ဖက်ဒရယ်စနစ်ရဲ့ အသက်သွေးကြောလို ့ပြောနိုင်တဲ့ အခြေအနေနှစ်ရပ်က ဘာတွေလဲ။
၁၉၆၂ခုနှစ်တုန်းက ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးပဲရယ်လို့ စစ်ခေါင်းဆောင်တွေက စွပ်စွဲခဲ့ကြတယ်။ ဖက်ဒရယ် တောင်းဆိုတဲ့ တိုင်းရင်းသားတွေဟာ ပြည်ထောင်စုပြိုကွဲအောင် လုပ်နေကြတာပဲ၊ ပြည်ထောင်စုပြိုကွဲဘို့ လက်တစ်ကမ်းအလို မှာ တပ်မတော်က ကယ်တင်လိုက်ရတယ်ရယ်လို့ ကြွေးကြော်ပြီး မြန်မာစစ်တပ် အာဏာသိမ်းခဲ့တာပါ။ အဲဒီအချိန်ကစပြီး ဖက်ဒ ရယ်နဲ့ပတ်သက်လို့ တခုခုလုပ်ရင် ပြစ်မှုမြောက်စေတဲ့ ပြုမူမှု မျိုးအဖြစ် သက်ရောက်စေခဲ့တယ်။ ပေါ်ပေါ်ထင်ထင် ဆွေးနွေး လေ့လာ၊ လှုပ်ရှားမှုတွေ မလုပ်ရဲအောင် ဖိနှိပ်ခဲ့ကြတယ်။ ယနေ့အချိန်မှာတော့ ဖက်ဒရယ် ဆိုတဲ့ ဝေါဟာရဟာ နိုင်ငံရေးရာဇ ပလ္လင်ပေါ်ကို ခြေတစ်ဝက်လှမ်းတက်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ အာဏာယူထားဆဲဖြစ်တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကိုယ်တိုင် ဖက်ဒရယ်ကို လက်ခံကျင့်သုံးသင့်ကြောင်း ထုတ်ဖော်လာကြရလို့ပါပဲ။ ဖက်ဒရယ်ခေတ်ကို တကယ်တမ်းများ ရောက်နေပြီလား ရယ်လို ့ထင်မှတ်မှားရလောက်အောင် ပြောသံဆိုသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။
ဒါပေမယ့် ပထမဆုံးပြဿနာက ဘာလဲဆိုတော့ အဓိပ္ပါယ်ဖွင့်ရခက်လောက်အောင် ကျယ်ဝန်းလွန်းတဲ့ နိုင်ငံရေးဆိုတာကို လက် ညှိုးထိုးပြီး လူ့အခွင့်အရေးကို မှေးမှိန်ထားခြင်းပါ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ရှင်းမယ်ဆိုတာဟာ မမှားပေမယ့် မပြည့်စုံ ပါဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ရှင်းနိုင်ဘို့ တစုံတရာ လွတ်လပ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်ရှိနေဖို့ လိုပါတယ်။ အဲဒါက တော့ အခြေခံအကျဆုံး လူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့်တွေ ကျင့်သုံးခွင့်ရနေဖို့ကို ဆိုလိုတာပါ။ အဓိကအကျဆုံးကတော့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ပါပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရရှင်းမယ်လို့ ကြွေး ကြော်နေကြတဲ့ ခေါင်းဆောင်တွေဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကင်းမဲ့နေတာကိုတော့ ထောက်မပြကြပါဘူး။ ပြည်သူလူထု အတွင်း လွတ်လပ်စွာ ထုတ်ဖော်ခွင့် မရှိတာကို လူ့အခွင့်အရေးကိစ္စရယ်လို့ မသိကျိုးကျွံပြုသင့်ပါသလား။ နိုင်ငံရေးပြဿနာရော မဟုတ်ဘူးလား။ အစိုးရအာဏာပိုင်တွေ၊ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ နှစ်ပေါင်းတချို့ကြာတဲ့အထိ အစည်းအဝေးတွေ တစ်ခုပြီး တစ်ခုကျင်းပနေပေမယ့် အခြေခံအကျဆုံး နိုင်ငံရေးပြဿနာကို ထောက်ပြ၊ ကန့်ကွက်၊ ဆွေးနွေးခြင်းမပြုရင် စစ်မှန်တဲ့ ဖက်ဒ ရယ်ပြည်ထောင်စုနဲ့ အလှမ်းဝေးမသွားနိုင်ဘူးလား။ စဉ်းစားသင့်ကြပါတယ်။
