(ဖေဖေါ်ဝါရီ ၂၃ရက်၊ ၂၀၁၈ ခုနှစ်)
ဘိုးဘွားများ လက်ထက်ကတည်းက တော၊ တောင် သဘာဝကို မှီခိုဖက်တွယ် ရှင်သန်ခဲ့ပြီး တောနှင့် တောင် သဘာဝကို သာ နာလည်းကာ မိမိတို့ဘဝများရှင်သန်ရပ်တည်နေရသည်ဟု သစ်တောများဖုံးလွှမ်းနေသည့် တနသင်္ာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာသား စောချစ်ဝင်းထူးက ဆိုသည်။
သူ့ဘဝစတင်ခဲ့သည့် ကျေးဇူးတော်ကျေးရွာသည် ယခင်က ခီးတခီးရွာဟု အမည်တွင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင်မူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရတပ်တို့ တိုက်ပွဲများဖြစ်ပွားပြီး တစ်ရွာလုံးမီးရှို့ခံခဲ့ရသည်။ ထိုစဉ်က အဖြစ်အပျက်ကိုသူက ယခုလိုဖွင့်ဟ ပြောသည်။
“ ၁၉၉၂ ခုနှစ်တုန်းက တိုက်ပွဲဖြစ်တော့ လမ်းဘေးနဲ့ နီးတဲ့နေရာကို မပြေးရဲဘူး။ ဗမာစကားကောင်းကောင်း မတတ်သူတွေလည်းများတော့လေ၊ ဝေးလေကောင်းလေဆိုပြီးတော့ ချောင်းဖျားဘက်ကိုပြေးကြတာ။ ကျနော် တို့က တောထဲကိုဘဲမှီခိုပြီး ပြေးကြတာ၊ တောနဲ့ပတ်သက်ပြီးတော့ဘဲ နားလည်တယ်၊ တောနဲ့ ပတ်သက်ပြီး တော့ဘဲ လုပ်ကိုင်တတ်တယ်ဆိုတော့လေ” ဟု စောချစ်ဝင်းထူးက ပြောသည်။
ထိုနောက် သူတို့ရွာသားများသည် နယ်စပ်ဒုက္ခသည်စခန်းများ နီးစပ်ရာ ဆွေးမျိုးသားချင်းများရှိသည့် နေရာများ သို့ တိမ်းရှောင်နေထိုင်ခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် ကေအဲန်ယူနှင့် အစိုးရတို့ အပစ်ရပ်လိုက်သည့် သတင်းကို ကြားသိရပြီး များစွာဝမ်းသာမိကြောင်းသူက ပြောသည်။ သို့သော် သူတို့ ဒုက္ခသည် စခန်းတွင်ရှိနေစဉ် အစိုးရက ၂၀၀၅ ခုနှစ် တွင် တနသင်္ာရီ သဘာဝနယ်မြေ ထူးထောင်လိုက်ပြီး ထိုအထဲတွင် ကျေးဇူး တော်ကျေးရွာလည်း ပါဝင်သွားပြီး ဖြစ်သည်။
“ ပြန်လာတဲ့ အချိန်ကျတော့ ကျနော်တို့ရွာက ဘာဖြစ်နေလဲဆိုတော့ သဘာဝကြိုးဝိုင်းထဲပါသွားပြီး၊ တခြား ကျန်တဲ့ အခြမ်းကျတော့ ဘာလုပ်ထားလဲဆိုတော့ ကုမ္ပဏီတွေ ပေးထားတယ်။ ဆီးအုန်းစိုက်ဖို့၊ ရာဘာစိုက်ဖို့ ပေးထားတယ်။ အဲ့ဒါဆို ကျနော်တို့ကို ဘာလို့ ပြန်လာတော့မလဲ၊ နှစ် ၂ဝ ကျော်လာတဲ့ အချိန်မှာ ကျနော်တို့ မိသားစုတွေက နည်းသွားတာ မဟုတ်ဘူးများလာတယ်။ အဲ့ဒါကို သူတို့ ဘာလို့ထည့် မစဉ်းစားလဲ၊ ကျနော်တို့ စားဝတ်နေရေးအတွက် ဥယျာဉ်ခြံမြေကို အားထားတယ်။ ဒါတွေပြန်လုပ်တော့ မင်းတို့ တောတွေကို မဖျက်ဆီး နဲ့တဲ့ ၊ ကျနော်တို့ ဘယ်လို လုပ်ကိုင်စားသောက်မလဲ” ဟု စောချစ်ဝင်းထူးက ပြောသည်။
