Home သတင်း ရိုးရာဝတ်စားဆင်ယဉ်မှုနှင့် ဒုံးပြိုင်ပွဲ ရန်ကုန်တိုင်းစာယဉ် ပထမဆုံးအကြိမ် ပြုလုပ်မည်

ရိုးရာဝတ်စားဆင်ယဉ်မှုနှင့် ဒုံးပြိုင်ပွဲ ရန်ကုန်တိုင်းစာယဉ် ပထမဆုံးအကြိမ် ပြုလုပ်မည်

713

ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း

ကရင်မျိုးနွယ်စု ၇ စု၏ ရိုးရာဝတ်စားဆင်ယဉ်မှုနှင့် ကရင်ဒုံး ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဦးဆောင်ကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ပြုလုပ်သွားမည်ဟု တိုင်းစာယဉ်ဥက္ကဌ၊ ကရင်လူမျိုးတိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ကေအိုင်စီသို့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ပြောသည်။

အဆိုပါ ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြိုင်ဒုံးများ မရှိသေးသည့်အပေါ် ပြိုင်ဒုံးများ ပေါ်ပေါက်လာစေရန် ရည် ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ကရင်ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ယခုလိုပြောသည်။

ဝန်ကြီးက “ ကျမတို့ ရန်ကုန်တိုင်းထဲမှာ ဒုံးအဖွဲ့တွေကလေ ကိုယ်ပိုင် ဒုံးရယ်လို့ မရှိဘူး။ တခုခုဆို ကရင်ပြည်နယ်ဘက်၊ ဒါမှမဟုတ် ဧရာဝတီတိုင်းက ပန်းတနော် ဘက်တွေက လာကြ၊ ပြိုင်ကြတာပေါ့။ ကျမတို့က ပြိုင်ဒုံး ဖြစ်မလာဘဲနဲ့ ဖျော်ဖြေရေး ဒုံးအဆင့်လောက်တင်နဲ့ဘဲ ပြီးသွားတယ်။ ဒီနှစ်ဆို မြောက်ဥက္ကလာဆို ပြိုင်ဒုံး၊ ဖျော်ဖြေရေးဒုံး နောက် ဝါးညှပ်၊ ဝါးထောက် အက အဖွဲ့တွေပါ ပေါ်လာတယ်။ နောက်ပြိုင်ဒုံးမရှိ သေးတဲ့ အပေါ် ပြိုင်ဒုံးတွေ ပေါ်လာအောင် လုပ်ပေးလိုက်တာပေါ့နော်” ဟု ပြောသည်။

အဆိုပါ ပြိုင်ပွဲကို ဇန်နဝါရီ ၂၈ ရက်၊ နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ ပြုလုပ်မည်ဖြစ်ပြီး ည ၇နာရီတွင် ဖျော်ဖြေရေးဒုံးများ ကပြဖျော်ဖြေပြီး ဆုပေးပွဲ အခမ်းအနား ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲသို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ မြောက်ဥက္ကလာ အစရှိသည့် မြို့နယ်ကိုယ်စားပြု ဒုံးအဖွဲ့ ၉ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ဖျော်ဖြေရေး ဒုံးများအပါအဝင် ဒုံး ၁၃ ဖွဲ့ ပါဝင်မည်ဟု ရန်ကုန်တိုင်းစာယဉ် အတွင်းရေးမှူး မန်းသန်းဝင်းဦးက ကေအိုင်စီသို့ ပြောသည်။

ပြိုင်ပွဲတွင် ပထမဆုရ ဒုံးကို ကျပ်သိန်း ၂၀၊ ဒုတိယဆု ကျပ် ၁၅ သိန်း၊ တတိယဆု ကျပ် ၁၀ သိန်း၊ နှစ်သိမ့်ဆုရ ဒုံး သုံးဖွဲ့အတွက် ဒုံးတစ်ဖွဲ့လျှင် ကျပ် ၅ သိန်းစီနှင့် ပြိုင်ပွဲဝင် ဒုံးများအတွက် ဝတ်စုံစရိတ်များ ချီးမြှင့်ပေးမည်ဖြစ် ကာ ပထမဆုရ ဒုံးအဖွဲ့ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြုလုပ်မည့် နိုင်ငံတကာ ဟိုတယ်နှင့် ခရီးပြပွဲများတွင် သွားရောက်ဖျော်ဖြေနိုင်ရန် စေလွှတ်မည်ဟု ကရင်ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဖြည့်စွက် ပြောသည်။

“ နိုင်ငံတကာမှာ ဟိုတယ်ခရီး ပြပွဲတွေသွားတဲ့ အခါ၊ ဥပမာ ဆွစ်ဇလန်မှာ သွားပြတာ၊ ဂျီနီဗာမှာ သွားပြမှာ ရှိတယ်။ နောက်ဂျပန်မှာ သွားပြမှာရှိတယ်။ အဲ့လို ပြမဲ့ပွဲတွေမှာ တိုင်းရင်းသားရေးရာအဖွဲ့တွေကိုခေါ်သွားလို့ ယှဉ်ရင်၊ သွားကပြမယ်။ ဒီနှစ်ပထမရတဲ့ အဖွဲ့ကို လာမဲ့ နှစ်နိုင်ငံတကာ ခရီးသွားပြပွဲတွေမှာ လွတ်မယ်လို့ ကျမပြောထားတယ်။ ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို၊ ဒီမှာလည်း ဖော်ထုတ်နိုင်သလို အင်တာနေရှင်နယ်မှာလည်း သွားပြနိုင်တာပေါ့နော်” ဟု ဝန်ကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအနေဖြင့် ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်း အနားများကို ကရင်လူမျိုးများနေထိုင်ရာမြို့နယ်များတွင် ပြုလုပ်ပေးခဲ့သလို၊ စကော-ပိုး-အင်္ဂလိပ်-မြန်မာ အဘိဓ္ဓာန်ပြုစုခြင်းတို့ကို လုပ်ဆောင်နေပြီး ယခုလို ဒုံးပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်း စာယဉ် တာဝန်ရှိသူများထံမှ သိရသည်။