Home သတင်း ပဒိုမန်းရှာအတွက် ဆွမ်းကျွေး တရားနာ ကျင်းပပြီးစီး

ပဒိုမန်းရှာအတွက် ဆွမ်းကျွေး တရားနာ ကျင်းပပြီးစီး

601

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ စောကျော်ခွီး

KNU-ကရင်အမျိုးသားအစည်းအရုံး အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းကွယ်လွန်ခြင်း ၁၀နှစ်ပြည့် သတိရ အောက်မေ့ဖွယ်ဆွမ်းကျွေးတရားနာအစီအစဉ်ကို ပဒိုမန်းရှာကို ချစ်ခင်လေးစားသော တပည့်၊ မိတ်ဆွေလုပ်ဖော်ကိုင် ဖက်ရဲဘော်များက စီစဉ်ဆောင်ရွက်ကာ ယမန်နေ့(ဖေဖော်ဝါရီ ၁၇)ရက် မနက် ၁၀ နာရီခွဲမှ ၁၂ နာရီခွဲအထိ သြစ တြေးလျနိုင်ငံ နယူးဆောသ်ဝေးပြည်နယ် ဆစ်ဒနီမြို့ Villawood ရပ်ကွက်ရှိ မန်းချစ်စိန်၏နေအိမ်၌ ကျင်းပခဲ့သည်။

အဆိုပါ အောက်မေ့ဖွယ် ဆွမ်းကျွေးတရားနာအစီအစဉ်ကို မိမိတို့တန်ဖိုးထားလေးစားသော ကရင့်တော်လှန်ရေး ခေါင်း ဆောင်အား ကောင်းရာသုဂတိလားစေရန်လည်းကောင်း၊ သူ၏ လုပ်ဆောင်ချက်ရပ်တည်မှုအား အမြဲအမှတ်ရနေကြ စေရန်လည်းကောင်း၊ ကရင်တို့အတွက် အတုယူစံထားထိုက်သူအား အလေးအမြတ်ပြုတတ်စေရန် ကရင့်တော်လှန် ရေးတစ်လျှောက် အသက်ပေးလှူသွားကြသော အာဇာနည်ခေါင်းဆောင်များအား မေ့လျော့မှုမရှိကြစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်သည်ဟု စီစဉ်ဆောင်ရွက်သူများက ပြောသည်။

၎င်းဆွမ်းကျွေးတရားနာခြင်း အစီအစဉ်သို့ တက်ရောက်လာသော စောအယ်ကော်က “သူ့လို ဆုံးဖြတ်ချက်ပြတ်သား ရဲ ရင့်တဲ့
ကရင့်ခေါင်းဆောင်ကောင်းတစ်ယောက်များ ဒီလိုနိုင်ငံရေး ဇဝေဇဝါဖြစ်နေတဲ့ NCA လက်မှတ်ထိုးခြင်းနဲ့ပင်လုံ ညီလာခံအချိန်မျိုးတွေမှာ ရှိစေချင်လိုက်တာ။”ဟု ပြောသည်။

ထိုဆွမ်းကျွေးတရားနာပွဲသို့ ခရစ်ယာန်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များ၊ ရွှေ့ပြောင်းရောက်ရှိလာကြသော ကရင်မိ သားစုအသစ်များ၊ သြစတြေးလျတွင် ပညာလာသင်သော မြန်မာကျောင်းသားများ စုစုပေါင်း လူဦးရေ ၂၀ ကျော်လာ ရောက်ပြီး Yennora ရပ်ကွက် ဆစ်ဒနီမြန်မာဗုဒ္ဓဝိဟာရဆရာတော် အရှင်ပညိန္ဒမှ ပရိတ်တရားတော် ရွတ်ဖတ်ခြင်းနှင့် ပရိဿတ်တို့အား တရားဒေသနာတော်များချီးမြှင့်ခြင်း လှူဖွယ်ပစ္စည်းများကို လှူတန်းကာ ပဒိုမန်းရှာအတွက် သာဓုခေါ် ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။

သြစတြေးလျရောက် ကရင်လူမျိုးများသည် ၎င်းတို့လုပ်ငန်းခွင်နှင့် ကျောင်းချိန်အားလပ်ရက် မရှိခြင်းကြောင့် ပဒိုမန်းရှာ ကွယ်လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက် ဗုဒ္ဓဟူးနေ့တွင် မကျင်းပနိုင်ဘဲ ဖေဖော်ဝါရီ ၁၇ ရက်၊ စနေနေ့မှသာ ကျင်းပရ ခြင်း ဖြစ်သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်းသည် ၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ၎င်း၏ရုံးနေအိမ်၌ သေနတ်သမားနှစ်ဦး၏ လာရောက်လုပ်ကြံပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။