မန်းထိန်ဝင်းစိန်
အေဒီ ငါးရာစုက အီတလီနိုင်ငံတွင် စစ်ပွဲများဖြစ်နေသည့်အချိန် ယောက်ျားများ စစ်တိုက်နေရသဖြင့် အရွယ် ရောက်သူတိုင်း လက်ထပ်ခွင့်တားမြစ်ထားခဲ့ပြီး ခရစ်ယာန်သူတော်စင် ဘုန်းတော်ကြီး ဗာလင်တိုင်း (Valentine) မှ ချစ်သူစုံတွဲများအား လက်ထပ်ပေးခဲ့သည်။ ဤသို့ဖြင့် ဗာလင်တိုင်းကို အီတလီဧကရာဇ်လော ဒီယပ်စ်၏ ကွပ်မျက်ခြင်းခံခဲ့ရသည့်နေ့ကို ချစ်သူစုံတွဲများ သူတော်စင်ဗာလင်တိုင်း၏ နေ့ဆိုပြီး ချစ်သူမျာနေ့ဟု သတ်မှတ်ခဲ့ကြသည်။
ဖေဖော်ဝါရီလ (၁၄) ရက်နေ့ရောက်တို်င်း ဗာလင်တိုင် ချစ်သူများနေ့တွင် ချစ်သူများ ပန်းလက်ဆောင်ပေး ခြင်းဖြင့် ပျော်ရွှင်ကြသည်။ ဤကဲ့သို့ ဥရောပတွင်သာမက မြန်မာနိုင်ငံအရပ်ရပ် ချစ်သူများ ဝမ်းသာခဲ့ရသည့် အချိန်များတွင် ဝမ်းနည်းရမလို ဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုပင်ရှိခဲ့သည်။ အကြောင်းမှာ ၂၀၀၈ ခုဖေဖော်ဝါရီ လ ၁၄ ရက်နေ့ ညနေ (၄းဝ၀) နာရီ အချိန်ခန်ှ့တွင် ချစ်မေတ္တာပန်းအစား အဆိပ်ပန်းများကို ယူဆောင်လာသည့် လူသတ်သမား နှစ်ဦးသည် ပျော်ရွှင်သော ညနေခင်းဟု ကရင်လို နှုတ်ဆက်ပြီး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား လုပ်ကြံခဲ့သည်။
ပဒိုမန်းရှာလားဖန်းသည် ၁၉၄၃ ခုနှစ် ဇူလိုင်လ(၅)ရက်နေ့ (အဖ) မန်းဘသုန်၊ (အမိ) ဂါ့တင်တို့မှ ဧရာဝတီတိုင်း မအူပင်ခရိုင် ၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေုးရွာတွင် မွေးဖွားခဲ့သည်။ ငယ်အမည်မှာ စချစ်ရွှေဖြစ်ပြီး မွေးချင်း(၃)ဦးရှိခဲ့သည်။ ဂျပန်ခေတ် ကရင်-ဗမာ အဓိကရုဏ်းတွင် ရွာမှထွက်ပြေးခဲ့ရပြီး အငယ်ဆုံးညီမ ဆုံးပါးသွားခဲ့သည်။ ၁၉၄၉ခုနှစ် ပြည်တွင်းစစ်ကာလ၊ တောကျောင်း(အ-မ-က)၊ ရင်းတိုကုန်း (အ-လ-က) ၊ ပန်းတနော်(အ-ထ-က) များတွင် ပညာသင်ကြားခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိခဲ့ပြီး ထိုနှစ် ဇူလိုင်(၇)ရက် အရေးအခင်းနှင့် ကြုံကြိုက်ခဲ့ရပြီး ၁၉၆၆ ခုနှစ်တွင် သမိုင်းဘာသာ အဓိကဖြင့် ဘွဲ့ရရှိခဲ့သည်။ ဂျပန်ခေတ် ပြည်တွင်းစစ်ခေတ် တက္ကသိုလ်ရောက် စ စစ်အာဏာရှင်စတင်လွှမ်းမိုးမှု အတွေ့အကြုံများကြောင့် ထမင်းစားလက်မှတ်ဖြစ်သော ဘွဲ့လက်မှတ်ကို စောင့်မယူတော့ဘဲ ကရင်တော်လှန်ရေးထဲသို့ ဝင်ရောက်ခဲ့သည်။ ကရင့်တော်လှန်ရေးထဲရောက်သည့်အခါ ပဒိုမန်းရှာလားဖန်းအမည်ကိုစတင်သုံးစွဲခဲ့သည်။ အများက ပဒိုမန်းရှာ ဟုလူသိများခဲ့သည်။
