၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့က မွန်ပြည်သစ်ပါတီနဲ့ လားဟူအဖွဲ့တို့ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်-NCA ကို လက်မှတ်ရေးထိုးတဲ့ပွဲမှာ
ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ အောက်ပါအတိုင်း ပြောကြားသွားခဲ့တယ်။
ဖက်ဒရယ်ဆိုတာ သမိုင်းရဲ့လိုအပ်ချက်တစ်ရပ်၊ ပြည်ထောင်စုရဲ့ ထွက်ရပ်လမ်းတစ်ရပ်အဖြစ်ကို ရောက်ရှိနေပါပြီ။ ဒါဆိုဘယ်လို ဖက်ဒရယ်မျိုးလဲလို့ မေးကြပါလိမ့်မယ်။ ကျမတို့နိုင်ငံပြည်သူတွေအတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့် ညီညွှတ်တဲ့ ပြည်ထောင်စု ကြီးကို တည်ထောင်ထိန်းသိမ်းပေးနိုင်မယ့် ဖက်ဒရယ်မျိုးပဲ ဖြစ်ရပါမယ်။ ယနေ့ကမာ္ဘမှာ နိုင်ငံအားလုံးအတွက် အံဝင်ဂွင်ကျဖြစ် စေမယ့် တစ်ခုတည်းသောဖက်ဒရယ်စနစ်ဆိုတာ မရှိပါဘူး။ သူ့နိုင်ငံ၊ သူ့သမိုင်း၊ သူ့လူ့အဖွဲ့အစည်းအပေါ် မူတည်ပြီး လိုက်လျော ညီထွေ ပြုပြင်တည်ဆောက်ကြရတာပဲ ဖြစ်ပါတယ်။ ကျမတို့အားလုံး ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းကြပြီး အနာဂတ်ပြည်ထောင်စုရဲ့ ဖက်ဒရယ် ဒီဇိုင်းကို ဆွဲကြရမှာပါ။
‘ယနေ့ကမ္ဘာမှာ နိုင်ငံအားလုံးအတွက် အံဝင်ဂွင်ကျဖြစ်စေမယ့် တစ်ခုတည်းသော ဖက်ဒရယ်စနစ်ဆိုတာ မရှိပါဘူး။’ ရယ်လို့ သူမပြောတာကိုတော့ အတိုင်းအတာတစ်ခုအထိ လက်ခံရမှာပါ။ သို့သော် ဒါကထူးခြားတဲ့ တွေ့ရှိချက် မဟုတ်ပါဘူး။ ဖက်ဒရယ်သာ မကပါဘူး။ တစ်ကမ္ဘာလုံးမှာ ဘယ်နိုင်ငံရေးစနစ် သို့မဟုတ် ဘယ်တိုင်းပြည်တည်ဆောက်ပုံစနစ်တစ်ခုတည်းက မျှ နိုင်ငံအားလုံးအတွက် အံဝင်ဂွင်ကျ မဖြစ်နိုင်ပါဘူး။
ဒီမိုကရေစီ ဆိုကြပါစို့။ နိုင်ငံအားလုံးအတွက် အံဝင်ဂွင်ကျ ဖြစ်စေမယ့် တစ်ခုတည်းသော ဒီမိုကရေစီစနစ်ကို ဘယ် တော့မှ ရှာလို့တွေ့မှာ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စု၊ လက်တင်အမေရိကန် နိုင်ငံအမြောက်အများ၊ အရှေ ့ဥရောပ နိုင်ငံအတော်များများ၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီကို သမတဦးဆောင်စနစ် အခြေခံက နေ ကျင့်သုံးပါတယ်။ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျား၊ နော်ဝေ၊ ဆွီဒင်၊ ဂျာမဏီ၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ စကင်္ာပူ စတဲ့ နိုင်ငံ တွေမှာတော့ ဒီမိုကရေစီကို ဝန်ကြီးချုပ်ဦးဆောင်စနစ် အခြေခံကနေ ကျင့်သုံးပါတယ်။ ပြင်သစ်မှာတော့ သမတစနစ်ဆိုပေမယ့် သမတနဲ့ ဝန်ကြီးချုပ်တို့အကြား အားပြိုင်စေပြီး ထိန်းကျောင်းတဲ့နည်းနဲ့ ဒီမိုကရေစီကို ကျင့်သုံးပါတယ်။ ဆွစ်ဇာလန်မှာတော့ နှစ်ထပ်ကွမ်း အများစု သို့မဟုတ် နှစ်ထပ်ကွမ်း တရားဝင်မှု အခြေခံကို ဖော်ဆောင်ပြီး ဒီမိုကရေစီကို ကျင့်သုံးပါတယ်။ ဒီမိုက ရေစီကို ကျင့်သုံးတယ်လို့ဆိုပေမယ့်လည်း တနိုင်ငံနဲ့တနိုင်ငံ မတူနိုင်တာ အသေအချာပါပဲ။ သို့သော် ဒီမိုကရေစီ အခြေခံသည် ဖြစ်စေ၊ ဖက်ဒရယ်စနစ်ကို အခြေခံသည်ဖြစ်စေ တိုင်းပြည်တည်ဆောက်ပုံစနစ်တွေမှာ အခြေခံအားဖြင့် တူညီချက်တွေတော့ ရှိ ပါတယ်။
ဒီမိုကရေစီကို ဆိုကြပါစို့။ တိုက်ရိုက် ဒီမိုကရေစီ နဲ့ ကိုယ်စားပြု ဒီမိုကရေစီ နှစ်မျိုးရှိကြောင်း အားလုံး လက်ခံထားကြပါ တယ်။ ကိုယ်စားပြုဒီမိုကရေစီအခြေခံကနေ ယေဘုယျအားဖြင့် ပြောရရင် လျှို့ဝှက်၊ တိုက်ရိုက်၊ လွတ်လပ်၊ ဘက်မလိုက်၊ မျှတ၊ ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို ဖြတ်သန်း၊ လူထုအများစုကြီးက ရွေးချယ်တင်မြှောက်ခြင်းခံရသူတွေက ဥပဒေစိုးမိုးရေးကို ကျင့်သုံးပြီး လူထုကိုယ်စား လူထုကို ပြန်လည်အုပ်ချုပ်တဲ့စနစ်ဟာ ဒီမိုကရေစီရဲ့ အခြေခံပါပဲလို့ပြောရင် ဘယ်သူမှ မငြင်းနိုင်ပါ ဘူး။
ဒီလိုပါပဲ။ ဖက်ဒရယ်စနစ်လို့ပြောရင် တစ်ကမာ္ဘလုံးက ယေဘုယျလက်ခံထားကြတဲ့ သူ့ရဲ့အခြေခံ တူညီချက်တွေ ရှိပါ တယ်။ ဖက်ဒရယ်လို့ အမည်တပ်ပြီး ကိုယ်ကြိုက်သလို တိုင်းပြည်တည်ဆောက်ပုံစနစ်ကို ဖော်ဆောင်လို့ မရပါဘူး။ အဲသလို ဖော်ဆောင်ရင်လည်း ဘယ်တော့မှ ဖက်ဒရယ်နိုင်ငံ မဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ ့အောက်ပါပြောဆိုချက်ဟာ ယေဘုယျ နားထောင်လို့ ကောင်းသလိုလိုရှိပေမယ့် ဖက်ဒရယ်စနစ်ရဲ့ အခြေခံတူညီချက် ဘယ်အရာတစ်ခုကိုမျှ တိတိကျကျ မထင်ဟပ်ပါဘူး။
ဒါဆို ဘယ်လို ဖက်ဒရယ်မျိုးလဲလို့ မေးကြပါလိမ့်မယ်။ ကျမတို့နိုင်ငံပြည်သူတွေအတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့်၊ ညီ ညွတ်တဲ့ ပြည်ထောင်စုကြီးကို တည်ထောင်ထိန်းသိမ်းပေးနိုင်မယ့် ဖက်ဒရယ်မျိုးပဲ ဖြစ်ရပါမယ်။
ပြီးတော့ သူမက ကျမတို့အားလုံး ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းကြပြီး အနာဂတ်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ဒီဇိုင်းကို ဆွဲကြရ မှာပါ ရယ်လို့ ပြောသွားပြန်ပါသေးတယ်။ ဖက်ဒရယ် ဒီဇိုင်း ဆိုတဲ့ အသုံးအနှုန်းကို နိုင်ငံရေးသိပ္ပံပညာရှင်၊ ဥပဒေပညာရှင်တွေ က သုံးတာမတွေ့ဖူးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ်စနစ်ကို ပုံဖော်တာဟာ ဒီဇိုင်းရေးတာနဲ ့မတူ။ ဒီဇိုင်းဟာလည်း ဖက်ဒရယ် မဖြစ်နိုင်လို့ပါပဲ။
