Home သတင်း မွန်ပြည်နယ် ကရင်စာ‌ပေသင်တန်း တက်‌ရောက်သူ အများဆုံး စံချိန်တင်

မွန်ပြည်နယ် ကရင်စာ‌ပေသင်တန်း တက်‌ရောက်သူ အများဆုံး စံချိန်တင်

2987

မတ် ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

မွန်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် ‌နွေရာသီ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ဆရာဖြစ်မွမ်းမံသင်တန်းများထဲတွင် ယခု ၂၀၁၈ ခုနှစ်သင်တန်းအတွက် တက်‌ရောက်‌နေသည့် သင်တန်းသား/သူများမှာ ဦး‌ရေအများဆုံးအဖြစ် စံချိန် တင်‌နေ‌ကြောင်း သင်တန်းဦး‌ဆောင်သူများထံမှ သိရသည်။

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၊ ကျို‌က္ကော်ဓမ္မဒူတ သုခိတာရုံ‌ကျောင်း၌ မတ်လ ၁၈ ရက်မှ ၂၅ ရက်‌နေ့အထိ ပြုလုပ်‌နေသည့် (၄) ကြိမ်‌မြောက် သင်တန်းတွင် ယခင်နှစ်က သင်တန်းသား ၃၀ဝ နီးပါးသာ တက်‌ရောက်ခဲ့ရာမှ ယခုနှစ်တွင် ၇၀ဝ ‌ကျော်တက်‌ရောက်လာခဲ့ခြင်းဖြစ်သည်ဟု သင်တန်းဖြစ်‌မြောက်‌ရေး ဦး‌ဆောင် ဆရာ‌တော် ဦးသုဓမ္မက ‌ကေအိုင်စီသို့ မိန့်ကြားသည်။

၎င်းက “မနှစ်က တစ်ရွာကို ၃ ‌ယောက်ပဲ။ ဒီနှစ်က တစ်ရွာကို ၅ ‌ယောက်အထိ‌ပေးတက်တယ်‌ပေါ့။ ဒီနှစ်က သင်ကြားတဲ့‌နေရာမှာလည်း ထိ‌ရောက်မှု ပိုအား ‌ကောင်းလာတယ်။ ‌နောက်ပြီး တာဝန်ရှိသူ‌တွေက သူတို့ ကိုယ်တိုင် အိမ်တိုင်ရာ‌ရောက် သွားဖိတ်တယ်။ ‌ပြောပြစည်းရုံးမှု‌တွေလည်းလုပ်တယ် ” ဟု မိန့်ကြားသည်။

ထို့အပြင် ယခုဖွင့်လှစ်လိုက်သည့် သင်တန်းအတွက် သင်တန်းသားများ‌ခေါ်ယူလက်ခံရာတွင် တစ်ရွာလျှင် ၅ ဦး နှုန်းဖြင့် အနိမ့်ဆုံး အသက် ၁၈ နှစ် အထက် ရှိပြီးသူ၊ နဝမတန်း‌အောင်မြင်ထားသူများကိုသာ ဆရာဖြစ် မွမ်းမံ သင်တန်းကို တက်‌ရောက်ရန် ကန့်သတ်ချက်များ ထားရှိ‌ကြောင်းလည်း ဦးသုဓမ္မက ဆက်‌ပြောသည်။

အဆိုပါ စာ‌ပေသင်တန်းတွင် ကရင်ပြည်နယ်ရှိ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖားအံ၊ လှိုင်းဘွဲ၊ မြဝတီနှင့် မွန်ပြည်နယ်ရှိ ‌ရေး၊ သံဖြူဇရပ်၊ ‌ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မ‌ရော စသည့် မြို့နယ်များအတွင်းမှ အမျိုးသား(၁၆၇)ဦးl အမျိုးသမီး(၅၆၂)ဦး သင်တန်းသား/သူ စုစု‌ပေါင်း ၇၂၉ ဦး တက်‌ရောက်ကြပြီး နည်းပြ ဆရာ/မ ၄ဝ ဦးဖြင့် သင်ကြား‌နေခြင်းဖြစ်သည်။

ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ပြန့်ပွား‌ရေးအတွက် ရည်ရွယ်ပြုလုပ်သည့် သင်တန်းတွင် မူလတန်းအဆင့် ကရင်သင်ရိုးညွှန်းတမ်း စာ‌ပေများ၊ ဒုံးအက၊ မျက်‌မှောက် ကရင့်‌ရေးရာများ ဖြစ်သည့် နိုင်ငံ‌ရေးနှင့် သမိုင်း စသည့် အ‌ကြောင်းအရာများကို သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ဖားအံမြို့နယ်၊ ခ‌နောက်ရွာမှ သင်တန်း တက်‌ရောက်လာသည့် ‌စောအယ်လ်‌မောက “ ဗုဒ္ဓဘာသာ ပိဋကတ် အတွက်ဆိုရင် ဒီစာ‌ပေက ဗျည်း၊
သရလည်းစုံတယ်။ သင်တန်းပြီးရင် ဆင့်ပွားသင်တန်းဌာန‌တွေမှာ က‌လေး ‌တွေကို စာ‌ပေ၊ ယဉ်‌ကျေးမှု‌တွေ ပြန်လည်သင်ပြသွားမယ်” ဟု ‌ပြောသည်။

ဆရာဖြစ်မွမ်းမံသင်တန်း တက်‌ရောက်ပြီးစီးသွားသည့် သင်တန်းသားများ အ‌နေဖြင့် မိမိတို့ သင်ယူရရှိထားသည်များကို သက်ဆိုင်ရာ‌ဒေသအသီးသီးတွင် ပြည်လည်ပို့ချပြီး‌နောက် စု‌ပေါင်း သင်တန်းဆင်းပွဲကို သုဝဏ္ဏဝတီမြို့၊ ကျို‌က္ကော်ဓမ္မဒူတသုခိတာရုံ‌ကျောင်း၌သာ ကျင်းပသွားမည်ဟုလည်း သိရသည်။

နှစ်စဉ် (ဗုဒ္ဓ)စ‌ကောကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး သံဃာအဖွဲ့မှ ဦး‌ဆောင် ကျင်းပသည့် ယခုသင်တန်းအား ၂၀၁၅ ခုနှစ်မှစတင်ကာ ပထမအကြိမ်ကို ကရင်ပြည်နယ် မြိုင်ကြီးငူ၊ ဒုတိယအကြိမ်ကို ‌ထောင်မူးတွင် အသီးသီးပြုလုပ်ခဲ့ပြီး တတိယအကြိမ်ကို ယခုသင်တန်းဖွင့်လှစ်‌နေသည့် မွန်ပြည်နယ် သုဝဏ္ဏဝတီမြို့၊ ကျို‌က္ကော်တွင်သာ ပြုလုပ်ခဲ့သည်ဟု သိရသည်။