Home သတင်း ပြည်သူ့ဘဝလုံခြုံမှုဆိုင်ရာ စကားဝိုင်းတစ်ရပ်ကို ‌ကော့ကရိတ်တွင် ပြုလုပ်

ပြည်သူ့ဘဝလုံခြုံမှုဆိုင်ရာ စကားဝိုင်းတစ်ရပ်ကို ‌ကော့ကရိတ်တွင် ပြုလုပ်

1822

‌ဖေ‌ဖော်ဝါရီ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ရက် (KSCN) မှ ကမကထပြု၍ ပထမဦးဆုံးအကြိမ် ပြည်သူ့ ဘဝလုံခြုံမှုဆိုင်ရာ စကားဝိုင်းတစ်ရပ်ကို ‌ဖေ‌ဖော်ဝါရီ ၅ နှင့် ၆ ရက်‌နေ့တွင် ‌ကော့ကရိတ်မြို့ ၊ အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

‌ကော့ကရိတ်မြို့နယ်အုပ်ချုပ်‌ရေးမှူးအပါအဝင် အစိုးရတာဝန်ရှိသူများနှင့် KSCN တာဝန်ရှိသူများ စုစု‌ပေါင်း လူဦး‌ရေ ၃ဝ ‌ကျော်မှ ပါဝင်‌ဆွေး‌နွေးသည့် စကားဝိုင်းဖြစ်‌ပေါ်လာပုံနှင့် ပတ်သက်၍ KSCN ဦး‌ဆောင် ‌ကော်မတီ ဝင် ‌စော‌ကျော်စွာက ယခုလို ‌ပြောသည်။

“အုပ်ချုပ်‌ရေးတာဝန်ရှိသူ‌တွေနဲ့ အရပ်ဖက်တာဝန်ရှိသူ‌တွေက ပြည်သူ့ဘဝ လုံခြုံမှုဆိုင်ရာ ကိစ္စရပ်‌တွေကို ဘယ်လိုပူး‌ပေါင်း ‌ဆောင်ရွက်နိုင်မလဲဆိုတဲ့ အချင်းချင်း အပြန်အလှန် အမြင်ဖလှယ်ပြီး‌တော့မှ စကားဝိုင်း တည်ခြင်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်သူ့ဘဝလုံခြုံမှုဆိုင်ရာကိစ္စရပ်များအား ‌ဆွေး‌နွေးရာတွင် မူးယစ်‌ဆေးဝါး အ‌ကြောင်းအရာကိုသာ အဓိက ထား ‌ဆွေး‌နွေးဖြစ်ခဲ့ကြပြီး အခြား ‌လောင်းကစားခြင်း၊ ‌ရွှေ့‌ပြောင်းအလုပ်သမားများ၊ မုဒိန်းမှု စသည့် အ‌ရေး ကိစ္စများ အား ‌နောက်ပြုလုပ်မည့် စကားဝိုင်းများတွင် ထပ်မံ‌ဆွေး‌နွေးသွားရန် ရှိ‌ကြောင်းလည်း ‌စော‌ကျော်စွာမှ ဆက် ‌ပြောသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ ပြည်နယ်အတွင်း၂၀၁၇ ခုနှစ်တွင် မူးယစ်‌ဆေး ဖမ်းဆီးရရှိမှုများမှာ စိတ်ကြွ‌ဆေး ၂,၁ဝဝ,၅၃၂ ပြား၊ ဘိန်းမဲ ၁၆၃ ဂရမ်၊ ICE ၂,၅၇၉ ဂရမ်၊ ‌ဆေး‌ခြောက် ၁၂ဝ ဂရမ်၊ ဘိန်းစာပင် ရွက် ၁,၆၅ဝ ဂရမ်၊ လက်နက် ၇၈ လက်၊ အမှု‌ပေါင်း ၅၃ဝ မှုရှိပြီး စုစု‌ပေါင်း တရားခံ ၇၄၅ ဦးကို အ‌ရေးယူ ဖမ်းဆီးနိုင်ခဲ့သည်။

ထို့အတူ ကရင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မူးယစ်‌ဆေးဖမ်းမိမှု ယခင် ၂၀၁၆ ခုနှစ်ထက် သုံးဆနီးပါး တိုး လာပြီး ဖားအံနှင့် မြဝတီမြို့တို့တွင် အများဆုံးဖမ်းဆီးနိုင်ခဲ့သည်ဟု ပြည်နယ် ရဲမှူးကြည်လင်းက ‌ကေအိုင်စီ သို့ ဇန်နဝါရီ ၄ ရက်‌နေ့တွင် ‌ပြောဆိုထားမှုများလည်း ရှိခဲ့သည်။

ယခုပြုလုပ်သည့်စကားဝိုင်းတွင်လည်း မူးယစ်‌ဆေးဝါးနှင့်ပတ်သက်၍ ပြည်သူ့ဘဝထိခိုက်သည့် အ‌ကြောင်း အရာများကို သက်ဆိုင်ရာ အုပ်ချုပ်‌ရေး တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများပူး‌ပေါင်းကာ အတူ တကွဖယ်ရှားနိုင်မည့် နည်းလမ်းတခု ‌ပေါ်‌ပေါက်လာလိမ့်မည်ဟုလည်း စကားဝိုင်းဖြစ် ‌မြောက်‌ရေးဦး‌ဆောင် သူများက ‌ပြောသည်။

ကရင်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ လူမှုအဖွဲ့အစည်းများ ကွန်ရက်ကြီးထွားလာ‌စေရန် ‌ဆောင်ရွက်လျှက်ရှိသည့် KSCN တွင် လက်ရှိ အဖွဲ့ဝင် ၂၃ဖွဲ့ရှိပြီး ပြည်နယ်အတွင်း ဖြစ်‌ပေါ်‌နေသည့် ပညာ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ နိုင်ငံ‌ရေး၊ ကျန်းမာ‌ရေး၊ ငြိမ်းချမ်း‌ရေး၊ လူ့အခွင့်အ‌ရေးဆိုင်ရာ အခက်အခဲများကို စု‌ပေါင်း‌ဆောင်ရွက်ကြရန် ရည်ရွယ်၍ ၂၀၁၅ခုနှစ်၊ ‌မေလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။