ဒီဇိုင်းဆိုတာ ဒီဇိုင်းဆွဲသူ ပညာရှင်က လွတ်လပ်စွာ တွေးမြင်၊ စိတ်ကူး၊ စဉ်းစားပြီး ကိုယ်ကြိုက်သလို တီထွင်ရေးဆွဲနိုင် တာမျိုး ဖြစ်တယ်။ ဖက်ဒရယ်စနစ်ကိုတော့ ဒီလိုရေးဆွဲလို့ မရနိုင်ပါဘူး။ ကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်း၊ ထူးခြားချက်၊ ပထဝီအနေ အထား၊ မျက်မှောက်အခြေအနေများနှင့် လိုက်လျောညီထွေရှိအောင် တီထွင်ပြီး ဖက်ဒရယ်စနစ်ကို ပုံဖော်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် ဖက်ဒရယ်စနစ်ရဲ့ မည်သည့်အခြေခံတူညီချက်ကိုမျှ မထောက်ထားဘဲ ဒီဇိုင်းဆွဲသလို ကိုယ်စိတ်ကူးထင်မြင်တဲ့အ တိုင်း လျှောက်ပြီး ဆွဲ၊ ပုံဖော်လို့တော့ မရနိုင်ပါဘူး။ ဒီလို စိတ်ကူးပေါက်တိုင်း လျှောက်ဆွဲနေရင် စစ်မှန်တဲ့ဖက်ဒရယ်စနစ် ပေါ် ထွက်မလာဘဲ လက်တွေ့မှာ တင်းကြပ်တဲ့ ဗဟိုချုပ်ကိုင်မှု ကို ကျင့်သုံးတဲ့ တစ်ပြည်ထောင်စနစ် ဘဝ နဲ့သာ နိဂုံးချုပ်သွားပါလိမ့် မယ်။
ဖက်ဒရယ်စနစ်ဆိုတာ မတူကွဲပြားတဲ့ နိုင်ငံများ၊ ပြည်နယ်များ၊ လူမျိုးများ၊ အုပ်စုများ စုစည်းပြီး အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးတဲ့စနစ် ဖြစ်ပါတယ်။ လက်တင်ဘာသာစကား Foedus ကနေ ဆင်းသက်လာပြီး မဟာမိတ်ပြုပူးပေါင်းမှု သို့မဟုတ် နိုင်ငံပေါင်းစုံစုဖွဲ ့မှု လို့လဲ အဓိပ္ပါယ်ရှိပါတယ်။ ဖက်ဒရယ်စနစ် သို့မဟုတ် ဖက်ဒရေးရှင်း ဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ် အမျိုး မျိုးဖွင့်ဆိုဘို့ ကြိုးစားရာမှာ အောက်ပါတို့ကို ယေဘုယျတူညီချက်အနေနဲ့ တွေ့ရပါလိမ့်မယ်။
(က) သက်ဆိုင်ရာနိုင်ငံ၏ ပြည်တွင်းရေးတွင် လွတ်လပ်မှုကို ကျင့်သုံးသည့် အခြေခံ၌ ဗဟိုအစိုးရထားရှိသော နိုင်ငံများ၏ အစု အစည်း၊
(ခ) ဗဟို ထိန်းချုပ်မှုအောက်တွင် အဖွဲ့အစည်းများ သို့မဟုတ် နိုင်ငံများကို စုစည်းတည်ထောင်ထားရှိခြင်း။
(ဂ) တခုချင်းစီ၌ မိမိတို့၏ အတွင်းပိုင်းအား မိမိတို့ဖာသာ ထိန်းချုပ်ထားသည့် ယူနီယံများ၊ လူ့အဖွဲ့အစည်းများ၊ တိုင်းပြည်များ၊ နိုင်ငံများအမြောက်အများဖြင့် စုပေါင်းကာ ဖက်ဒရယ်ပြုထားသော အစုအဖွဲ ့။
(ဃ) စုဖွဲ ့ရာ၌ပါဝင်ကြသည့် ပြည်နယ်တခုချင်းစီ ၏ ပြည်တွင်းရေးရာတွင် အတိုင်းအတာ တခုအထိ ထိန်းချုပ်မှု ရရှိနိုင်စေရန် ဗဟိုအာဏာပိုင်အဖွဲ ့နှင့် ပြည်နယ်များ အကြား အချုပ်အခြာအာဏာကို နည်းလမ်းတကျ ခွဲဝေ ကျင့်သုံးသည့် အုပ်ချုပ်မှု ပုံစံ တရပ်။
(င) ဗဟိုအစိုးရနှင့် သီးခြားပြည်နယ်များအကြား အာဏာကန် ့သတ်ခွဲဝေ ဖွဲ ့စည်းမှု။
ဖက်ဒရယ်စနစ်ရဲ့ အခြေခံများအနက် အခြေခံအကျဆုံး တစ်ချက်ကို ချုပ်ပြီး ပြောရရင်
ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်တဲ့ ယူနစ်များ၊ တနည်းအားဖြင့် ပြည်ထောင် (သို့မဟုတ်) ပြည်နယ်ဆင့် တိုင်းပြည်ယန္တရားများနဲ့ ၎င်းတို့က စုပေါင်းဖန်တီးထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တိုင်းပြည်ယန္တရားများအကြား အချုပ်အခြာအာဏာကို ခွဲဝေ ကျင့်သုံးခြင်းပါပဲ။
ပြည်နယ်အဆင့် တိုင်းပြည်ယန္တရားတွေနဲ့ ပြည်ထောင်စုအဆင့် တိုင်းပြည်ယန္တရားတွေ အကြားမှာ အချုပ်အခြာအာဏာကို ခွဲဝေ ကျင့်သုံးကြတာဟာ ဖက်ဒရယ်စနစ်ရဲ့ အခြေခံအကျဆုံးအချက်ပါပဲ။ ဖက်ဒရယ်စနစ်ကို တည်ထောင်ကျင့်သုံးတော့မယ်ဆိုရင် ဒါကို မလွဲမသွေ လေ့လာဆွေးနွေးကြရမှာ အသေအချာဖြစ်ပါတယ်။ ဒီအဆင့်ကို မဖြတ်သန်းဘဲနဲ့ ကိုယ်စိတ်ကူးပေါက်သလို ပုံဖော်ပြီး ဒါဟာ ဖက်ဒရယ်နိုင်ငံပါပဲလို ့အမည်တပ်လို့ မရနိုင်ပါဘူး။ ဒီလိုလုပ်ရင် ဖက်ဒရယ်ပျက် သို့မဟုတ် ဖက်ဒရယ်လိမ်သာ ဖြစ်ပါလိမ့်မယ်။
အထက်ပါ တိုင်းပြည်ယန္တရား အဆင့်နှစ်ခုအကြားမှာ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးကြရမယ်ဆိုတာကို သဘောတူညီနိုင်ကြပြီး ဘယ်လိုခွဲဝေကျင့်သုံးကြမလဲ ဆိုတာကို ဆွေးနွေးလာကြတဲ့အခါကျမှသာ ဒေါ်အောင်ဆန်းစုကြည်ပြော တဲ့ သူ့နိုင်ငံ၊ သူ့သမိုင်း၊ သူ့လူ့အဖွဲ့အစည်းအပေါ် မူတည်ပြီး လိုက်လျောညီထွေ ပြုပြင်တည်ဆောက်ကြရမယ် ဆိုတဲ့အချက်က အကြုံးဝင်လာမှာဖြစ်တယ်။ တိုင်းပြည်ယန္တရားအဆင့် နှစ်ခုအကြားမှာ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးကြရမယ်ဆိုတဲ့ ပထမတစ်ခုကို သဘောမတူရင် ဒုတိယတစ်ခုကို ဘယ်လိုမှ အကောင်အထည်ဖော်လို့ မရနိုင်ပါဘူး။ အဲဒီလိုလုပ်ရင် ဖက်ဒရယ် အခြေခံပျောက်သွားလို့ပါပဲ။
ဖက်ဒရယ်စနစ်ဆိုတာ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်တွေအကြားမှာ အာဏာခွဲဝေရေးပဲလို့ ခပ်လွယ်လွယ် ပြောကြသူတွေကိုလည်း တွေ့ဘူးပါတယ်။ ဒီတစ်ခုထဲနဲ့ အတိအကျမှန်ပြီရယ်လို့ မဆိုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တည်ရှိ ပြီးသား အရာနှစ်ခုအကြားမှာ သို့မဟုတ် ပမာအားဖြင့် ဘယ်ဘက်လက်နဲ့ ညာဘက်လက် နှစ်ခုအကြားမှာ တတ်နိုင်သမျှ မျှမျှတ တ ခွဲဝေဘို့ ကြိုးစားကြရမယ် ဆိုတဲ့သဘောဆောင်သွားတာကြောင့် ဖြစ်တယ်။
