Home ဆောင်းပါး ထိုးနှက်မှုများ‌အောက်က နယ်စပ်ကရင့်ပညာ‌ရေး

ထိုးနှက်မှုများ‌အောက်က နယ်စပ်ကရင့်ပညာ‌ရေး

3042

စအိုင်ဆူး
‌မေ ၂၉ရက်၊ ၂ဝ၁၈ခုနှစ်။

အနက်‌ရောင် ဘွဲ့ဝတ်စုံအပြည့် ဝတ်ဆင်ထားတဲ့ လူငယ်‌မောင်မယ်‌လေး‌တွေ သစ်၊ ဝါး အ‌ခြေပြုပြီး ‌ဆောက်လုပ်ထားတဲ့ အ‌ဆောက်အဦးငယ်‌လေး‌တွေက‌နေ မိသားစုဝင်အချို့နဲ့ အလျှိုလျှို ထွက်လာကြ‌နေကြပါတယ်။ သူတို့‌တွေရဲ့ မိသားစုဝင်‌တွေက ဂုဏ်ယူရမဲ့‌နေ့မို့ တက်တက်ကြွကြွ ရှိ‌နေကြပါတယ်။ အမျိုးသမီးငယ်‌လေး‌တွေရဲ့ မျက်နှာ‌တွေမှာ မြင်‌တွေ့‌နေကျ ပါးပြင်ထက်က သဘာဝသနပ်ခါးအစား နှုတ်ခမ်းနီ၊ မိတ်ကပ်‌တွေကသာ လှပစွာ ‌နေရာယူ‌နေပါတယ်။

အခမ်းအနားကို မနက် ၈နာရီမှာသတ်မှတ်ထားတာ‌ကြောင့် တစ်ခုထဲ‌သော Congratulation စာလုံးပါ ပိုစတာကို ‌နောက်ခံပြုပြီး မိသားစုဝင်အချို့၊ မိတ်‌ဆွေ၊ သူငယ်ချင်း‌တွေနဲ့အတူ စု‌ပေါင်းအမှတ်တရ ဓါတ်ပုံကို အလုအယက် ရိုက်ယူ‌နေကြသူ‌တွေက‌တော့ ကရင်‌ကျောင်းဆရာပညာ‌ရေး‌ကောလိပ်-KTTC‌ကျောင်းက‌နေ (၇)ကြိမ်‌မြောက် ‌မွေးထုတ်‌ပေးလိုက်တဲ့ ကရင်‌ကျောင်းဆရာ၊ ဆရာမ‌လောင်းလျာ‌တွေပဲ ဖြစ်ပါတယ်။

‌မေလ ၁၈ရက်‌နေ့က ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၊ မဲသ‌ရောခီး‌ကျေးရွာမှာ ပြုလုပ်တဲ့ Karen Teacher Training Course – KTTC ‌ကျောင်းဆင်းပွဲတစ်ခု။
သတ်မှတ်နာရီ‌ရောက်လာတာနဲ့အမျှ ဆရာ၊ ဆရာမ‌လောင်း‌တွေဟာ မြို့ပြ‌ဒေသလို ပကာသနအလှ‌တွေ ပြင်ဆင်ထားခြင်းမရှိဘဲ ရာဘာပူ‌ဖေါင်း၊ သုံး‌ရောင်ခြယ် ဖဲကြိုး၊ သဘာဝပန်း‌လေး‌တွေနဲ့သာ အဖြစ်သ‌ဘော အလှဆင်ထားပြီး သစ်/ဝါးနဲ့ ‌ဆောက်ထားတဲ့ ခန်းမ‌ဆောင်ထဲကို ဝင်‌ရောက်ဖို့ အပြင်ဘက်က‌နေ အဆင်သင့် ‌နေရာယူ‌နေကြပါတယ်။

