Home သတင်း ပြည်‌ထောင်စု‌နေ့အကြို ရန်ကုန်တိုင်း ကရင်စာ/ယဉ်၊ ဒုံးပြိုင်ပွဲနှင့် ရိုးရာအကပ‌ဒေသာ ‌ဖျော်‌ဖြေပွဲ ကျင်းပ

ပြည်‌ထောင်စု‌နေ့အကြို ရန်ကုန်တိုင်း ကရင်စာ/ယဉ်၊ ဒုံးပြိုင်ပွဲနှင့် ရိုးရာအကပ‌ဒေသာ ‌ဖျော်‌ဖြေပွဲ ကျင်းပ

3127

ဇန်နဝါရီ ၂၇ရက်၊ ၂၀၁၈ခုနှစ်။ ‌စောထွန်းလင်း

၇၁နှစ်‌မြောက် ပြည်‌ထောင်စု‌နေ့ကို ကြိုဆိုသည့်အ‌နေဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦး‌ဆောင်ကျင်းပသည့် ကရင်ရိုးရာ ဒုံးပြိုင်ပွဲနှင့် ရိုးရာအကပ‌ဒေသာ ‌ဖျော်‌ဖြေပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၇ရက်၊ နံနက် ၈နာရီခွဲ တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ စတင်ကျင်းပခဲ့သည်။

ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ၊ ကရင် တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက “ကျင်းပရတဲ့ ရည်ရွယ်ချက်က‌တော့ ကရင့်ရိုးရာယဉ်‌ကျေးမှုကို ပြန်လည်‌ဖော် ထုတ်ဖို့၊ ‌နောက်ရန်ကုန်တိုင်းထဲမှာ ‌နေထိုင်တဲ့ ကရင်တိုင်းရင်းသား‌တွေရဲ့ ဒုံးအကကို ‌ဖျော်‌ဖြေ‌ရေးအဆင့်က‌နေ ပြိုင်ပွဲဝင်တဲ့ အဆင့် ဒုံး‌တွေ ‌ပေါ်‌ပေါက်ဖို့ ရည်ရွယ်တယ်” ဟု အခမ်းအနား အဖွင့်အမှာစကားတွင် ထည့်သွင်း‌ပြောကြားခဲ့သည်။

ထို့အပြင် ယခုဒုံးပြိုင်ပွဲတွင် ဆုရရှိသည့် ဒုံးအဖွဲ့ကို နိုင်ငံတကာအဆင့် ယဉ်‌ကျေးမှုဖလှယ်ပွဲများတွင် ကရင်လူမျိုး ကိုယ်စားပြု ကရင်ရိုးရာဒုံး ပါဝင်ဖလှယ်နိုင်ရန်နှင့် နိုင်ငံ‌တော် ‌နေ့ထူး‌နေ့မြတ် အခမ်းအနားများတွင် ကိုယ်စားပြု ‌စေလွှတ်သွားရန်လည်း ရည် ရွယ်ထား‌ကြောင်း ၎င်း‌ရေးရာဝန်ကြီးက ဆက်‌ပြောသည်။

အဆိုပါ ဒုံးပြိုင်ပွဲသို့ ရန်ကုန်တိုင်း‌ဒေသကြီး ‌တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁)နှင့် (၂) ဒုံး၊ တွံ‌တေးမြို့နယ်၊ ကျွဲသ တင်းဒုံးနှင့် ဘုရား‌ကျောင်း‌ကျေးရွာဒုံး၊ ဒလမြို့နယ် ထူးကြီး ဒုံး၊ ‌ကော့မှူးမြို့နယ် ‌မှော်‌တောဒုံးနှင့် ဝါးသိခင်္ ဒုံး၊ ရန်ကုန်အ‌နောက် ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ်(၁) ဘုံ‌ကျော် ဒုံးနှင့် အမှတ်(၂) ဒုံး၊ ရန်ကုန်‌မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ‌ဘောလကျွန်း ဒုံး အပါအဝင် စုစု‌ပေါင်း ဒုံးအဖွဲ့ ၁ဝဖွဲ့ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင်‌နေ့ထူး‌နေမြတ်များတွင် ပါဝင်ရန် ဧရာဝတီတိုင်း‌ဒေသကြီးနှင့် တခြား‌ဒေသမှ ဒုံးအဖွဲ့များကို ဖိတ်‌ခေါ်ခဲ့ဖူးပြီး ရန်ကုန်တိုင်းအတွင်းရှိ ဒုံးအဖွဲ့များအ‌နေဖြင့် ‌ဖျော်‌ဖြေ‌ရေး ဒုံးများအဖြစ်သာ ရှိရာမှ ယခုလို ပြိုင်ဒုံးအဆင့် ဖြစ်လာ မည့် ဒုံးပြိုင်ပွဲကျင်းပနိုင်ခြင်းအတွက် ဝမ်း‌မြောက်‌ကြောင်း တိုင်း‌ဒေသကြီး၏ ယခင် ကရင်‌ရေးရာဝန်ကြီး‌ဟောင်း၊ တိုင်းစာယဉ် နာယက ‌ဒေါက်တာ‌စောထွန်း‌အောင်မြင့်က ‌ပြောဆိုသည်။

ပြိုင်ပွဲဝင် ဒုံးများအ‌နေဖြင့် ဒုံးတစ်ဖွဲ့လျှင် ၄၅မိနစ်စီ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒုံးဒိုင်ချုပ်အဖြစ် ကရင်ပြည်နယ်မှ ‌စော‌အောင်‌ကျော် ငြိမ်းနှင့် ဒိုင်အဖွဲ့ဝင်များအဖြစ် နန်းသန်းသန်း‌အေး၊ ‌စောယာင့်သာအဲဆန်၊ ‌နော်ယမင်းသူဇာတို့က ‌ဆောင်ရွက်သွားကြရာ ည‌နေ ၆နာရီတွင် ‌ဖျော်‌ဖြေ‌ရေးနှင့် ဆု‌ပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီအ‌နေဖြင့် ယခုလို ဒုံးပြိုင်ပွဲကို ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်‌ကြောင်း ‌ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။