Home သတင်း တိုင်းရင်းမီဒီယာညီလာခံတွင် သတင်းဆိုင်ရာဆုများကို သျှမ်း၊ မွန်နှင့် ကရင်သတင်း‌ထောက်တို့ ရရှိ

တိုင်းရင်းမီဒီယာညီလာခံတွင် သတင်းဆိုင်ရာဆုများကို သျှမ်း၊ မွန်နှင့် ကရင်သတင်း‌ထောက်တို့ ရရှိ

2334

ဧပြီလ ၃ဝရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ဆဌမအကြိမ် တိုင်းရင်းမီဒီယာညီလာခံတွင် သတင်းဆိုင်ရာ ဆု‌လေးမျိုးဖြစ်သည့် သတင်း၊ ‌ဆောင်းပါး၊ အင်တာဗျူးနှင့် ဓာတ်ပုံ ဆုများကို သျှမ်းသံ‌တော်ဆင့်၊ မွန်သတင်း‌အေဂျင်စီနှင့် ‌ကေအိုင်စီ-ကရင်သတင်းဌာနများမှ သတင်း‌ထောက်များက ဆွတ်ခူးရရှိ ခဲ့‌ကြောင်း ဧပြီလ ၂၉ရက်‌နေ့ ညစာစားပွဲတွင် ဘီအဲန်အိုင်၏ ဆု‌ရွေးချယ်‌ရေး‌ကော်မတီက ‌ပြောဆိုလိုက်သည်။

အဆိုပါဆုများကို ပါဝင်ယှဉ်ပြိုင်ရန် ညီလာခံမတိုင်ခင်က ‌ကြေညာခဲ့ခြင်းဖြစ်ပြီး ဆု‌ရွေးချယ်မှုနှင့် ပတ်သက်၍ ဘီအဲန်အိုင်၏ သတင်းဆုများ ‌ရွေးချယ်‌ရေး‌ကော်မတီမှ ဦးဇင်လင်းက နှုတ်ဆက် ညစာစားပွဲတွင် ယခုလို ရှင်းပြ‌ပြောဆိုသည်။

“တစ်လ‌လောက် အ‌တောအတွင်းမှာ ဒီဆု‌တွေကို ‌ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။ ဆု‌ပေးဖို့ကို ကျ‌နော်တို့ သက်ဆိုင်ရာ အယ်ဒီတာ ‌တွေဆီကို သတင်းဌာန‌တွေဆီက ထူးချွန်တဲ့ သတင်းသမားများရဲ့ သတင်းနဲ့ ‌ဆောင်းပါးများ၊ အင်တာဗျူး‌တွေ ဓာတ်ပုံ စတာ ‌တွေကို ‌ပေးပို့ဖို့ အ‌ကြောင်းကြားခဲ့ပါတယ်။ ဒီထဲကမှ သတင်းဌာန ၅ခုက ‌ပေးပို့လာတာ‌တွေကို ‌ရွေးချယ်ခဲ့တာဖြစ်ပါတယ်”ဟု ဦးဇင်လင်းက ‌ပြောသည်။

ဘီအဲန်အိုင်အဖွဲ့ဝင် သတင်းဌာနများအနက် ချီးမြှင့်ခဲ့ရာ၌ ‘‌ရွှေ‌မှော်‌အောက် ‌ပျောက်‌တော့မည့် ရှမ်းရွာ‌လေး’ဟူ‌သော ‌ဆောင်းပါး ကို ‌ရေးသားသူ သျှမ်းသံ‌တော်ဆင့်သတင်းဌာနမှ နန်းဆိုင်နွန်ကလည်း‌ကောင်း၊ ပန်းဦးဆက်ကိစ္စ စုံစမ်းခဲ့သူအား အင်တာဗျူးခဲ့ သည့် မွန်သတင်း‌အေဂျင်စီကိုလည်း‌ကောင်း၊ ‘ကရင်ရိုးရာ ‌စောင်းကဒယ်ဒုံး ပြည်နယ်‌နေ့ပွဲ‌တော်တွင် ဒုံးစင်‌ပေါ် ကပြ‌ဖျော်‌ဖြေခွင့် မရခဲ့’ဟူ‌သော သတင်း‌ရေးသားခဲ့သူ ‌ကေအိုင်စီသတင်း‌ထောက် နန်း‌ဝေဖြိုးဇာနှင့် ‘နယ်စပ် အီးတူးထာ့စစ်‌ဘေး‌ရှောင်စခန်းမှ ‌မောင်ငယ်ကို ချီပိုးထား‌သော ဒုက္ခသည်ခ‌လေးငယ်တစ်ဦး’၏ ဓာတ်ပုံကိုရိုက်ယူခဲ့သူ ‌ကေအိုင်စီက ‌စောသာအဲ့ဆန်ကိုလည်း ‌ကောင်း ချီးမြှင့်‌ပေးအပ်ခဲ့သည်။

နန်း‌ဝေဖြိုးဇာက “သတင်းဆု‌ပေးမယ်ဆိုတာ‌တောင် မသိထားဘူး။ ညစာစားပွဲအချိန်ကျမှ ဆု‌ပေးမယ်လို့သိရတယ်။ ဒါ‌တောင် တစ်နိုင်ငံလုံး အတိုင်းအတာလား ထင်‌နေတာ။ တကယ့်တကယ် ဆု‌ကြေညာ‌တော့ အံ့ဩဝမ်းသာမိတယ်။ အခုရတဲ့ ဆု‌ကြောင့် သတင်းမီဒီယာအလုပ်ကို ပိုပြီး ကြိုးစားချင်စိတ် ရှိလာခဲ့တာ‌ပေါ့။”ဟု ‌ပြောသည်။

သတင်းဆု ရရှိသူများကို ဘီအဲန်အိုင်က ဆုတံဆိပ်အပြင် ကျပ်‌ငွေတစ်သိန်း ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ယခု အစီအစဉ်မှာ တိုင်းရင်း သားသတင်း‌ထောက်များအား စိတ်ဓာတ်ခွန်အား ဖြည့်ဆည်း‌ပေးလိုသည့် ရည်ရွယ်ချက်ဖြစ်‌ကြောင်း ကျင်းပ‌ရေး‌ကော်မတီဝင် များ၏ ‌ပြောပြချက်အရ သိရသည်။

ယင်းသတင်းဆု ‌ပေးပို့ရာတွင် ၂၀၁၇ခုနှစ် ဇူလိုင်လမှ ၂၀၁၈ခု မတ်လအထိ ‌ရေးသားခဲ့‌သော သတင်းများ၊ ‌ဆောင်းပါးများ၊ အင်တာဗျူးများနှင့် ရိုက်ကူးခဲ့‌သော ဓာတ်ပုံများကိုသာ သတ်မှတ်‌ပေးပို့ ယှဉ်ပြိုင်‌စေခဲ့ပြီး ‌ရွေးချယ်ခဲ့ခြင်းဖြစ်သည်။