၁၉၇၅ ခု KNUP တပ်မဟာ ၃ ညောင်လေးပင်ခရိုင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ပဲခူးရိုးမမှ စစ်ရေးအခြေအနေ ကျပ်တည်းမှုကြောင့် KNUP မှ ဗိုလ်ချုပ်မြမောင် ဦးစီးအဖွဲ့လူ(၁၀၀)ခန့် အရှေ့တိုင်းသို့ ပူးပေါင်းရန် ကူးပြောင်းခဲ့သည်။ ၎င်းအထဲတွင် ပန်းတနော်မြို့နယ်၊ တောကျောင်းအုပ်စု၊ နံဂါတ်ရိုးရွာသူ တပ်စိပ်မှူး ရဲမေနန့်ကျင်ရွှေလည်း ပါဝင်ခဲ့သည်။ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့ ဒူးပလာယာခရိုင် အစည်းအဝေးတွင် KNUP နှင့် KNUF တို့ပြန်လည်ပေါင်းစည်းကြပြီး မူလ KNU အမည်ကို သုံးစွဲခဲ့သည်။ ထိုအချိန်တွင် မြောက်ပိုင်းခရီးစဉ် (တရုတ်ပြည်)မှ ပြန်လာသည့် ပဒိုမန်းရှာလည်း ပါဝင်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် တော်လှန်ရေး ရဲမေနန့်ကျင်ရွှေနှင့် KNU လူကြီးများက လက်ထပ်ပေးခဲ့သည်။ ပဒိုမန်းရှာနှင့် ဇနီးနန့်ကျင်ရွှေတို့တွင် စေးစေးဖန်း၊ ဘွားဘွားဖန်း၊ စလုံ့ဖန်း၊ ဇိုယာဖန်းဟူ၍ သားသမီးလေးဦး ထွန်းကားခဲ့သည်။
၁၉၈၄ ခုနှစ်တွင် ပဒိုမန်းရှာသည် KNU ဗဟိုကော်မတီဝင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (MDF) ဗဟိုသဘာပတိ၊ ၁၉၈၈ တွင် ဗိုလ်ချုပ်မြ၏ ကိုယ်ရေးအရာရှိ၊ ၁၉၈၉ ခုနှစ် DAB ဗဟိုအမှုဆောင် ၊ ၁၉၉၂ တွင် NCUB အတွင်းရေးမှူး(၃)၊ ၁၉၉၅ ခုနှစ် KNU (၁၁)ကြိမ် ကွန်ဂရက်တွင် အတွင်းရေးမှူးဖြစ်ခဲ့သည်။ ပဒိုမန်းရှာသည် အစည်းအဝေးများတွင် အရင်ဆွေးနွေးလေ့မရှိဘဲ အများဆွေးနွေးသည်ကို သေသေချာနားထောင်ပြီးမှ မိမိအမြင်ကို ပြန်လည်ဆွေးနွေးတတ်ပြီး မတူညီသည့်သဘောထားမျိုးရှိက တစ်ဖက်လူ လက်ခံနိုင်သည်အထိ စိတ်ရှည်လက်ရှည် ဆွေးနွေးတတ်ခြင်းကြောင့် ၎င်းအချိန်များတွင် ကရင်တော်လှန်ရေးအတွင်း တပ်ပေါင်းစုအင်အား အကောင်းဆုံး အချိန်ဖြစ်ခဲ့သည်။
၁၉၉၆ စစ်အစိုးရနှင့် မော်လမြိုင်မြို့ ဆွေးနွေးပွဲ လေးကြိမ်လုံး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တာမလာဘောနှင့်အတူ ဒုတိယ ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သည်။ ပဒိုမန်းရှာသည် ကရင်တော်လှန်ရေးသည် မည်သူ့အကျိုးစီးပွားကိုမှ ထိခိုက်အောင်လုပ်ခြင်းမဟုတ်။ ဗမာပြည်၏ နိုင်ငံရေးလိုအပ်ချက်ဖြစ်သော တိုင်းရင်းသား အားလုံး၏ တန်းတူရေုးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးသာဖြစ်ကြောင်း သဘောတရားကို အစဉ်ရပ်တည်ခဲ့သူဖြစ်သည်။ ဆွေးနွေးပွဲတိုင်းတွင်လည်း ဥက္ကဌကြီး မန်းဘဇန်၏ တပ်ပေါင်းစုရှိမှ အောင်ပွဲခံနိုင်မည်ဟူသော လမ်းညွှန်ချက်ကို ဦးထိပ်ထား၍ တိုင်းရင်းသားအရေး နှင့် ဒီမိုကရေစီအရေးကို ပေါင်းစပ်ရမည်ဟု ခံယူထားသူဖြစ်သည်။ ကရင်တော်လှန်ရေးနှင့် ဒီမိုကရေစီအရေး သွေးခွဲမှု မအောင်မြင်ခြင်းကြောင့် စစ်အစိုးရမှ ဆွေးနွေးပွဲကို တစ်ဖက်သတ် ရပ်ဆိုင်းခဲ့သည်။ ပဒိုမန်းရှာအား စစ်အစိုးရအကြံတွင် အတားအဆီးဖြစ်သူဟု သတ်မှတ်ခြင်းခံခဲ့ရသည်။ KNU အတွင်းမှာလည်း နိုင်ငံရေးအား နည်းသူများက ကရင်အရေးထက် သူများအရေးကို စဉ်းစားသူဟု ပဒိုမန်းရှာအား အချို့မြင်လာကြသည်။ သို့သော်လည်း ပဒိုမန်းရှာသည် အမျိုးသာလွတ်မြောက်ရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု ပေါင်းစပ်ရမည်ဟူသော နိုင်ငံရေးအမြင် KNU အတွင်း ခိုင်မာစွာ စိုက်ထူနိုင်ခဲ့သည်။
တပ်ပေါင်းစုအင်အား အခိုင်အမာတည်ဆောက်ထားသည့် မာနယ်ပလော ဒေသကို စစ်ရေုးနှင့်တိုက်ခိုက်၍ မရသည့်အခါ ၁၉၉၂ ခုနှစ်တွင် စစ်အစိုးရဖက်မှ တစ်ဖက်သတ်စစ်ရေးကိုရပ်ဆိုင်း၍ KNU အား ဘာသာရေး၊ စီးပွားရေးနှင့်ဖြိုခွဲခဲ့ရာ ၁၉၉၄ ခုနှစ်တွင် သူးမွဲထ(မြစ်ဆုံ) အရေးအခင်းပေါ်ပေါက်လာပြီး ၁၉၉၅ ခုနှစ် ဇန်နဝါရီလ(၂၆)တွင် မာနယ်ပလော ကျဆုံးခဲ့သည်။ KNU အတွင်းတွင်လည်း ပြည်တွင်းစစ် အနှစ်(၄၀)ကျော် တိုက်ခဲ့ခြင်းသည် အကျိုးမရှိ၊ အပစ်အခတ်ရပ်စဲပြီး စီးပွားရေးလုပ်ခြင်းသည်သာ အကျိုးရှိသည်ဟူသော အမြင်များပေါ်ပေါက်လာခဲ့သည်။ မြေပေါ်မှကရင်ဘာသာရေး၊ စီးပွားရေး၊ ပညာတတ်ကရင်မျက်နှာကြီး အချို့မှလည်း ပြည်တွင်းစစ်မရှိလျှင် စီးပွားရေးလုပ်ခွင့်ရမည်ဆိုသော အမြင်သာရှိပြီး နိုင်ငံရေးအမြင်မရှိသူများကို စစ်အစိုးရမှ ငြိမ်းချမ်းရေးသံတမန်များအဖြစ် အသုံးချလာကြသည်။ KNU ဗဟိုကော်မတီဝင် ပဒိုအောင်ဆန်း တပ်မဟာ-၆ ၊ တပ်ရင်း(၁၆) စောသမူဟဲ ၁၉၉၇ ခုနှစ်တွင် လက်နက်ချပြီး ၂၀၀၇ ခုနှစ် မတ်လ (၂၇)တွင် ဗိုလ်ချုပ်ထိန်မောင် တို့ အသီးသီး လက်နက်ချသွားခဲ့ကြသည်။