အခမ်းအနားမှူးရဲ့ ဆင့်‌ခေါ်မှုနဲ့အတူ ‌ကျောင်းသူ‌ကျောင်းသား‌တွေ ခန်းမ‌ဆောင်ထဲ ဝင်‌ရောက်လာချိန်။ လက်လုပ်ပန်းကုံး၊ ပန်း စည်း‌လေး‌တွေ ကိုယ်စီကိုင်ကာ အသင့်‌နေရာယူထားကြတဲ့ ‌ကျောင်းသားမိဘ၊ လူထုပရိဿတ်နဲ့အတူ ပညာ‌ရေးတာဝန်ရှိသူ အားလုံး မတ်တပ်ရပ်ဂုဏ်ပြု‌ပေးရင်း အခမ်းအနားမှူးရဲ့ ပန်ကြားချက်အဆုံး သူတို့‌တွေရဲ့ သတ်မှတ်‌နေရာ အသီးသီးမှာ ‌နေရာ ယူ ထိုင်ကြပြီးတဲ့‌နောက် အခမ်းအနား အစီအစဉ်ကို စတင်လိုက်ပါတယ်။

KTTC ‌ကောလိပ်‌ကျောင်းကို KNU-ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင်၊ ဟို‌ကေ‌ဒေသနဲ့ ဒူးပလာယာခရိုင်၊ မဲသ‌ရောခီး ‌ဒေသတို့မှာ နှစ်‌ကျောင်း ဖွင့်လှစ်ထားရှိပါတယ်။ အဲဒီ ‌ကျောင်းနှစ်‌ကျောင်းက‌နေ အခုနှစ် ပညာသင်နှစ်အတွက် ‌ကျောင်းဆရာ၊ ဆရာမ‌ပေါင်း (၈၅)ဦးကို ‌မွေးထုတ်နိုင်ခဲ့ပါတယ်။ ပညာသင်နှစ် ၂နှစ်ကာလ ‌အောင်မြင်ခဲ့တဲ့ ‌ကျောင်းဆရာ၊ ဆရာမ‌တွေကို Karen Teachers’ Working Group – KTWG က အသိအမှတ်ပြုလက်မှတ်နဲ့ ပညာသင်နှစ် အပါအဝင် လက်‌တွေ့ကာလ စုစု ‌ပေါင်း ၄နှစ် ‌အောင်မြင်ခဲ့တဲ့ ‌ကျောင်းဆရာ၊ ဆရာမ‌တွေကို KED-ကရင်ပညာ‌ရေးဌာနက ဒီပလိုမာ(Diploma)ဘွဲ့ အသီးသီး ‌ပေး အပ်ခဲ့ပါတယ်။

၎င်းတို့အထဲက ‌စောချစ်ချစ်မိုးဆိုသူက “ဒီ‌ကျောင်းကို ကျ‌နော်‌ရွေးချယ်ဖြစ်တာက ကျ‌နော့်အ‌မေက ကျ‌နော့်ကို ‌ပြောတယ်။ ရွာထဲ မှာ ဆရာ‌တွေ လိုအပ်‌နေတယ်။ ရွာမှာက ပညာတတ်‌တွေနည်းတယ်။ ရွာက သားကို လိုအပ်‌နေတယ်‌ပေါ့။ ကျ‌နော့်အ‌နေနဲ့လည်း ‌ကျောင်းဆရာကို ဝါသနာပါတာ‌ကြောင့် ဆယ်တန်း‌အောင်ပြီး ဒီ‌ကျောင်းကို လာတက်ဖြစ်တာပါ။ ဒီ‌ကျောင်းပြီးသွားပြီးဆို‌တော့ ကျ‌နော့်ကို လိုအပ်တဲ့သူ‌တွေဆီကို ပညာ‌တွေ ပြန်‌ဝေမျှ‌ပေးသွားမယ်”လို့ ပညာ‌ရေးဝန်ထမ်းဘဝ ‌ရွေးချယ်ခဲ့ပုံကို ‌ပြောပြပါတယ်။

KTTC ပညာ‌ရေး ‌ကောလိပ်‌ကျောင်းကို KNU ရဲ့ လက်‌အောက်ခံဌာနတစ်ခုဖြစ်တဲ့ ကရင်ပညာ‌ရေးဌာန-KED နဲ့ ကရင်‌ကျောင်း ဆရာပူး‌ပေါင်းလုပ်‌ဆောင်မှုအဖွဲ့-KTWG တို့ ဦး‌ဆောင်ပြီး‌တော့ KED ကရင်သင်ရိုးညွှန်းတမ်းကိုအ‌ခြေခံ သင်ကြား‌နေတဲ့ KNU ထိန်းချုပ်နယ်‌မြေက ကရင်‌ကျောင်း‌တွေအတွက် နှစ်စဉ်လိုအပ်တဲ့ ကရင်‌ကျောင်းဆရာ၊ ဆရာမ‌တွေကို ‌မွေးထုတ်‌ပေး‌နေတဲ့ တစ်ခုတည်း‌သော ပညာ‌ရေး‌ကောလိပ်‌ကျောင်းတစ်‌ကျောင်းဖြစ်တယ်လို့ ‌ကျောင်းရဲ့တာဝန်ရှိသူ‌တွေက ဂုဏ်ယူဝင့်ကြွားစွာ ထုတ်‌ဖော်‌ပြောဆိုကြပါတယ်။