ဗဟိုပြည်ထောင်စု ဆိုတာ ပင်ကိုယ်အရှိတရား Intrinsic Existence မဟုတ်ပါဘူး။ ဖန်တီးထားတဲ့အရာ Created Entity ဖြစ်ပါတယ်။ ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်တဲ့ ယူနစ် တနည်းအားဖြင့် ပြည်ထောင်တွေ၊ ပြည်နယ်တွေသာ ပင်ကိုယ် အရှိတရား ဖြစ်တယ်။ သူတို့မရှိရင် ပြည်ထောင်စုဆိုတာ ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အချုပ်အခြာအာဏာကို ခွဲဝေကျင့် သုံးရေး ဆိုရာမှာ ဘယ်ဘက်လက်နဲ့ ညာဘက်လက်နှစ်ခုအကြား ဘယ်လိုမျှတစွာ ခွဲဝေပေးရင်ကောင်းမလဲ ဆိုပြီး စိတ်ကူး ပေါက်ရင် ပေါက်သလို ထင်ရာမြင်ရာ လျှောက်ပြောနေလို့ ဘယ်တော့မှ စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံ ပေါ်ထွက်လာမှာ မဟုတ်ပါ။
အချုပ်အခြာအာဏာဟာ ပြည်ထောင်စုဖွဲ ့စည်းရာမှာ ပါဝင်လာခဲ့ကြတဲ့ ပြည်ထောင်တွေ၊ ပြည်နယ်တွေဆီကနေ ဆင်း သက်လာတယ်ဆိုတာကို ပထမဆုံးအဆင့် လက်ခံဘို့ လိုပါတယ်။ ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ပင်လုံ စာချုပ်ပေါ်မလာရင် ပြည်ထောင်စုဆိုတာ မရှိနိုင်ပါဘူး။ ပြည်ထောင်စုဆီကနေ အချုပ်အခြာအာဏာ ဆင်းသက်လာတာမဟုတ်။ ပြည်ထောင်တွေ၊ ပြည်နယ်တွေဆီကသာ အချုပ်အခြာအာဏာ ဆင်းသက်လာတာဖြစ်ပါတယ်။
အခုတော့ ပြောင်းပြန်လုပ်ခံထားနေရပြီ။ တို့တာဝန်အရေးသုံးပါးအောက်မှာ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆို တာ ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကိုသာ အတိအကျ ရည်ညွှန်းလျှက်ရှိနေတယ်။ ပြည်ထောင်စု မပြိုကွဲရေးက အဓိက ဖြစ်လျှက်ရှိတယ်။ ပြည်ထောင်စုကို ပြိုကွဲစေချင်လို့ ပြောနေခြင်း မဟုတ်။ သို့သော် ချဉ်းကပ်ပုံ တက်တက် စင်လွဲနေခြင်းကိုသာ ထောက်ပြတာပါ။ ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်တဲ့ ပြည်ထောင်တွေ၊ ပြည်နယ်တွေအကြားမှာ တန်းတူ ရေးကို ဖော်ဆောင်ပေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အမြင့်ဆုံးပေးပြီး သူတို့နဲ့ ပြည်ထောင်စုအဆင့်အကြားမှာ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးတဲ့နည်းနဲ့သာ ပြည်ထောင်စု မပြိုကွဲအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒါနဲ့ဆန့်ကျင်ပြီး ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကိုသာ အဓိကထား ဖော်ဆောင်ခံနေရတဲ့အ တွက် အောက်ပါအခြေအနေဆိုးများ ပေါ်ပေါက်နေကြောင်း တွေ့ရပါတယ်။
(က) ပြည်ထောင်စု ဖွဲ ့စည်းရာမှာ ပါဝင်ခဲ့တဲ့ ပြည်ထောင်တွေ၊ ပြည်နယ်တွေရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ငြင်း ပယ်ခံနေရတယ်။
(ခ) ပြည်ထောင်စုမပြိုကွဲရေး ကြွေးကြော်ပြီး ဘယ်လောက်ပဲ အကြမ်းဖက်တဲ့နည်းနဲ့ မြန်မာစစ်တပ်က ဖိနှိပ်နေပါစေ။ တရားမှုအဖြစ် သတ်မှတ်ခံနေရတယ်။ ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တဲ့ မိမိတို့တိုင်းရင်းသားပြည်နယ်တွေ ကိုယ်ပိုင်ပြဌာန်း ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည့်ပြည့်ဝဝရဘို့ တောင်းဆိုပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ တော်လှန်ရေးသမားတွေ ဟာ အကြမ်းဖက်သမားတွေအဖြစ်နဲ့ (ပြောင်းပြန်) စွပ်စွဲခံနေရတယ်။