“ ကျနော်တို့ကရင်တွေ နိုင်ငံရေးအားနည်းတယ်၊ ရန်သူက ကောက်ကျစ်ယုတ်မာပြီး လှည့်စားတာကို ကြိုတင် မမြင်နိုင်ကြဘူး၊ ဒါကြောင့် တော်လှန်ရေးခေါင်းဆောင်တစ်ချို့ နိုင်ငံရေးလမ်းပျောက်ပြီး တရားခံဘဝ ရောက်ခဲ့ရ တာတွေရှိတယ်။ ပဒိုမန်းရှာသည် အပစ်ရပ်ပြီး စီးပွားရေးလုပ်တာ နိုင်ငံရေးမဟုတ်၊ တိုင်းရင်းသားများ၏ တန်း တူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီအရေးသာ ဗမာပြည်၏ ပြီးပြည့်စုံသော နိုင်ငံရေး ဟူသော အယူအဆ ကို KNU အတွင်း အခိုင်အမာစိုက်ထူခဲ့သည်။ ကရင်ခေါင်းဆောင်တွေ ရန်ကုန်ဆင်းပြီး လည်စင်းမခံသမျှ ကရင်တော်လှန်ရေး ဘယ်တော့မှမရှုံးဘူးဟူသော စောဘဦးကြီး၏ လမ်းညွှန်ချက် နှင့် စောဘဦးကြီး စကားလေးခွန်းကိုလည်း လေးပါးသီလအဖြစ် မှတ်ယူခဲ့သည်။
စစ်အစိုးရမှ ကိုယ်ကျိုးစီးပွားကိုသာကြည့်သည့် KNU အတွင်းမှ ခေါင်းဆောင်များအထဲ မြေပေါ်ရှိ စီးပွားရေးသမား အချို့ကို အသုံးချကာ နည်းဗျူဟာပြောင်း ဆောင်ရွက်လာခြင်းကြောင့် ပဒိုမန်းရှာ လုပ်ကြံခံရသည်အထိ ဖြစ်ခဲ့သည်။ လုပ်ကြံသူများသည် မြန်မာဘက်ကမ်း ရွှေကုက္ကိုလ်ရွာမှ ထိုင်းနိုင်ငံဘက်ကမ်း ဝမ်းဖာရွာသို့ကူးသွားပြီး ၎င်းတို့ငှားစီးနေကျ မဲဆောက်မြို့ မယ်ပကျေးရွာ အမှတ်(၁)ရပ်ကွက် အိမ်အမှတ် (၂၂၉) ထိုင်းသူဌေး ခွန်စီရတ်ဘွန်း၏ တိုယိုတာ ဟိုင်းလပ်ကား အမှတ်- ထိုင်းအက္ခရာ ချောခမ်းထော်ထန် ၄၂၅ ဖြင့် မန်းရှာအား လုပ်ကြံခဲ့ပြီး ဝမ်းဖာမှတစ်ဆင့် ရွှေကုက္ကိုလ်ရွာသို့ ပြန်သွားကြသည်။
လုပ်ကြံမှုတစ်ခုလုံးကို ပြန်ဆက်စပ်ကြည့်ပါက အစွယ်လိုသူမိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ မုဆိုး ဆိုသောစကားအရ ကြံဖော် ကြံဖက်များ မည်သူနည်းဆိုသည်ကို စာဖတ်သူများစဉ်းစားနိုင်လောက်ပေ သည်။ ပဒိုမန်းရှာနှင့် ဇနီးနန့်ကျင်ရွှေတို့အား အမှတ်ရစေရန်နှင့် မျိုးဆက်သစ် ကရင်လူငယ်များ နိုင်ငံရေးအ သိစိတ် ရှင်သန်စေရန် ပဒိုမန်းရှာ သားသမီးလေးဦးမ ှ(ဖန်းဖောင်ဒေးရှင်း)ကို ထူထောင်၍ နှစ်စဉ်လူငယ်ဆုချီး မြှင့်ခဲ့သည်။ ပဒိုမန်းရှာ အစ်ကိုကြီး မန်းတင်ရွှေမှာလည်း ပဒိုမန်းရှာဇာတိ တောကျောင်းရွာတွင် အမှတ်တရ ကျောက်တိုင်နှင့် ကိုယ်တစ်ပိုင်းရုပ်ထုကို ယမန်နှစ် ပဒိုမန်းရှာ ကွယ်လွန်ခြင်း (၉)နှစ်မြောက် အထိမ်းအမှတ်တွင် စိုက်ထူခဲ့သည်။
ယခုနှစ် ၂၀၁၈ ဖေဖော်ဝါရီလ (၁၄) ရက် ပဒိုမန်းရှာ ကွယ်လွန်ခြင်း ဆယ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပဒိုမန်းရှာ အစ်ကိုကြီးမိသားစုမှ သံဃာတော်များပင့်ဖိတ်၍ အလှူဒါနပြုခဲ့သည်။ မိသားစုအလှူဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မဖိတ်ကြား၍ မသိကြသော်လည်း ဤနေ့ကို အမှတ်တရလေးစားသူအချို့ လာကြရာ လူအင်အား တစ်ရာခန့်ရှိခဲ့သည်။ KNU/KNLA မှ ဗိုလ်မှူးကြီး မန်းကြာယုံ၊ ဗိုလ်ကြီးသန်းလှ၊ ကျောင်းကုန်း မြို့နယ်မှ စာယဉ်ကော်မတီ၊ ဟသင်္တမြို့နယ် စာယဉ်ကော်မတီ၊ ညောင်တုန်းစာယဉ်ကော်မတီ၊ KNP ဌာနချုပ်၊ ပန်းတနော်- ကျောင်းကုန်း- ဝါးခယ်မ- ထန်းတစ်ပင် KNP ပုဂ္ဂိုလ်များ၊ အနောက်ပိုးကရင်စာပေ အကျိုးပြုကော်မတီ၊ ဒေါကလူအဖွဲ့၊ ထီးထာကလုံးမီဒီယာ၊ KYA ပန်းတနော်လူငယ်များ လာရောက်ကြသည်။ အထိမ်းအမှတ်ကျောက်တိုင်တွင် KNU/KNLA ပန်းခွေ၊ KNP ပန်းခွေ၊ မိသားစုပန်းခြင်း၊ တောကျောင်းလူငယ်အမျိုးသားပန်းခွေ၊ တောကျောင်းလူငယ်အမျိုးသမီးပန်းခွေ အသီးသီးချ၍ အလေးပြုကြပြီး ကရင်အမျိုးသားသီချင်းဖြင့် အစီအစဉ်ကို ရုပ်သိမ်းခဲ့သည်။
ပဒိုမန်းရှာအစ်ကိုအိမ်တွင် အနားယူအမှတ်တရ စကားပြောကြရာ ဗိုလ်မှူးကြီး မန်းကြာယုံ၊ ဗိုလ်ကြီးသန်းလှတို့မှ ပဲခူးရိုးမမှ အရှေ့တိုင်းသို့ တိုက်ပွဲကြားမှ ရေကူး၍ ဖြတ်ကူးခဲ့ပုံ၊ နန့်ကျင်ရွှေမှ အမျိုးသမီးတပ်စုအား ဦးဆောင်ခဲ့ပုံ၊ စစ်တောင်းမြစ်ထဲတွင် ရဲမေနှစ်ဦးရေနစ်ကျဆုံးခဲ့ပုံတို့ကို စိတ်ဝင်စားဖွယ် အမှတ်တရ ပြောကြားခဲ့သည်။ ပန်းတနော် အ-ထ-က တွင် အတူပညာသင်ကြားခဲ့သူ ပဒိုမန်းရှာ၏ ငယ်သူငယ်ချင်း တစ်ဦးမှလည်း ပဒိုမန်းရှာ၏ ဘဝအစိတ်အပိုင်းတစ်ချို့မှ နိုင်ငံရေးရပ်တည်မှု၊ စွန့်လွှတ်မှု၊ မြောက်ပိုင်းခရီး(တရုတ်ပြည်)မှ အပြန် ဗ-က-ပ နှင့် စစ်ရေးမဟာမိတ် ချုပ်ခဲ့၍ ဗိုလ်ချုပ်မြမှ ရဲဘော်အဆင့်ထိ လျှော့ချ အရေးယူခံခဲ့ရသော်လည်း တော်လှန်ရေးအပေါ် သစ္စာမဖောက်ခဲ့ပုံ၊ ဇနီးနန့်ကျင်းရွှေ မှလည်း မန်းရှာအား တို့တော်လှန်ရေးလုပ်ခဲ့တာ ဒါနောက်ဆုံးရလာဒ်ပဲလားဟု ညည်းတွားခဲ့ပုံ၊ ပဒိုမန်းရှာ ကွယ်လွန်သွားသော်လည်း မည်သည့်ကိုယ်ပိုင်ပစ္စည်းမှ မကျန်ခဲ့ပုံ၊ တော်လှန်ရေးစိတ်ဓာတ် ၊ တော်လှန်ရေးသစ္စာနှင့် ဂုဏ်ပုဒ်တွေသာ ကျန်ခဲ့ပြီး မည်သည့်အခါမျှ မပျောက်နိုင်ကြောင်း ပြောကြားပြီး မန်းတင်ရွှေ မိသားစုမှ တည်ခင်းသည့် ဒံပေါက် ထမင်းကို သုံးဆောင်ကြပါသည်။
ဗာလင်တိုင်းနေ့ရောက်တိုင်း ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား၊ အသင်စာဖတ်သူမည်သို့ခံစားရပါသနည်း။
မန်းထိန်ဝင်းစိန်