Home သတင်း ပဲခူးတိုင်းအတွင်း လာမည့် ပညာသင်နှစ်တွင် တတိယတန်းကရင်စာ စသင်ကြားမည်

ပဲခူးတိုင်းအတွင်း လာမည့် ပညာသင်နှစ်တွင် တတိယတန်းကရင်စာ စသင်ကြားမည်

4420

မတ် ၃၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ အစိုးရ အ‌ခြေခံပညာ‌ကျောင်းများ၌ လာမည့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကရင်စာ တတိယတန်းကို စသင်ကြားသွားမည်ဟု ပဲခူးတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ ပြန်ကြား‌ရေးတာဝန်ခံ ‌စောဩဂတ်စတင်းခူက ‌ကေအိုင်စီသို့ မတ် ၃၁ ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက“လာမဲ့ပညာသင်နှစ်မှာ တတိယတန်းကရင်စာကို စသင်ကြားသွားမယ်။ မနှစ်က ပဲခူးတိုင်း၊ ‌ကျောက်တံခါးမြို့နယ် ထဲက ‌ကျောင်း‌တွေမှာ စသင်တယ်။ ဒါ‌ပေမဲ့ ဖတ်စာအုပ်မရှိဘူး။ ဒီအတွက် ကရင်‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေးကလမ်းညွှန် တယ်၊ စသင်ဖို့အတွက်ကိုပါ။ သင်ဖို့ အတွက် တိုင်းစာယဉ်က ဖတ်စာအုပ် (သင်ရိုးညွှန်းတမ်း) ပြုစုပြီးသွားပြီး။ သင်ဖို့အတွက် ပညာ‌ရေးဌာနကိုလည်း တင်ပြထားတယ်” ဟု ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီးအတွင်း တတိယတန်း ကရင်စာသင်ကြားမည့် ဆရာ၊ ဆရာမများအပါအဝင် တိုင်း‌ဒေသကြီး အတွင်းရှိ ကရင်စာသင်ဆရာ၊ ဆရာမများအတွက် မွမ်းမံ သင်တန်းတစ်ခုကို မတ် ၂၆ ရက်မှ ၃၁ ရက်‌နေ့ထိ၊ အင်းတ‌ကော်မြို့နယ်၊ အမှတ် ၂ ရက်ကွက်၊ ‌တောင်ရာကုန်းရှိ ဘိုးတုကျမ်းစာ‌ကျောင်း၌ တိုင်း စာ/ယဉ်က ဦး‌ဆောင်က ပြုလုပ်ခဲ့ပြီး သင်တန်းတွင် တတိယတန်း ကရင်ဖတ်စာအုပ်ကို မိတ်ဆက်သင်ကြားမှုပြုလုပ်ခဲ့သည်ဟု ‌စောဩဂတ်စတင်းခူက ဆက်‌ပြောသည်။

လက်ရှိ အစိုးရအ‌ခြေခံပညာ‌ကျောင်းများတွင် မူလတန်း‌အောင်အဆင့် (ဒုတိယတန်း)ထိ ကရင်စာ သင်ကြားခွင့် ပြုထားပြီး ယခုလို တတိယတန်းကရင်စာ စတင်သင်ကြားမည့်အ‌ပေါ် ဖတ်စာအုပ်များကို ပညာ‌ရေးဝန်ကြီးဌာန က ထုတ်‌ပေးရန် လတ်တ‌လော ညွှန်ကြားထားခြင်းမရှိသည့်အတွက် တတိယတန်းဖတ်စာအုပ်များကို တိုင်း စာ/ ယဉ် အစီအစဉ်ဖြင့် ဖြန်ချိနိုင်‌ရေးလုပ်‌ဆောင်သွားမည်ဟု ပဲခူးတိုင်း စာ/ယဉ် တာဝန်ရှိသူများထံမှ သိရသည်။

ယခုလို ပဲခူးတိုင်း‌ဒေသကြီးအတွင်း တတိယတန်းကရင်စာ သင်ကြား‌တော့မည့်အ‌ပေါ် ဝမ်း‌မြောက် ဂုဏ်ယူ သလို ယခင် အစိုးရလက်ထက် မိမိကရင်‌ရေးရာဝန်ကြီး တာဝန်ထမ်း‌ဆောင်စဉ်ကတည်းက တတိယတန်း ကရင်စာသင်ကြားနိုင်‌ရေး အတွက် ဆိုင်ရာပြည်‌ထောင်စုဝန်ကြီးအဆင့်ထိ တင်ပြခဲ့ဖူးသည်ဟု ပဲခူးတိုင်း‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီး‌ဟောင်း ‌စောဂျူးပလီစံလှက ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ညောင်‌လေးပင်မြို့နယ်တွင် ၂၀၁၄ ခုနှစ်မှ စတင်ကာ အစိုးရအ‌ခြေခံပညာ‌ကျောင်းများတွင် စ‌ကော ကရင်စာ စတင်သင်ကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိ တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်တိုင်းနီးပါး ကရင်စာသင် ကြား‌နေ သလို တတိယတန်း ကရင်စာကို လာမည့်ပညာသင်နှစ်တွင် ယခုလို ထပ်တိုးသင်ကြားသွားမည်ဖြစ်‌ကြောင်း သိရသည်။