“ဖက်ဒရယ်စနစ်ရဲ့ အသက်သွေးကြောလို့ပြောနိုင်တဲ့ အခြေအနေနှစ်ရပ် လိုအပ်ပါတယ်။” ပထမတစ်ရပ်ကတော့ ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်း တွေပါပဲ။ ဖက်ဒရယ်စနစ်မှာ ပြဿနာတွေ မှန်သမျှကို အတတ်နိုင်ဆုံး ညှိနှိုင်းမှု၊ ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းကြရ လေ့ ရှိပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ အားလုံးလိုလို တန်ဘိုးထား လေ့လာကြတဲ့ ဖက်ဒရယ်စနစ် ကိုကျင့်သုံးတဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၄)ကိုကြည့်ပါ။ ပြည်ထောင်စုနဲ့ ပြည်နယ်များအကြား သို့မ ဟုတ် ပြည်နယ်များ အချင်းချင်းအကြားမှာ ပေါ်ပေါက်တဲ့ ပြဿနာတွေကို ညှိနှိုင်း၊ ဆွေးနွေးဖြေရှင်းကြရမယ်လို့ ပြဌာန်းထားပါ တယ်။
ဒါပေမယ့် အစိုးရအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှု၊ ဆွေးနွေးမှု လုပ်ခွင့်ရတယ်ဆိုရုံနဲ့ မပြီးပါဘူး။ လူ့အဖွဲ့အစည်းမှာ အခြေခံအားဖြင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိမှသာ ညှိနှိုင်းမှု၊ ဆွေးနွေးမှုတွေဟာ အောင်မြင်နိုင်မှာ ဖြစ်တယ်။ မိမိထုတ်ဖော်ဆွေးနွေးလိုက်တာ ကြောင့် အာဏာပိုင်တွေ ငြိုငြင်သွားမလား ပူပန်နေရ၊ သူတို့ ငြိုငြင်သွားရင် မိမိတို့ရထားတဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကလေးများ ဆုံး ရှုံးသွားမလား စိုးရိမ်နေရ၊ မိမိတို့လုံခြုံရေးများ ထိပါးသွားမှာလား ကြောက်ရွံ့နေရ၊ တည်ဆဲဥပဒေတခုခုနဲ့များ အရေးယူခံရတော့ မှာလား ထိတ်လန့်နေရ၊ ဒါမျိုးတွေ ရှိမနေသင့်ပါဘူး။ ကြက်ခြင်းထဲထည့်ခံရ၊ ဓါးမိုးထားခံရတဲ့အောက်မှာ အကြိမ်တစ်သောင်းမျှ ပင် ညှိနှိုင်းကြ၊ ဆွေးနွေးကြစေဦးတော့ တိုင်းရင်းသားလူထုတွေရဲ့ အခွင့်အရေးအတွက် အကျိုးရှိမယ့် အဖြေတစ်ခုမျှပင် ထွက် ဘို့ မဖြစ်နိုင်ပါဘူး။
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သည်လိုအခြေ အနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ငြိမ်းချမ်းမှု ရှာဖွေတယ်ဆိုတာ၊ ငြိမ်းချမ်းမှု ရှာဖွေနေစဉ်အ တွင်းမှာကိုပဲ ဖက်ဒရယ်စနစ်အခြေခံအုတ်မြစ်တွေကို ချမှတ်သွားကြရမှာပါ။ အခုတော့ အဲဒီလို မတွေ့ရရုံမက ဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။ လူ့အဖွဲ့အစည်းမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) အပါအဝင် အခြားဖိ နှိပ်တဲ့ ဥပဒေအမျိုးမျိုးနဲ့ ပိတ်ပင်ထားခံနေရတာကို တညီတညွှတ်ထဲ ရပ်ခံပြီး ထုတ်ဖော်ကန့်ကွက်မှု မပြုကြပါဘူး။ လူထုတွေ ဓါး မိုးခံထားရတာကို လက်နက်ကိုင်ထားကြတဲ့အဖွဲ့တွေက သိသိကြီးနဲ့ နုတ်ဆိတ်နေကြရတာဟာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး မိန့်ကြားခဲ့တဲ့ ကရင့်ကြမ္မာ ကရင်ဖန်တီးခွင့်ကို ငြင်းပယ်လိုက်သလိုပါပဲ။ လွတ်လပ်စွာထုတ်ဖော်ခွင့်တောင် မရှိ တော့ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ကရင့်ကြမ္မာကို ကရင်ဖန်တီးနိုင်တော့မှာပါလဲ။
လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိတ်ပင်တာဟာ ပင်လုံစာချုပ်အပိုဒ်(၇) မှာ ဖော်ပြထားတဲ့ (ထိုစဉ်က နယ်စပ်ဒေသများ၊ ယခု တိုင်းရင်းသားပြည်နယ်များအနေနဲ့) ခံစားပိုင်ခွင့်ရှိသော ဒီမိုကရေစီ နိုင်ငံကြီးများတွင် အခြေခံအားဖြင့် အသိအမှတ်ပြုထားသော အခွင့်အရေးများ ဆိုတာနဲ့လည်း ဆန့်ကျင်နေကြောင်းတွေ့ရမှာပါ။
“ဒီမိုကရေစီနိုင်ငံကြီးများတွင် အခြေခံအားဖြင့် အသိအမှတ်ပြုထားသော အခွင့်အရေးများအနက် ထိပ်ဆုံးကနေ ပါဝင်တာကတော့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ပါဘဲ။” ဖက်ဒရယ်စနစ်ကျင့်သုံးရာမှာ အအောင်မြင်ဆုံးနိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်တဲ့အပြင် ထိပ်တန်း ဒီမိုကရေစီနိုင်ငံကြီးလည်းဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ “Congress shall make no law abridging freedom of expression.”ရယ်လို့ ပြဌာန်းထားပါတယ်။ “လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကန့်သတ်တဲ့ မည်သည့် ဥပဒေမျှ မပြုရ။” ရယ်လို့ အဓိပ္ပါယ်ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)မှာပါတဲ့ အသရေဖျက်မှု ဆိုတဲ့ပြဌာန်းချက်ဟာ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို အတိအကျ ကန့်သတ်လိုက်တာပါပဲ။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၉မှာ အသရေဖျက်မှုနဲ့ ပတ်သက်လို့ ပြဌာန်းပါရှိပြီးဖြစ်ပါရက်နဲ့ ဘာကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)မှာ အသရေဖျက်မှုကိုထပ်ပြီး ထည့်လိုက်တာလဲ။ ပြစ်မှုဆိုင်ရာဥပဒေမှာက အသရေဖျက်မှုကို တိကျစွာ အဓိပ္ပါယ်ဖွင့်ဆိုထားပြီး ကင်းလွတ်ချက်တွေကိုပါ ထည့်ပေးထားပါတယ်။ ဆက်သွယ်ရေးဥပဒေမှာ တော့ ဒါတွေ ဘာတစ်ခုမှ မပါတော့ပါဘူး။ သည်တော့ အစိုးရအာဏာပိုင်တွေ၊ မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့မကြိုက် တာတွေကိုပြောတဲ့ ဘယ်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခွင့်ရသွားကြ၊ စွဲဆိုကြ တော့တာပါဘဲ။ ဒါဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဓါးနဲ ့မိုးထားတဲ့သဘောပါ။
NCA လက်မှတ်ထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဖက်ဒရယ်စနစ်ကို တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရရှိရေးအတွက် လူ့အခွင့်အရေး အရ တောင်းဆိုလှုပ်ရှားမှုတွေမှာ လူထုနဲ့လက်တွဲရင် အကျိုးရှိမှာပါ။
ပိုပြီးဆိုးတာကတော့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဟာ အပြင်မှာ ဓါးမိုးခံနေရတာကို ငြိမ်ခံနေကြရသလို အတွင်းမှာ လည်း ဓါးထိုးခံနေရတာကိုလည်း ကြိတ်ခံနေကြရကြောင်း တွေ့ရပါတယ်။ ၂၀၁၇ခုနှစ်၊ မေလနောက်ဆုံးပတ်အတွင်းမှာ ကျင်းပ သွားခဲ့တဲ့ ၂၁ရာစုပင်လုံညီလာခံရဲ့ ဒုတိယအစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ်အပိုင်း(၁) ဆိုတာ ထွက်ပေါ်လာ ပါတယ်။ အဲဒီမှာ အရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် (၁၀)ချက်ကို အစည်းအဝေးမှာ တက်ရောက်သူ တွေအတွင်း