(ဂ) ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာဆိုတဲ့ ဝေါဟာရကို ကိုင်စွဲအကြောင်းပြ၊ တိုင်းရင်းသားပြည်ထောင်တွေ၊ ပြည်နယ်တွေပိုင်တဲ့ မြေယာ၊ သဘာဝ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်တွေကို မြန်မာစစ်ခေါင်းဆောင်ဟောင်းသစ်တွေ၊ မြန်မာအစိုးရအာဏာပိုင်တွေနဲ ့သူတို့ရဲ့နိုင်ငံရေး၊ စီးပွားရေး ခရိုနီတွေက ထင်သလို အသုံးချပြီး ကိုယ်ကျိုးရှာခွင့်၊ နိုင်ငံရေး စစ်ရေးအာဏာ တည်ဆောက်ခွင့်တွေ ရနေကြတယ်။
(ဃ) ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာကို အဓိကထားတဲ့ တို ့တာဝန်အရေးသုံးပါးကို ၂၀၀၈ ဖွဲ့စည်းပုံမှာ ထည့် သွင်း အတည်ပြု၊ ၎င်းဘောင်နဲ့အညီ မြေယာ၊ သဘာဝသယံဇာတနဲ ့သဘာဝပတ်ဝန်းကျင်တွေကို ထင်သလို စီမံခန့်ခွဲခွင့်ရစေ မယ့် ဥပဒေတွေ တပုံတပင် ထပ်မံ ပြဌာန်း၊ တိုင်းရင်းသားပြည်ထောင်တွေ၊ ပြည်နယ်တွေ အားလုံးကို ဥပဒေသံမဏိနှောင်ကြိုး ကြီးတွေနဲ့ တရစ်ပြီးတရစ် တုပ်နှောင်လျှက်ရှိတယ်။
(င) ငြိမ်းချမ်းရေးဆိုတဲ့ ဟန်ပြဝေါဟာရကို ထပ်ခါတလဲလဲ ရွတ်ဆိုနေသော်လည်း ၂၁ရာစုပင်လုံညီလာခံ ဒုတိယအ စည်းအဝေးကနေ ထွက်ပေါ်လာတဲ့ သဘောတူညီချက် ပထမပိုင်း ၃၇ချက်ဆိုရာမှာ ပြည်ထောင်စုရဲ့အချုပ်အခြာအာဏာကို အဓိကထားတဲ့ တို့တာဝန်အရေးသုံးပါးကို ထိပ်ဆုံးကနေ ထပ်မံ ထည့်သွင်းခြင်းအားဖြင့် ၂၀၀၈ဖွဲ့စည်းပုံအောက်ကို ပြန်လည်ဆွဲ သွင်း၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် လမ်းကိုသာ အခင်းခံနေရတယ်။
ဒါတွေကို ပြောင်းပြန်လှန်ပြီး အချုပ်အခြာအာဏာကို ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်တဲ့ပြည်နယ်များ အခြေခံကနေ ချဉ်းကပ်ဖော်ဆောင်နိုင်မှသာ စစ်မှန်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူထုတွေ၊ တိုင်းရင်းသားပြည်နယ်တွေ လိုလားနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ဆယ်စုနှစ်ပေါင်းများစွာ ငြင်းပယ်ခြင်းခံနေရတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်လို့ခေါ်တဲ့ စုပေါင်း အခွင့်အရေးကို လူ့အခွင့်အရေးအဖြစ်နဲ့ တကယ်တမ်းရရှိ ခံစားနိုင် ပေလိမ့်မယ်။
ဦးအောင်ထူး
လူ့အခွင့်အရေးရှေ့နေ၊ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ
Principal, Federal Law Academy
ဖေဖော်ဝါရီလ ၁၇ရက်၊ ၂၀၁၈ခုနှစ်။