“ကျ‌နော်တို့‌ဒေသမှာ နှစ်တိုင်း ဆရာ၊ ဆရာမ‌တွေ လိုအပ်တယ်။ ခရိုင်၊ မြို့နယ်က ပညာ‌ရေးမှူး‌တွေက ‌ကျေးရွာ‌တွေမှာ ဆရာ၊ ဆရာမ မရှိတဲ့အခက်အခဲ နှစ်တိုင်း ကြုံ‌တွေ့ ရတဲ့အ‌ပေါ်မှာ တင်ပြ‌တောင်းဆို လာကြ တယ်။ ဒါ‌ကြောင့် ဒီ‌ကျောင်းက‌နေ လိုအပ် တဲ့ ဆရာ၊ ဆရာမ‌တွေကို ဖြည့်ဆည်းဖို့နဲ့ ကိုယ့်ကရင်သင်ရိုးညွှန်းတမ်းကို အား‌ပေးမြှင့်တင်ဖို့ နှစ်တိုင်း ကျ‌နော်တို့ ‌ကျောင်းဆရာ၊ ဆရာမ‌တွေကို ‌မွေးထုတ်‌ပေးတယ်”လို့ KTTC ‌ကျောင်းအုပ်ဖြစ်သူ ‌စောဆာ့‌ဂေက ‌ပြောပါတယ်။

ဒါ‌ပေမဲ့ KTTC ပညာ‌ရေး‌ကောလိပ်‌ကျောင်းက‌နေ နှစ်စဉ်လိုအပ်တဲ့ ကရင်‌ကျောင်းဆရာ၊ ဆရာမ‌တွေကို ‌မွေးထုတ်‌ပေး‌နေ‌ပေမဲ့ လည်း လက်‌တွေ့မှာ ကရင်လူငယ်‌တွေဟာ ‌ကျောင်းဆရာအလုပ်အ‌ပေါ် စိတ်ဝင်စားမှု အားနည်းလာတဲ့အ‌ပေါ် အခုချိန်မှာ ‌ကျောင်းဆရာ၊ ဆရာမ‌တွေကို ‌မွေးထုတ်‌ပေးနိုင်ဖို့ အခက်အခဲ‌တွေ ရှိလာသလို က‌နေ့ မြန်မာ့နိုင်ငံ‌ရေး အ‌ရွှေ့အ‌ပြောင်းကာလနဲ့ အတူ လိုက်ပါဖြစ်‌ပေါ်‌နေတဲ့ ‌ဒေသတွင်း ပညာ‌ရေးစိန်‌ခေါ်ချက်‌တွေ ကြုံ‌တွေ့လာရတယ်လို့ မဲသ‌ရောခီး ‌ကျောင်းဆင်းပွဲ အခမ်းအ နားမှာ ပညာ‌ရေး တာဝန်ရှိသူ‌တွေ ထည့်သွင်း‌ပြောဆိုခဲ့ကြပါတယ်။

ကရင်‌ကျောင်းဆရာပူး‌ပေါင်းလှုပ်ရှားမှုအဖွဲ့-KTWG ရဲ့ ထုတ်ပြန်ထားတဲ့ (၂၀၁၇-၂၀၁၈)စာရင်းအရ ကရင်ပြည်နယ်မှာ ကရင် ပညာ‌ရေးဌာန(KED) ထိန်းချုပ်မှု‌အောက်မှာရှိတဲ့ ကရင်စာသင်‌ကျောင်း‌ပေါင်း ၁,၅၈၆‌ကျောင်းမှာ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၁၈၁,၄၉၃ဦးရှိပြီး‌တော့ သူတို့‌တွေကို ‌ကျောင်းဆရာ၊ ဆရာမ‌ပေါင်း ၁၁,၂၁၉ဦးက‌နေ ပညာသင်ကြား‌ပေး‌နေပါတယ်။