ဆုံးဖြတ်ချက်ကျအောင် မဆွေးနွေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် (မြန်မာစစ်ခေါင်းဆောင် ဟောင်းသစ်တွေက အဓိက ချုပ် ကိုင်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဆိုတဲ့အဖွဲ့ရဲ့ဖိအားပေးမှုတွေကြောင့်) ဆုံးဖြတ် ချက်ကျအောင် မဆွေးနွေးနိုင်ခဲ့တဲ့ အချက်တွေကို သဘောတူပါတယ်လို့ ခေါင်းညိတ်ခဲ့ကြရတယ်။ သဘောတူကြောင်း အစုအဖွဲ့ ကိုယ်စားပြုအနေနဲ့ လက်မှတ်ရေးထိုးခဲ့ကြရတယ်။ ဒါက အတွင်းမှာ ဓါးထိုးခံလိုက်ရတာပါပဲ။ ဒါကိုတောင်မှ လွတ်လပ်စွာ ထုတ် ဖော်ကန့်ကွက်နိုင်ခြင်း မရှိကြဘူးဆိုရင် ဘယ်လိုလုပ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမလဲ။ ဆွစ်ဇာလန်ဖက်ဒ ရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမှာကို ထည့်သွင်းပြဌာန်းထားရတဲ့ ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်းဆိုတဲ့ တန်ဘိုးတွေဟာ မြန်မာနိုင်ငံမှာတော့ လမ်းဘေးလက်ဖက်ရည်ဆိုင်က စကားဝိုင်းလောက်တောင် တန်ဘိုးမရှိတော့ဘူးလား။ စိုးရိမ်ဘွယ်ပါပဲ။
ဖက်ဒရယ်စနစ်ရဲ့ အသက်သွေးကြောလို့ပြောနိုင်တဲ့ ဒုတိယ အခြေအနေကတော့ ဥပဒေစိုးမိုးရေးကို တည်ဆောက်နိုင်ဘို့ လွတ် လပ်၊ ဘက်မလိုက်၊ ထက်မြက်တဲ့ တရားစီရင်ရေးတွေ တည်ရှိလာစေဘို့ပါပဲ။ ကမာ္ဘပေါ်မှာ ထိပ်တန်းဖက်ဒရယ်နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဂျာမဏီ၊ ဩစတြေးလျား၊ ဘယ်လ်ဂျီယံ၊ အိန္ဒိယ စတဲ့ နိုင်ငံကြီးတွေမှာ ဖက်ဒရယ်စနစ်ကို တရားစီရင်ရေးနဲ့ပဲ ထိန်းကျောင်းကြရပါတယ်။
ဖက်ဒရယ်နိုင်ငံတွေမှာ တည်ရှိကြတဲ့ အစိုးရအဆင့်သုံးဆင့် (ပြည်ထောင်စု၊ ပြည်နယ်၊ ဒေသန္တရအဆင့်) အချင်းချင်းအတွင်း ဒေါင် လိုက် သို့မဟုတ် အလျားလိုက်အကြား ပေါ်ပေါက်တဲ့ အငြင်းပွားမှုတွေကို ညှိနှိုင်းဆွေးနွေးဖြေရှင်းလို့ မရတော့ဘူးဆိုရင် လက် နက်ကိုင်အကြမ်းဖက်နည်းနဲ့ မဖြေရှင်းကြပါဘူး။ အမြင့်ဆုံးတရားရုံးတွေရဲ့ အဆုံးအဖြတ်ကို နောက်ဆုံးအဆင့်အနေနဲ့ခံယူပြီး လေးစားလိုက်နာတဲ့နည်းနဲ့ ဖြေရှင်းကြရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နှစ်သွယ်ဖက်ဒရယ်စနစ် (Dual Federalism)ကို ကျင့်သုံးခဲ့ကြစဉ်တုန်းကဆိုရင် ပြည်နယ်တရားရုံး ချုပ်တွေဟာ ဥပဒေအရ များစွာ အားကောင်းခဲ့ကြတယ်။ ဖက်ဒရယ်ကွန်ဂရက်က ပြဌာန်းလိုက်တဲ့ဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေ ခံဥပဒေနဲ့ ဆန့်ကျင်နေပြီဆိုရင် Doctrine of Nullification လိုု့ခေါ်တဲ့ တရားမဝင်ကြောင်း ကြေငြာတဲ့အဆင့်အထိကို ကျင့်သုံးခဲ့ ကြတယ်။
မြန်မာနိုင်ငံမှာတော့ ဖက်ဒရယ်ပြည်ထောင်စုကို ဥပဒေစိုးမိုးရေး အခြေခံကနေ တည်ဆောက်နိုင်ဘို့ တရားစီရင်ရေးနဲ့ စပ်လျဉ်း ပြီး မဖြစ်မနေ ဖော်ဆောင်ဘို့ လိုအပ်တဲ့ လုပ်ငန်းသုံးရပ်ရှိပါတယ်။ ပထမ တစ်ရပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမြင့်ဆုံး အရပ်ဘက်ဆိုင်ရာ တရားရုံးတွေဖြစ်တဲ့ တရားလွှတ်တော်ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့နဲ့အပြိုင် သီးခြား လွတ်လပ်စွာ တည်ရှိနေတဲ့ စစ်ဘက်ဆိုင်ရာတရားရုံးကို အပြီးအပိုင် ဖျက်သိမ်းပစ်လိုက်ဘို့ ဖြစ်ပါတယ်။ ဒါကို ဖော်ဆောင်နိုင်ဘို့ ဆိုရင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ်ကို ရေး ဆွဲ၊ အတည်ပြု၊ ကျင့်သုံးဘို့ လိုပါလိမ့်မယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ဘက်ဆိုင်ရာ တရားရုံး သီးခြားတည်ရှိတဲ့အတွက် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဘို့ ဝေးလှပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ်စနစ်အောက်မှာ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့် တိုင်းပြည်ယန္တရား နဲ့ တိုင်းပြည်အဆောက်အအုံ တွေအကြား အာဏာခွဲဝေရေးဆိုတာ ဘယ်တော့မှ စစ်မှန်စွာ မဖြစ်နိုင်လို့ပါပဲ။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတွေမှာ များသောအားဖြင့် ပြစ်မှုဆိုင်ရာမှုခင်းတွေအပေါ် (ဖက်ဒရယ်မှုခင်းကြီးတွေကလွဲလို့) ပြည် နယ်လွှတ်တော်တွေက ဥပဒေပြုခွင့်၊ ပြည်နယ်တရားရုံးတွေက စစ်ဆေးစီရင်ခွင့်တွေ ရကြပါတယ်။
မြန်မာနိုင်ငံမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ မြန်မာစစ်တပ်အနေနဲ့ သူ့ဖာသာသူ တရားစီရင်ခွင့်ရနေတာပါ။ မြန်မာစစ်သား တွေဟာ သူတို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကိုနာခံပြီး သက်ဆိုင်ရာပြည်နယ်အသီးသီးမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူလူထုတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို ပြည်နယ်တရားရုံးတွေက စီရင်ခွင့် ရမနေပါဘူး။ ဒီစနစ်ကို ဆက်ကျင့်သုံးသွား မယ်ဆိုရင် ဘယ်တော့မှ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် မဖြစ်နိုင်ပါဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာဟာ အသွင်သဏ္ဍာန်အရသာ တည်ရှိနိုင်တာကြောင့်ပါ။ တိုင်းရင်းသားလူထုတွေရဲ့ဘဝနဲ့ ကံကြမ္မာကို မြန်မာစစ်တပ်ကပဲ ဆက်ပြီး လွှမ်းမိုးချယ်လှယ်နေမှာမို့ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာစစ်တပ်တစ်ခုတည်းသာလျှင် ပြည်ထောင်စုမှာ အားအကောင်းဆုံး တိုင်းပြည်အ ဆောက်အအုံအနေနဲ ့ဆက်လက် ရပ်တည်နေပါလိမ့်မယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားမယ်ဆိုတဲ့ တိုင်းရင်းသားခေါင်း ဆောင်တွေ၊ အဖွဲ ့အစည်းတွေဆီကနေ မြန်မာစစ်တပ်တခုတည်းသာလျှင် ပြည်ထောင်စုမှာ အားအကောင်းဆုံး တိုင်းပြည်အ အဆောက်အအုံအနေနဲ့ ဆက်လက် ရပ်တည်နေမယ့်ကိစ္စကို ဘာကြောင့် စိုးစဉ်းမျှ မဆွေးနွေးကြ၊ ကန့်ကွက်ထောက်ပြခြင်း မပြု ကြတာပါလဲ။ ဒါဟာ အရပ်သားလူထုတွေ နေ့စဉ် တရားမျှတမှု ဆုံးရှုံ့းနေတဲ့ အကြီးမားဆုံး နိုင်ငံရေးပြဿနာတွေအနက်က တစ်ရပ် မဟုတ်ဘူးလား။ အခြားအချက်တွေအပြင် မတရားတဲ့ တရားစီရင်ရေးစနစ် တည်ရှိနေတာကြောင့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီ လ (၁၂)ရက်နေ့က စစ်အစိုးရနှင့် အပစ်ရပ်စဲထားခဲ့သည့် ကေအဲန်ယူအနေနဲ့ ငြိမ်းချမ်းမှုကို ဦးတည်နိုင်ဘို့ဝေးလို့ ကေအဲန်ယူစစ် သားတွေ ဥပဒေမဲ့ အသတ်အဖြတ်ခံနေရတာတွေကိုတောင် အရေးယူပေးနိုင်ခြင်း မရှိပါဘူး။
