Home သတင်း ‌ဒေါကလူ ကရင်အမျိုးသားအစည်းအရုံး စတင်တည်‌ထောင်သူ ‌ဒေါက်တာတီသံပြာ မျက်နှာဖုံးပုံပါ ကရင့်‌ကြေးမုံ မဂ္ဂဇင်း ထွက်ရှိ

‌ဒေါကလူ ကရင်အမျိုးသားအစည်းအရုံး စတင်တည်‌ထောင်သူ ‌ဒေါက်တာတီသံပြာ မျက်နှာဖုံးပုံပါ ကရင့်‌ကြေးမုံ မဂ္ဂဇင်း ထွက်ရှိ

2975

ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

၁၈၈၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ‌ဒေါကလူ ကရင်အမျိုးသားအစည်းအရုံး တည်‌ထောင်သူ ‌ဒေါက်တာ တီသံပြာ မျက်နှာဖုံးပုံပါ ကရင့်‌ကြေးမုံမဂ္ဂဇင်းကို ၂၇၅၇ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာ ရန်ကုန်)၊ သတင်းနှင့် ပြန်ကြား‌ရေးဆပ်‌ကော်မတီက ဒီဇင်ဘာ ၁၇ ရက်‌နေ့တွင် ထုတ်‌ဝေ ဖြန့်ချိလိုက်သည်။

အဆိုပါ ‌ကော်မတီက နှစ်စဉ်ထုတ်‌ဝေသည့် ကရင့်‌ကြေးမုံမဂ္ဂဇင်းတွင် အထင်ကရ ကရင်အမျိုးသား‌ခေါင်း‌ဆောင် များကို ဂုဏ်ပြုသည့်အ‌နေဖြင့် ယခုနှစ်အတွက် ‌ဒေါက်တာတီသံပြာပုံကို မဂ္ဂဇင်းမျက်နှာဖုံးအဖြစ်‌ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ကရင့်‌ကြေးမုံမဂ္ဂဇင်း အယ်တီတာတဦးဖြစ်သူ ‌စော‌ယောင့်သာအဲဆန်က ‌ကေအိုင်စီသို့ ဒီဇင်ဘာ ၁၇ ရက်‌နေ့တွင် ယခုလို‌ပြောသည်။

၎င်းက “ ကျ‌နော်တို့ ကရင့်‌ကြေးမုံ အဖွဲ့သား‌တွေအ‌နေနဲ့ မဂ္ဂဇင်းမျက်နှာဖုံးပုံအတွက် ထင်ရှားတဲ့ အမျိုးသား ‌ခေါင်း‌ဆောင်ကြီး‌တွေရဲ့ ပုံကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကလည်း သူတို့‌တွေရဲ့ အမျိုးသား‌ရေးအတွက် လှုပ်ရှား ‌ဆောင်ရွက်မှု‌တွေကို ဂုဏ်ပြုတဲ့သ‌ဘောပါ။ အခု ဒီနှစ်အတွက်‌တော့ ၁၈၈၁ မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ‌ဒေါကလူ အသင်းတည်‌ထောင်သူ ‌ဒေါက်တာတီသံပြာကို ဂုဏ်ပြုတဲ့အ‌နေနဲ့‌ရော သူ့ကို ကရင်လူငယ်‌တွေ ‌လေးစား အတုယူတတ်ဖို့ ရည်ရွယ်ပြီး ‌ရွေးချယ်လိုက်တာ ဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၇၅၇ ခုနှစ်၊ ကရင့်‌ကြေးမုံမဂ္ဂဇင်းတွင် ကရင်အမျိုးသား‌ရေးဆိုင်ရာ သမိုင်းနှင့် ‌ဆောင်းပါးများ၊ ကဗျာများ၊ ဝတ္ထုတိုများ၊ အင်တာဗျူး၊ လူငယ်ကဏ္ဍတို့ကို ပိုး၊ စ‌ကောနှင့် ဗမာစာတို့ဖြင့် ‌ဖော်ပြပါရှိသည်ဟု သတင်းနှင့် ပြန်ကြား ‌ရေးဆပ်‌ကော်မတီ တာဝန်ရှိသူများက ‌ပြောသည်။

‌ဒေါက်တာတီသံပြာသည် ၁၈၄၂ ခုနှစ်တွင် ထိုစဉ်က ပုသိမ်မြို့အပိုင်၊ ကျုံလာရွာတွင် ‌မွေးဖွားခဲ့ပြီး ၁၈၆၅ ခုနှစ်တွင် အ‌မေရိကန်သာသနာပြုများနှင့် အ‌မေရိကန်နိုင်ငံသို့ လိုက်သွားပြီး မန်ချက်စတာတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၁၈၇၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ သူသည် ပညာသင်ကြား‌ရေး စရိတ် ရရှိရန် သတင်းစာ‌ရောင်းခြင်း၊ မီးရထားလမ်း‌ဖောက်လုပ်သည့် ကုမ္ပဏီတို့တွင် ‌မြေတိုင်းစာ‌ရေးအဖြစ် ဝင်‌ရောက်လုပ် ကိုင်ခဲ့သည်။
သူသည် ဆက်ပညာသင်ကြားရင်း မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ရာ အ‌မေရိကန်တွင် မဟာဝိဇ္ဇာဘွဲ့ ပထမဆုံး ရရှိသည့် မြန်မာနိုင်ငံသားဖြစ်ခဲ့သည်။

ထို‌နောက်မြန်မာနိုင်ငံသို့ ပြန်လာပြီး ၁၈၈၁ ခုနှစ်တွင် ‌ဒေါကလူ ကရင် အမျိုးသား အစည်းအရုံးကို စတင်တည်‌ထောင်ခဲ့သည်။ ‌ဒေါကလူအသင်းသည် မြန်မာနိုင်ငံတွင်‌ရှေးအကျဆုံး လူမှုအဖွဲ့ အစည်းဖြစ်ကာ ကိုလိုနီ‌ခေတ် ၁၉၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းသည့် YMBA ‌ခေါ်ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း ထက် ၂၅ နှစ်‌စော ‌ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ကရင့်‌တော်လှန်‌ရေး သမိုင်းစာအုပ်တွင် ‌ဖော်ပြထားသည်။