ပြည်တွင်းစစ်ကြောင့် တနသင်္ာရီ တိုင်းဒေသကြီးအတွင်း လူဦးရေ ၈၀,၀၀ဝ ခန့်နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၂၀၁၂ ခုနှစ် အပစ်ရပ်ချိန်မှစ၍ ကရင်ဒုက္ခသည်များ၊ ပြည်တွင်း စစ်ရှောင် (IDP) များမိမိတို့ နေရပ်သို့ ပြန်လာ ရာတွင် ကြုံတွေ့ရမှုများထဲတွင် စောချစ်ဝင်းထူး၏ ဖြစ်ရပ်လည်း တစ်ခုအပါအဝင်ဟု ဆိုနိုင်သည်။
ယခုလို သဘာဝကာကွယ်တောများ တိုးချဲ့လာခြင်းကြောင့် ဌာနေတိုင်းရင်းသားများ အခွင့်အရေး ထိခိုက်မှု အပေါ် တနသင်္ာရီတိုင်းဒေသကြီး အတွင်းရှိ တနသင်္ာရီ မြစ်မကြီးနှင့်ဌာနေ တိုင်းရင်းသားများကွန်ရက်၊ တာကပေါ လူငယ်အဖွဲ့၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု၊လှုပ်ရှားမှု အဖွဲ့၊ တောင်ပိုင်းလူငယ်၊ ပနဲတာကပေါ၊ တနသင်္ာရီ မိတ်ဆွေများအဖွဲ့နှင့် လူထုအခြေပြု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အသက်မွေးဝမ်းကျောင်းမှုကော်မတီ စသည့် အဖွဲ့ ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် CATက ဦးဆောင်ကာ “ သစ်တောသည် ကျွန်ုပ်တို့၏ အသက်သွေးကြော” အစီရင်ခံစာတစ်ခုကို ဖေဖေါ်ဝါရီ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ Orchid ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
တနသင်္ာရီတိုင်းဒေသကြီးအတွင်း သစ်တောဦးစီးဌာနက ၂၀၀၅ ခုနှစ်တွင် စတင်ထူထောင်သည့် တခုတည်း သော ကုန်းတွင် ကာကွယ်တော တနသင်္ာရီသဘာဝနယ်မြေသည် ဧက ၄၂၀,၀၀ဝ ကျယ်ဝန်းပြီး အဆိုပြုထားသည့် ကာကွယ်တော ဧရိယာ နှစ်ခုဖြစ်သော လေညာအမျိုးသားဥယျာဉ်နှင့် တနသင်္ာရီ အမျိုးသားဥယျာဉ်တို့ သည် ဧက ၁ ဒသမ ၃ သန်းအထိရှိသည်။
ယင်းဒေသများကို ပေါင်းစည်း၍ တနသင်္ာရီ သဘာဝစကြင်္န်နယ်မြေအဖြစ်ဖော်ဆောင်ပါက စုစုပေါင်း ဧက ၂ သန်းခွဲခန့် ရှိလာမည်ဖြစ်ကာ တိုင်းဒေသကြီးနယ်မြေ၏ စုစုပေါင်း လေးပုံတစ်ပုံခန့်ရှိလာမည်ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပြု လေညာအမျိုးသားဥယျာဉ်နှင့် တနသင်္ာရီ အမျိုးသား ဥယျာဉ် နယ်နိမိတ်အတွင်း ကျေးရွာ စုစုပေါင်း ၅၅ ရွာရှိပြီး လူဦးရေ စုစုပေါင်း ၁၆,၆၅၁ ဦးရှိသည်။ ယင်းကျေးရွာများထဲမှ ကျေးရွာ ၄၅ ရွာသည် ပြည်တွင်းစစ်ဒဏ် ကို ခံစားခဲ့ရသလို စစ်အတွင်း ကျေးရွာ ၃၈ ရွာဖျက်ဆီးခံခဲ့ရသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။