၂၀၁၄ခုနှစ်၊ စက်တဘင်္ာလ ၁၆ရက်နေ့မှာ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ကေအဲန်ယူက လက်နက်မပါ အရပ်ဝတ်နှင့် စောတာနို ဆိုသူ စစ်သားတစ်ဦးကို မြန်မာ့တပ်မတော်၏ တိုက်ရိုက်အမိန့်ပေးမှုအောက်မှာ ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်က ဖမ်းဆီး စစ်ဆေးခဲ့တယ်။ အဲဒီနေ့ကစပြီး စောတာနို ပျောက်ဆုံးသွားခဲ့တာပါ။ အဲဒီနောက် စက်တဘင်္ာလ ၂၂ရက်နေ့တွင် သောင်ရင်းမြစ် အတွင်းမှာ သူ့ရဲ့အလောင်းကို ပြန်လည်ဆယ်ယူရရှိခဲ့တယ်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၃(က)နှင့် ၃၄၃တို့အရ မြန်မာစစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးဟာ အရပ်ဘက်ဆိုင်ရာ တရားစီရင်ရေး၏ ကြီးကြပ်မှုမှ လုံးဝ လွတ်ကင်းနေသည့်အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အယူခံ စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးထားပြန်တယ်။ ဒါကြောင့် မြန်မာစစ်တပ်ရဲ့ တာဝန်ရှိမှုအောက်မှာ ကေအဲန်ယူ ရဲဘော် တွေကို ဘယ်လောက်ပဲ သတ်ဖြတ်စေဦးတော့ ကေအဲန်ယူအနေနဲ့ ပြစ်မှုကျူးလွန်သူ မြန်မာစစ်သားတွေကို အရပ်ဘက်ဆိုင်ရာ တရားရုံးမှာတင်ပြီး တရားစွဲဆိုမှု မပြုနိုင်ပါဘူး။
အကျိုးဆက်အနေနဲ့ ပြစ်မှုကျူးလွန်သူတွေဟာ အတင့်ရဲပြီး နောက်ထပ်ပြစ်မှုကြီးများ၊ လူ့အခွင့်အရေးချိုးဖောက်မှုကြီးများ ဆက်လက် ကျူးလွန်နေကြတာကို တွေ့ရပါလိမ့်မယ်။ မြန်မာစစ်တပ်အတွက် စစ်ဘက်ဆိုင်ရာတရားရုံး သီးခြားလွတ်လပ်စွာ တည်ရှိပြီး ပြစ်မှုကျူးလွန်တဲ့ မြန်မာစစ်သားတွေကို အရပ်ဘက်ဆိုင်ရာ တရားရုံးတွေက ထိရောက်စွာ အရေးမယူနိုင်သမျှ စစ်မှန် တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။
၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပေါ်ပေါက်တည်ရှိခဲ့တဲ့ ၁၉၅၉ခုနှစ် တပ်မတော်အက်ဥပဒေအရဆိုရင် မြန်မာစစ် သားတွေ ကျူးလွန်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာပြစ်မှုတွေကို စစ်ခုံရုံးတင်စစ်ပြီး နောက်ဆုံးအယူခံဝင်ရာ စစ်ဘက်ဆိုင်ရာ အယူခံတရား ရုံးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားဝန်ကြီးချုပ်က ဖွဲ့စည်းပေးရပါတယ်။ ဆိုလိုတာက စစ်တပ်ရဲ့အမြင့်ဆုံးဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ အယူခံတရားရုံးဟာ အရပ်ဘက် တရားဝန်ကြီးချုပ်ရဲ့ ကြပ်မတ်ကွပ်ကဲမှုအောက်မှာ ရှိခဲ့တယ်ဆိုတဲ့အချက်ပါပဲ။
ဒါဟာ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ အစဉ်အလာလည်း ဖြစ်ပါတယ်။ ဒီအစဉ်အလာကို မြန်မာနိုင်ငံမှာ ပြန်လည်တည်ဆောက်ဘို့ ဆိုရင် မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်းထားတဲ့ အယူခံ စီရင်ပိုင်ခွင့်အာဏာကို ရုပ်သိမ်းရပါလိမ့်မယ်။ ဒီလိုဖြစ် ဘို့ဆိုရင်တော့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှသာ ဖြစ်နိုင်မှာပါ။