KNU နဲ့ အစိုးတို့အကြား ၂၀၁၂ခုနှစ်မှာ ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးပြီးတဲ့ ကာလ‌နောက်ပိုင်းကစပြီး ကရင် ပြည်နယ်မှာ KNU နယ်‌မြေ အပါအဝင် နှစ်ဖက် ‌ရော‌နှောအုပ်ချုပ်နယ်‌မြေ‌တွေမှာ အစိုးရဘက်က‌နေပြီး ပညာ‌ရေးဆိုင်ရာ အ‌ထောက်အပံ့‌တွေ၊ အ‌ခြေခံအ‌ဆောက်အဦး‌တွေအတွက် ကူညီ‌ထောက်ပံ့‌ပေးမှုအချို့ရှိလာခဲ့ပြီး ပညာ‌ရေးဝန်ထမ်း‌တွေကို ‌စေလွှတ်လာမှု‌တွေလည်း ရှိလာခဲ့ပါတယ်။

ဒါ့အပြင် ၎င်းနယ်‌မြေ‌တွေမှာရှိတဲ့ ‌ဒေသခံလူငယ်များ အထူးသဖြင့် အစုိုးရ ဆယ်တန်း‌အောင်မြင်ထားတဲ့ လူငယ်‌တွေကို အစိုးရ ရဲ့ ‌ထောက်ပံ့စရိတ်နဲ့ ‌ကျောင်းဆရာ၊ ဆရာမအဖြစ် ခန့်အပ်ပြီး အစိုးရရဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြား‌ပေးသွားဖို့အထိ စတဲ့ အစီအစဉ်‌တွေလည်း ပါဝင်လာခဲ့ပါတယ်။ တစ်ဖက်မှာ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းဖြစ်တဲ့ KED ကရင်သင်ရိုးညွန်းတမ်းနဲ့ သင်ကြား‌နေတဲ့ စာသင်‌ကျောင်း‌တွေနဲ့ ပညာ‌ရေးဝန်ထမ်း‌တွေ ရှိနှင့်ပြီးသားဖြစ်ပါတယ်။

‌ခေတ်အဆက်ဆက် စစ်အစိုးရလက်ထက် အပါအဝင် အခု အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ဦး‌ဆောင်တဲ့ အရပ်သား အစိုးရ လက်ထက်တိုင် သူတို့အ‌ပေါ် တရားဝင် အသိအမှတ်ပြုတာ၊ အား‌ပေးမြှင့်တင်မှု‌တွေ မရှိတာ၊ အစိုးရပညာ‌ရေးစနစ် ဝင်‌ရောက် လာတာ‌တွေဟာ ‌ဒေသန္တရ ကရင့်ပညာ‌ရေးအတွက် စိန်‌ခေါ်ချက်များစွာ ကြုံ‌တွေ့လာရတယ်လို့ KTWG က ဆိုပါတယ်။

“အစိုးရပညာ‌ရေးစနစ်နဲ့ KED ပညာ‌ရေးစနစ်က မတူညီပါဘူး။ ကျ‌နော်တို့ရဲ့ ပညာ‌ရေးစနစ်နဲ့ ကျ‌နော်တို့ အသိအမှတ်ပြုထားတဲ့ ‌ကျောင်းသူ၊‌ကျောင်းသား‌တွေကို သူတို့အ‌နေနဲ့ အသိအမှတ် မပြု‌ပေး‌သေးပါဘူး။ အပစ်ရပ်‌တွေဖြစ်လာတဲ့ ‌နောက်ပိုင်းမှာ လက်ရှိ နိုင်ငံတကာအကူအညီနဲ့ အစိုးရက‌နေပြီး‌တော့ ပညာ‌ရေးအတွက် တိုးချဲ့‌ဆောင်ရွက်မှု‌တွေမှာ ကျ‌နော်တို့ ကရင်ပြည်နယ်လည်း ပါဝင်တာ‌ကြောင့် ဒီလို မတူညီတဲ့ ပညာ‌ရေးစနစ်‌တွေကြားမှာ ကျ‌နော်တို့အတွက် စိန်‌ခေါ်ချက်‌တွေ၊ စိုးရိမ်ချက်‌တွေ များစွာ ရှိ‌နေ ပါတယ်”လို့ KTWG ရဲ့ လက်‌ထောက်ဒါရိုက်တာ ‌စောဟို့‌လောထူးက ‌ပြောပါတယ်။

