရန် ယခုရက်ပိုင်းအတွင်း အလှူခံ‌ပေးခြင်းများ လုပ်‌ဆောင်‌နေမှုများလည်း ရှိသည်။

ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြု ကွန်ရက်သည် ‌ကေအဲန်ယူနှင့် အစိုးရတို့ကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း ‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်ကို အ‌ထောက်အကူပြုရန် ရည်ရွယ်ကာ ၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် စတင်တည်‌ထောင်ခဲ့ ခြင်းဖြစ်ပြီး လက်ရှိ မြန်မာပြည်တွင်းနှင့် နယ်စပ်‌ဒေသရှိ ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်း‌ပေါင်း ၂၉ ဖွဲ့ပါဝင်သည်။