“ဖက်ဒရယ်ပြည်ထောင်စုကို ဥပဒေစိုးမိုးရေးအခြေခံကနေ တည်ဆောက်နိုင်ရေးအတွက် တရားစီရင်ရေးနဲ့ စပ်လျဉ်းပြီး မဖြစ်မနေ ဖော်ဆောင်ဘို ့လိုအပ်တဲ့ လုပ်ငန်းသုံးရပ်အနက် ဒုတိယတစ်ရပ်ကတော့ ပြည်ထောင်စု၊ ပြည်နယ်နဲ ့ဒေသန္တရ အဆင့်တွေမှာ လွတ်လပ်၊ ဘက်မလိုက် ထက်မြက်တဲ့ တရားစီရင်ရေးတွေပေါ်ထွက်လာစေမယ့် တရားစီရင်ရေးစနစ်ကို ကျင့်သုံးဘို ့ဖြစ်ပါတယ်။”
ဥပဒေစိုးမိုးရေးကို ရွေးကောက်ပွဲကြွေးကြော်သံအနေနဲ့ ကိုင်စွဲအရွေးခံပြီး အစိုးရဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ရော၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ပါ အသက်တမျှ အရေးကြီးလှတဲ့ တရားစီရင်ရေးပိုင်းဆိုင်ရာတွေကို ထိထိရောက်ရောက် မဆောင်ရွက်သေးပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်သေးရင်တောင်မှ ဖော်ဆောင်လို့ရတဲ့ လုပ်ငန်းစဉ်နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ တရားစီရင်ရေးမှာ ဂျူရီစနစ်ကို ပြန်လည်ကျင့်သုံးဘို့ဖြစ်ပြီး နောက်တစ်ခုကတော့ တရားရေးဝန်ကြီးဌာနများကို ပြည်ထောင်စုအဆင့်မှာရော ပြည် နယ်အဆင့်တွေမှာပါ ဖွဲ့စည်းတည်ရှိစေခြင်းတို့ပါပဲ။
တရားစီရင်ရေးအပေါ် အလေးမထားမှုဟာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် အုတ်မြစ်ကောင်း မချနိုင်ရုံသာမက လက်ရှိ ငြိမ်းချမ်းမှုရှာဖွေရေးဖြစ်စဉ်ကို မကောင်းတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့ လက်မှတ်ထိုးထားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ အဓိက အကျဆုံး အားနည်းချက်ကြီးကတော့ စာချုပ်ပါ သဘောတူညီချက်တွေကို ချိုးဖောက်ရင် အရေးယူဆောင်ရွက်နိုင်တဲ့ အတင်းအကြပ် အတည်ပြုယန္တရား Enforce-ment Mechanism ကင်းမဲ့နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဘက်တစ်ဘက်က အထူးသဖြင့် မြန်မာစစ်တပ်ဘက်က ချိုးဖောက်မှု တွေ မှန်သမျှကို ထိရောက်စွာ အရေးယူနိုင်မယ့် အဖွဲ့အစည်းမရှိ ဖြစ်နေပါတယ်။ တစ်ချိန်ထဲမှာ NCA ချိုးဖောက်မှုတွေကို တရားရုံးမှာတင်ပြီး တရားစွဲဆိုနိုင်မယ့် သဘောတူညီချက်လည်း မပါရှိ၊ တင်ခွင့်ရဦးတော့ လက်ရှိ တရားစီရင်ရေးစနစ်ဟာ မလွတ်လပ်၊ ဘက်လိုက်နေ၊ ထက်မြက်မှုလည်း မရှိဆိုတော့ အားကိုးလို့ မရနိုင် ဖြစ်နေပြန်ပါတယ်။
“ဖက်ဒရယ်ပြည်ထောင်စုကို ဥပဒေစိုးမိုးရေးအခြေခံကနေ တည်ဆောက်နိုင်ရေးအတွက် တရားစီရင်ရေးနဲ့ စပ်လျဉ်းပြီး မဖြစ်မနေ ဖော်ဆောင်ဘို ့လိုအပ်တဲ့ လုပ်ငန်းသုံးရပ်အနက် တတိယတစ်ရပ်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တော် လှန်ရေးအဖွဲ့အစည်းတွေ တည်ထောင်ထားတဲ့ တရားစီရင်ရေးနဲ့ သက်ဆိုင်ပါတယ်။”