လက်ရှိ အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် သစ်တောဖုံးလွှမ်းဧရိယာ (သို့မဟုတ်) ဂေဟစနစ် ရှိသေးသည့်နေရာများကို ထိန်းသိမ်းရန်လုပ်ဆောင်နေခြင်းသည် မှားသည်ဟု ပြောဆို၍ မရသော်လည်း နည်းလမ်းမှန် လုပ်ကိုင်ရန် လိုသည်ဟု တနသင်္ာရီမြစ်မကြီးနှင့် ဌာနေတိုင်းရင်းသားများ ကွန်ရက်မှ ဒါရိုက်တာ စောဖရန်ကီက ယခုလိုပြောသည်။
“ မှားတယ်လို့ ပြောလို့ မရပေမဲ့ ဒီချဉ်းကပ်နည်းဟာ တကယ့်လက်တွေ့မှာ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုကို ပိုမိုပြီးဖြစ်စေတာလား။ ဒါမှမဟုတ် ဒေသခံပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ပိုမိုပြီးရင်ဆိုင်စေရ တာလား ဆိုတာ လေ့လာဖို့လို အပ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ အင်မတန်မှ အရေးကြီးတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အင်မတန်မှ ကျယ်ပြောတဲ့ သစ်တောတွေကိုကာကွယ်ဖို့ လုံလောက်တဲ့ သစ်တော ဝန်ထမ်းဆိုတာ ဘယ်နိုင်ငံမှာမှ မရှိပါဘူး” ဟု သူက ဆိုသည်။
ထို့အပြင် အဆိုပြုကာကွယ်တော ဧရိယာအတွင်းရှိ အချို့နေရာများသည် အစိုးရနှင့် ကေအဲန်ယူတို့ ရောနှော အုပ်ချုပ်သည့် နေရာများလည်းရှိဖြစ်နေသလို အစိုးရပြည်ထဲရေးတွင် ကျေးရွာအမည် မပေါက်သော်လည်း လက်တွေ့ မြေပြင်တွင်ရှိနေသည့် ကျေးရွာများလည်းရှိသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်မှု မရှိအောင် သတိပြုရန်လိုသည်ဟု လူမှုအဖွဲ့အစည်းများက ထောက်ပြသည်။
တနသင်္ာရီအမျိုးသားဥယျာဉ်ကို ၂၀၀၂ ခုနှစ်တွင် အဆိုပြုခဲ့သော်လည်း လက်ရှိအချိန်ထိ မသတ်မှတ်နိုင်သေးဘဲ ဥယျာဉ်နယ်နိမိတ်အတွင်းရှိ တနသင်္ာရီမြို့နယ်၊ ချောင်းမကြီးဒေသခံ စောဒယ်နီရယ်ဝင်းက“သစ်တောထိန်းသိမ်း ရေးက ကျနော်တို့အတွက်အထူးအဆန်းမဟုတ်ဘူး။ တကယ်ထိန်းသိမ်းရေးလုပ်မယ်ဆိုရင် ဒေသခံတိုင်းရင်းသားနဲ့ ပူးပေါင်းလုပ် ဆောင်မှသာရမယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများရှိပြီး ရာသီဥတု ဖေါက်ပြန်မှုအဖြစ်ပွားဆုံး တိုင်းပြည် များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သစ်တော ပြုန်းတီးမှုမရှိအောင် ကာကွယ်ထိန်းသိမ်းရမည်ကို အားလုံးက အငြင်းပွားဖွယ်မရှိ လက်ခံထားသည်။