အဲဒီမတူညီတဲ့ အ‌ခြေအ‌နေ‌တွေအ‌ပေါ် နှစ်ဖက် ပညာ‌ရေးတာဝန်ရှိသူ‌တွေအကြား ညှိနှိုင်း‌ဆွေး‌နွေးမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့‌ပေ မယ့်လည်း အစိုးရဘက်က နှုတ်စကားနဲ့သာ လမ်းဖွင့်‌ပြောဆိုမှု‌တွေရှိခဲ့ပြီး တရားဝင် အသိအမှတ်ပြု လက်ခံနိုင်ခြင်းမရှိ‌သေးတာ ‌ကြောင့် မတူညီတဲ့ သင်ရိုးညွှန်းတမ်း၊ သင်ကြား‌ရေးစနစ်‌တွေနဲ့ ပညာ‌ရေးဆိုင်ရာ အသိအမှတ်ပြုမှု၊ ‌ထောက်ပံ့ကူညီမှု‌တွေ ‌ကြောင့် ပညာ‌ရေးဝန်ထမ်း‌တွေ၊ ‌ကျောင်းသူ‌ကျောင်းသား‌တွေအကြားမှာ ခွဲခြားဆက်ဆံခံရမှုနဲ့ ထိပ်တိုက်ရင်ဆိုင်မှု‌တွေကို ကြုံ ‌တွေ့လာရတယ်လို့လည်း ‌စောဟို့‌လောထူးက ဆက်‌ပြောပါတယ်။

KTTC ‌ကောလိပ်‌ကျောင်းက‌နေ ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး ‌ကော့ကရိတ်မြို့နယ်၊ ခုဒုံ‌ကျေးရွာမှာ စာပြန်လည် သင်ကြား‌ပေး‌နေတဲ့ နန်းစန်းမြင့်‌မော်က “ကျမတို့ ရွာမှာ အစိုးရ‌ကျောင်းအ‌နေနဲ့ ‌ပြောင်းလဲသတ်မှတ်ပြီး သင်ကြားဖို့ လုပ်တယ်။ ဒါ‌ပေမဲ့ ကျမတို့ရွာက အစိုးရ‌ကျောင်းအ‌နေနဲ့ မလုပ်ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ ကျမတို့ အခက်အခဲ‌တွေ့ရတာက အစိုးရပညာ‌ရေးဝန်ထမ်း‌တွေခန့်ရင် သူတို့က ကျမတို့ ရွာအတွက် အချိန်မ‌ပေးနိုင်တာ ‌တွေ့ရတယ်။ ‌တော်ကြာ‌နေရင်း အစည်းအ‌ဝေးသွားရလိုက်၊ ဟိုကိစ္စ‌ပေါ်လာ လိုက်နဲ့ ကျမတို့က သူတို့အစားဝင်ပြီး သင်‌ပေးရတာမျိုးရှိတယ်”လို့ သူမရဲ့ အ‌တွေ့အကြုံကို ‌ပြောပြပါတယ်။

နိုင်ငံ‌တော်ဘတ်ဂျက်နဲ့ အ‌ထောက်အပံ့ရရှိတဲ့ အစိုးရ ပညာ‌ရေးဝန်ထမ်း‌တွေအတွက် လစဉ်‌ထောက်ပံ့‌ငွေမှာ အ‌ခြေခံအားဖြင့် ပျမ်းမျှ မြန်မာကျပ်‌ငွေတစ်သိန်း‌ကျော်နဲ့အတူ ပညာ‌ရေးဆိုင်ရာ သင်‌ထောက်ကူပစ္စည်း‌တွေကို ပုံမှန်ရရှိ‌နေချိန် ဆယ်စုနှစ် အ‌တော်ကြာ နိုင်ငံတကာရဲ့ ကူညီ‌ထောက်ပံ့မှုအ‌ပေါ် အဓိက အားထား‌နေရတဲ့ ကရင်ပညာ‌ရေးစနစ်‌အောက်က ပညာ‌ရေးဝန် ထမ်း‌တွေမှာ တစ်နှစ်ပတ်လုံးစာအတွက် ထိုင်းဘတ်‌ငွေ ၇,၅၀ဝ (မြန်မာကျပ်‌ငွေပျမ်းမျှ ၃သိန်း‌ကျော်)ကိုသာ ‌ထောက်ပံ့မှုစရိတ် အ‌နေနဲ့ ရရှိကြပြီး သူတို့‌တွေရဲ့ ‌ရေရှည် ဘဝရပ်တည်‌ရေးအတွက် အာမခံချက် နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။

