မတ်လ ၂၉ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး
မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အပါအ ဝင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် ထိုင်းရောက် မြန်မာရွှေ့ ပြောင်းအလုပ်သမားအရေးဆောင်ရွက် နေသူတို့ မတ်လ ၂၈ရက်(ယမန်နေ့)က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ရာ အလုပ်သမားများ၏ အခွင့်အရေး ဆုံးရှုံးနစ်နာမှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုတွေ့ဆုံမှု၌ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူများဘက်က လတ်တလော ထိုင်းနိုင်ငံ အတွင်း မြန်မာအလုပ်သမားများကြုံတွေ့နေရသည့် အခက်အခဲများ၊ ဆုံးရှုံးနစ်နာနေသည့်အလုပ်သမားဆိုင်ရာ အခွင့်အရေးများ၊ လူကုန်ကူးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအပြင် မြန်မာရွှေ့ပြောင်းကလေးငယ်များအရေးကိစ္စများကို ပြည်ထောင်စု ဝန်ကြီးသို့ တင်ပြခဲ့ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။
၎င်းက “ထိုင်းဥပဒေအရ အနည်းဆုံးလုပ်အားခ (၃၀၀)သတ်မှတ်ပေးရေး၊ ထိုင်းနိုင်ငံက ပြဌာန်းလိုက်တဲ့ အိမ်အကူ အလုပ် သမားဥပဒေအရ အိမ်အကူအလုပ်သမားတွေ အခွင့်အရေးအပြည့်အဝလက်တွေ့မှာ ရ၊ မရ၊ စာရွက်စာတမ်းသက် တမ်းတိုးမှုမှာ ကုန်ကျစရိတ်များနေတာရယ်။
ထိုင်းအလုပ်ရှင်တွေက စာရွက်စာတမ်း ပြောင်းမဲ့ကိစ္စကိုမကြိုက်ကြတာ။ နောက်ပြီး ထိုင်းအလုပ်ရှင်နဲ့ အလုပ်သမားအကြား အမှုအခင်းတွေကို မြန်ဆန်တိကျဖို့အပြင် မြန်မာပြည်ဖွား ဂေါ်ရခါး နဲ့ CI တွေကို အဆင်ပြေစွာထုတ်ပေးဖို့ကို ထိုင်းအလုပ်သမား ဝန်ကြီးဌာနကို တိုက်တွန်းပေးဖို့နဲ့ MoU စနစ်ကို ပြန်လည်ဆန်း စစ်ဖို့ တင်ပြဆွေးနွေးခဲ့ကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းတို့တင်ပြမှုအပေါ် အလုပ်သမားသံအရာရှိ နောက်ထပ်တစ်ဦးကို တိုးချဲ့စေလွှတ်ပေးမည်ဖြစ်ပြီး အလုပ်သမားများကြုံ တွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များသို့ တင်ပြဆွေးနွေးပေးမည်ဖြစ်သလို စည်းကမ်း ဥပဒေများကို ချိုးဖောက်သည့် အေဂျင်စီများကို ထိထိရောက် ရောက်အရေးယူနေကြောင်း၊ ၂၀၁၇ ခုနှစ် ဩဂုတ်လက ဖျက်သိမ်းထားသည့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့များကို ပြန်လည် ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေမှပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်ဟု ဦးမိုးကြိုးက ပြောသည်။
၎င်းတွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံအတွင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် ရွှေ့ပြောင်းအလုပ် သမားဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO)လေးဖွဲ့မှ ကိုယ်စားလှယ်များ၊ အလုပ်သမားရေးရာ လူမှုအဖွဲ့အစည်း (၁၁)ဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃ဝနီးပါး တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲ၌ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ပညာပေးမှုများ ပိုမိုလုပ်ဆောင်ရန် ၎င်းတို့ကိုမှာ ကြားခဲ့ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများက ဆိုသည်။
ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ပန်းရောင်ကတ်)မှ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ် (CI)ပြောင်းလဲပြုလုပ်ရာတွင် မလိုလားအပ်သည့် ငွေကြေးကုန်ကျမှုများခြင်း၊ အလုပ်သမားပွဲစား များ၏ လိမ်လည်ခံရမှုများ၊ ဥပဒေနှင့်အညီ လုပ်ခလစာ မရရှိခြင်းတို့ကြောင့် ဆန္ဒပြမှုများနှင့် အထောက်အထား စာရွက်စာတမ်းများ အမျိုးမျိုးပြောင်းလဲသတ်မှတ် နေခြင်းအပေါ်အလုပ်သမားများ အခက်အခဲကြုံတွေ့နေရပြီး ယင်းအပေါ်ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။
မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်တာဝန်ရှိသူများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူတို့တွေ့ဆုံမှုမှာ ယခုနှစ်တွင် ပထမဦးဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးတွင် လုပ်ငန်းပေါင်းစုံ ၊ အလုပ်ကြမ်းပေါင်းစုံ အတွင်း တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၃ သန်းကျော် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။