သို့သော် သစ်တောကြိုးဝိုင်း၊ သဘာဝဥယျာဉ်၊ ကာကွယ်တောများအတွင်း နေထိုင်သူများအား တောင်ယာခုတ် သည့် အတွက် သစ်တောဖျက်ဆီးသူများဟု ဆိုကာ နှင်ထုတ်မည်ဆိုလျှင် အနာနှင့် ဆေးမကိုက်သည့် ပုံစံမျိုး ဖြစ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
ထို့အပြင် သစ်တောများအတွင်း မှီခိုအသက်ရှင်နေထိုင်ခဲ့သည့် ဌာနေတိုင်းရင်းသားများ၏ ဘဝ၊ ဂုဏ်သိက္ခာ၊ ဝိသေသ များနှင့် သူတို့ ရပ်တည်ရေး ဆက်စပ်နေသည်ကို လေ့လာမှု ပြုလုပ်မည်ဆိုပါက ဌာနေတိုင်းရင်းသား များသည် သစ်တောကို ဖျက်ဆီး နေသူများဟု ယူဆ၍ မရသည်ကို တွေ့ရမည်ဖြစ်သည်။
“တကယ်ဘဲ သစ်တောကို ဖျက်ဆီးနေသူတွေဟာ သူတို့ရဲ့ဘဝဟာ သစ်တောနဲ့ ဆက်နွယ်မှု၊ ဆက်စပ်မှုမရှိ သော သူတွေဘဲဖြစ်ပါတယ်” တနသင်္ာရီ မြစ်မကြီးနှင့် ဌာနေတိုင်းရင်းသားများကွန်ရက်၊ ဒါရိုက်တာ စောဖရန်ကီက မှတ်ချက်ပြုသည်။
ယခုလို သသဘာဝတောများ ကာကွယ်ရေး အောင်မြင်မှုရရှိရန် ၁၉၉၄ တောရိုင်းတိစ္ဆာန်ကာကွယ်ရေးနှင့် သဘာဝဒေသများ ထိန်းသိမ်းရေးဥပဒေတွင် ဌာနေဒေသခံများ၏ သမားရိုးကျ မြေအခွင့်အရေးကို အသိအမှတ် ပြုကြောင်းပြင်ဆင်ရန်လိုပြီး ဌာနေတိုင်းရင်းသားများ အခွင့်အရေးကို အဖွဲ့အစည်းအားလုံးက ရေးဆွဲ၊ သဘော တူကာ လေးစားမှုရှိရန် အကြံပြုလိုသည်ဟု ‘သစ်တောသည် ကျွန်ုပ်တို့၏ အသက်သွေးကြော’ အစီရင်ခံစာ ပြုစုရာတွင် ပါဝင်သည့် တာကပေါလူမှုအဖွဲ့အစည်းမှ နော်အယ်ထီးဝါးက ပြောသည်။
သစ်တော ထိန်းသိမ်းရေးနှင့် သဘာဝဂေဟစနစ်ကို ကာကွယ်ရန်အတွက် ဒေသခံ ဌာနေတိုင်းရင်းသားများကို သဘာပတ်ဝန်းကျင်ကို ဖျက်ဆီးချင်သူ၊ သဘာဝပတ်ဝန်းကျင် အကျိုးကျေးဇူးကို နားမလည်သည့်သူများဟု သတ်မှတ်၍ မရသလို သဘာဝကို ဖက်တွယ်နေထိုင်ရှင်သန်နေသူများကို သဘာဝထဲက ဆွဲထုတ်ကာ ရပ်တည် ရေးခက်ခဲအောင် လုပ်ဆောင်ခြင်းသည်အဖြေမဟုတ်ဘဲ အတူပူးပေါင်း ထိန်းသိမ်းရေးအတွက် လိုအပ်သည့် ပေါ်လစီများ ချမှတ်လုပ်ဆောင်ခြင်းသည်သာ လက်တွေ့ကျမည်ပြောလိုကြောင်း စောဖရန်ကီက ပြောသည်။
စောထွန်းလင်း