အလားတူပဲ မြန်မာ့နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲမှုအ‌ပေါ်လိုက်ပြီး နယ်စပ်‌ဒေသမှာ အကူအညီ‌ပေး‌နေတဲ့ နိုင်ငံတကာအဖွဲ့အစည်း အများစုကလည်း ပြည်တွင်းထဲ အလုံးအရင်းနဲ့ ဝင်‌ရောက်သွားခဲ့တာ‌ကြောင့် သူတို့အ‌ပေါ် မှီခို‌နေရတဲ့ နယ်စပ်‌ဒေသက ပညာ ‌ရေးအဖွဲ့အစည်း‌တွေမှာ ‌ထောက်ပံ့မှု‌လျော့နည်းလာခဲ့ပြီး KED၊ KTWG တို့အ‌နေနဲ့ KED ‌ကျောင်း အပါအဝင် ‌ရော‌နှောအုပ်ချုပ်တဲ့ စာသင်‌ကျောင်းအချို့အတွက် ‌ကျောင်းသင်‌ထောက်ကူ ပစ္စည်းဆိုင်ရာ ‌ထောက်ပံ့မှု အ‌ရေးတကြီး လိုအပ်‌နေတယ်လို့ အခုနှစ် ဇန်နဝါရီလ ၂၂ရက်‌နေ့က အကူအညီ‌တောင်းခံစာ ထုတ်ပြန်‌တောင်းဆိုရတဲ့ အ‌ခြေအ‌နေထိ ဖြစ်လာခဲ့ရပါတယ်။

၎င်းအ‌ခြေအ‌နေနဲ့ပတ်သက်ပြီး KED အတွင်း‌ရေးမှူး ‌စော‌လောအယ်မူးက “ကျ‌နော်တို့ ‌ကျောင်းသင်‌ထောက်ကူ ပစ္စည်းအတွက် နှစ်စဉ်က အ‌မေရိကန်‌ဒေါ်လာ ၅သိန်း‌လောက် ကုန်ကျတာ‌ပေါ့။ အခုနှစ်က လက်ရှိ ‌ဒေါ်လာ ၂သိန်း‌ကျော်‌လောက်ပဲ ကျ‌နော်တို့ မှာ ရှိ‌သေးတယ်။ ‌ဒေါ်လာ ၃သိန်း‌လောက် လိုအပ်‌သေးတာ‌ပေါ့။ ‌နောက်ပြီး ‌ကျောင်းဆရာ၊ ဆရာမ‌တွေကိုလည်း အရင်က တစ်နှစ်စာအတွက် ထိုင်းဘတ်‌ငွေ ၇,၅၀ဝ ‌ပေးနိုင်‌ပေမဲ့ ဒီနှစ်ကစပြီး ဘတ်‌ငွေ ၄,၆၀၀‌လောက်ပဲ ‌ပေးနိုင်‌တော့တယ်”လို့ ‌ပြောပါ တယ်။

KED ပညာ‌ရေးအတွက် ကူညီ‌ထောက်ပံ့မှု‌တွေကို Save the Children၊ ဥ‌ရောပသမဂ္ဂ(EU)၊ Child Dream နဲ့ အခြား NGO အဖွဲ့ ‌တွေက‌နေ အဓိက ‌ထောက်ပံ့‌ပေးတာ ဖြစ်ပါတယ်။ အခုလို ‌ထောက်ပံ့မှု ‌လျော့နည်းလာတာ‌ကြောင့် ‌ကျောင်းဆရာ၊ဆရာမ ပညာ ‌ရေးဝန်ထမ်း‌တွေနဲ့ ‌ဒေသခံ‌ခေါင်း‌ဆောင်‌တွေရဲ့ အထင်အမြင် လွဲမှားခံရမှု‌တွေကိုလည်း ကြုံ‌တွေ့လာခဲ့ရတယ်လို့ ‌စော‌လောအယ် မူးက သူတို့ရင်ဆိုင်ကြုံ‌တွေ့ရတဲ့ အကြပ်အတည်း‌တွေကို ‌ပြောပါတယ်။