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကြီးစိုးရာဒေသတွေမှာ တရားစီရင်ရေးယန္တရားတွေ မရှိမဟုတ် ရှိကြပါတယ်။ အခက်အခဲအမျိုးမျိုးအကြားကနေ တတ်နိုင်သမျှ ကြိုးစားဖော်ဆောင်နေကြတာကို အသိအမှတ်ပြုကြရမှာပါ။ ဒါပေမယ့် တရား စီရင်ရေးဟာ အုပ်ချုပ်ရေးအောက်မှာ၊ အစိုးရယန္တရားများရဲ ့အောက်မှာ၊ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းတွေရဲ့အောက်မှာသာ ရှိနေကြသေးတာကို တွေ့ရပါတယ်။ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်တဲ့ တရားစီရင်ရေးယန္တရားတွေ ပေါ်ပေါက်လာအောင် လုပ်ငန်းစဉ်ချမှတ်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကို တိတိကျကျ မတွေ့ရသေးပါဘူး။ တရားသူကြီးတာဝန်ထမ်းဆောင်တဲ့ပုဂ္ဂိုလ် တွေ၊ တရားရေးပိုင်း တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေကို ဥပဒေပိုင်းဆိုင်ရာအရ တရားရုံးတည်ထောင်လည်ပတ်မှု အတတ် ပညာတွေအရ၊ အရည်အချင်းမြှင့်တင်ပေးတဲ့လုပ်ငန်းတွေ၊ သက်ဆိုင်ရာအဖွဲ ့အစည်းခေါင်းဆောင်တွေ လူထုတွေက တန်ဘိုး ထားကြောင်း ပြသမှုတွေ၊ လုံလောက်တဲ့ ရန်ပုံငွေ သတ်မှတ်ခန့်ခွဲပေးမှုတွေ အတော်ပင် နည်းပါးနေပါသေးတယ်။
မတူတဲ့ လူမျိုးစုလက်နက်ကိုင်အင်အားစုတွေ အချင်းချင်းအကြားမှာ နယ်မြေအငြင်းပွားမှုတွေကြောင့်၊ အခွန်ကိစ္စတွေကြောင့်၊ စီးပွားရေးလုပ်ငန်းတွေကြောင့်၊ နိုင်ငံရေးရပ်တည်ချက် ကွဲပြားမှုကြောင့် စသဖြင့် ဖြစ်ပွားတဲ့ပြဿနာတွေကို နောက်ဆုံးမှာ လက် နက်ကိုင်တဲ့နည်းနဲ့ပဲ ဖြေရှင်းနေကြတာတွေ့ရတာ စိတ်မကောင်းစရာပါ။ ဒါမျိုးတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် တည်ငြိမ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အုတ်မြစ်ချရာ မရောက်နိုင်ပါဘူး။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ၊ အတတ် ပညာအရင်းအမြစ်တွေ၊ ကူညီပံ့ပိုးမှုတွေကို ဆွဲဆောင်ရာ မရောက်နိုင်ပါဘူး။ တိုင်းပြည်မတည်ငြိမ်မှုဟာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ ရှိနေလို့သာဖြစ်ကြောင်း မြန်မာစစ်အာဏာရှင်ဟောင်းသစ်တွေက လက်ညှိုးထိုးပြစရာသာ ဖြစ်နေမှာပါ။
ညှိနှိုင်းဆွေးနွေးဖြေရှင်းလို့ ရရင်ရ၊ မရရင် သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်အတွင်းမှာ ရှိနေတဲ့ လက်နက်ကိုင်အင်အားစု တွေ အားလုံးလက်ခံတဲ့ တရားစီရင်ရေးယန္တရားတစ်ခု စုပေါင်းတည်ထောင်ပြီး နောက်ဆုံးအပြီးသတ် အဆုံးအဖြတ်ကို ခံယူသွား သင့်ပါတယ်။ ဒီလိုနည်းနဲ့ ပြဿနာမှန်သမျှကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားခြင်းဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုကို လက်တွေ့ ပံ့ပိုးသင့်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ငန်းစဉ်မျိုးကို စုပေါင်းဖော်ဆောင်နေကြောင်း ယခုအချိန်အထိတော့ မကြားသိရ သေးပါဘူး။
တရားစီရင်ရေးကဏ္ဍကို ထိရောက်စွာ ကိုင်တွယ်၊ ပြုပြင်ပြောင်းလဲမှုပြု၊ လက်ရှိ ငြိမ်းချမ်းမှုရှာဖွေရေး ဖြစ်စဉ်နဲ့ဆက်စပ်နိုင်မှသာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဘို့ လက်တွေ့ ပံ့ပိုးရာရောက်ပါလိမ့်မယ်။
ဦးအောင်ထူး
လူ့အခွင့်အရေးရှေ့နေ၊ ဥပဒေအထောက်အကူပြုကွန်ရက်
Principal, Federal Law Academy
ဒီဇဘင်္ာလ ၁၈ရက်၊ ၂၀၁၇ခုနှစ်။