ယခုနှစ် KTTC ‌ကျောင်းကို ‌အောင်မြင်ခဲ့တဲ့ ‌စောချစ်ချစ်မိုးက “‌ကျောင်းဆရာက အရမ်း အ‌ရေးကြီးတယ်ဗျာ့။ အခု ‌ကျောင်း ဆရာ၊ ဆရာမ‌တွေ ‌တော်‌တေ်ာ‌လေး ‌လျော့နည်းသွားတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့လူငယ်‌တွေအ‌နေနဲ့ ကိုယ့်လူမျိုး မြင့်မားဖို့ဆို ရင် ပညာ‌ရေးကို ဦးစား‌ပေး လုပ်‌ဆောင်ဖို့လိုတယ်”လို့ ‌ကျောင်းဆင်းပွဲမှာ ‌ပြောဆိုပြီး‌နောက် ပညာ‌ရေးတာဝန်‌တွေ ပြန်လည် ထမ်း‌ဆောင်ဖို့အတွက် ကြာအင်းဆိပ်ကြီးမြို့နယ်က သူ့ရဲ့ဇာတိ‌မြေ လှကဇိုင်း‌ကျေးရွာကို မိသားစုနဲ့အတူ ပြန်သွားခဲ့ပါတယ်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲနဲ့အတူ တက်လာတဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်‌ပြောင်းလဲမှု အ‌ရွေ့ တစ်ခုကို စတင်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့မှာ‌တော့ တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအ ဖွဲ့အစည်း (၈)ဖွဲ့နဲ့ အစိုးရ၊ စစ်တပ်တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်(NCA) ကို လက်မှတ်‌ရေးထိုးနိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့တယ်။ ၂ဝ၁၅ခုနှစ်၊ နိုဝင်ဘာလ ‌ရွေး‌ကောက်ပွဲမှာ‌တော့ ‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင် တဲ့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ပါတီ အရပ်သားအစိုးရတစ်ရပ် ‌ပေါ်‌ပေါက်လာခဲ့ပါတယ်။

၎င်း NLD အစိုးရက ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ဆက်လက် အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်ခဲ့ကြ‌ပေမဲ့ ဦးသိန်းစိန်အစိုးရလက် ထက်က အစပျိုးခဲ့တဲ့ (၇)နှစ်‌ကျော်ကြာလာတဲ့အထိ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဟာ NCA လက်မှတ်ထိုးတဲ့ တိုင်းရင်းသားလက် နက်ကိုင် ၂ဖွဲ့ တိုးလာတာကလွဲလို့ အာမခံချက်ရှိတဲ့ နိုင်ငံ‌ရေးသ‌ဘောတူညီချက် တစုံတရာ မရရှိ‌သေးဘဲ ဒီ‌နေ့အချိန်ထိ ပစ်ခတ် တိုက်ခိုက်မှု‌တွေ ဆက်လက် ဖြစ်ပွား‌နေကြဆဲသာ ရှိ‌နေပါ‌သေးတယ်။

ဒီလို အာမခံချက် မ‌ပေးနိုင်‌သေးတဲ့ ပြုပြင်‌ပြောင်းလဲမှုနဲ့အတူ လိုက်ပါဖြစ်‌ပေါ်လာတဲ့ ‌ဒေသတွင်း ပညာ‌ရေးစနစ် ‌ရော‌နှော‌နေမှု၊ နိုင်ငံတကာ အ‌ထောက်အပံ့ ‌လျော့နည်းလာမှု စတဲ့ အ‌ခြေအ‌နေ‌တွေ‌ကြောင့် KED ပညာ‌ရေးအ‌ပေါ် မှီခို‌နေရဆဲ နှစ်သိန်းနီးပါး ‌သော ‌ကျောင်းသူ‌ကျောင်းသား‌တွေနဲ့ တစ်‌သောင်း‌ကျော်ရှိ‌နေတဲ့ ကရင်ပညာ‌ရေးဌာနလက်‌အောက်ခံ ပညာ‌ရေးဝန်ထမ်းတို့ရဲ့ ‌ရေရှည် အနာဂတ်‌တွေဟာ အမျိုးမျိုး‌သော ထိုးနှက်ချက်‌တွေ၊ စိန်‌ခေါ်မှု‌တွေ များစွာ ရှိ‌နေဆဲဖြစ်ပါတယ်။