လူ့အခွင့်အရေး  •  တိုင်းရင်းသားအခွင့်အရေး  •  ဒီမိုကရေစီရေး

မလိမ်ညာကြေး

(လင်္ကာဒီပ)

၂၅ ဒီဇင်ဘာ၊ ၂၀၁၇

မိသားစုမောင်နှမ အခါတော်မှီ
ညီအစ်ကို ညီညွှတ်ရေး
မတွေး မလို ဆန္ဒမရှိဘဲနဲ့များ
အများတကာရှေ့မနှေး
ညီညွှတ်ရေး သီချင်းတွေ
ဆိုမနေသင့်တော့ပါဘူး။

တော်လှန်ရေး ခရီးစပ်ကြား
ဝတ္တရားတွေမလိုပါ
တာဝန်သာလိုတယ်
သဘာဝအရင်းအမြစ် ယူဖို့ကြံစည်
ညီအကိုတွေ လှည့်ပတ်တိုက်နေကြတာလောက်
ပျောက်သွား ဟီရိသြတပ္ပတရားတွေ
ကျုပ်လေ…ဖြေစရာတောင် မရှိတော့ပါဘူး။

ကရင့်အလုပ် ကရင့်တာဝန်
ကျေပွန်အောင် ထမ်းမယ့် စိတ်မဏ္ဍိုင်
တပိုင် တနိုင် မဆိုင်း မနှေး
ဟင်း…ဆက်ကြေးကောက်တာ မဟုတ်ဘူး
ဓါးပြတိုက်နေတာလည်း မဟုတ်ရပါဘူး
ထူးမြတ်တဲ့ ကရင့်နှစ်သစ်ကူးအရေး
တွေးတောထည့်ဝင်ပေါင်းစပ်ပြီး
ရှုမငြီးတဲ့ ကောက်သစ်စားပွဲ
တူယှဉ်တွဲ နွှဲပျော်ဖို့ လိုကြတယ်မဟုတ်လား။

ဘယ်အကွေ့ ဘယ်အနား
အမှားလုပ်ခဲ့ကြပြီလဲ
ဘယ်ဝဲ ဘယ်ကတော့
တို့တော့ ရုန်းထွက်နိုင်ခဲ့ကြလဲ
အသည်းယားအောင် မြူဆွယ်မက်လုံး
ရွှင်ပြုံးချိုသာ စကားတွေစနက်
ဝှေး(ဂွေး)တက်အောင် ကခဲ့ကြပြီးပြီလဲ
လွဲမှားဖြစ်သနစ်များစွာ
တနှစ်တာရဲ့အဆုံးသတ်
သုံးသပ်ပြင်ဆင်တတ်ဖို့လိုတယ် မိတ်ဆွေ။

ဒီရက် ဒီအချိန်အခါသမျှ
ကြုံလာကြ ဘဝသင်ခန်းစာများစွာ
မှတ်သားနာယူ ပြင်ဆင်ရန်လို
ကိုယ့်ကိုယ်ကို မလိမ်ညာမိအောင်
မှန်ကန်အောင် သုံးသပ်ရှုတွေး
ညီညွှတ်ရေး အင်အားတစ်ခု
သစ္စာပြု ပြန်လည်တည်ဆောက်နိုင်ဖို့
ကျုပ်တို့တွေ ပေါင်းစည်းမှုရပ်ဝန်း
ထွန်းကားတည်ဆောက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း။

ကြယ်တာယာတွေစုံပြီလား
မြူနှင်းများကွဲစ ခဏချင်း
မနက်ခင်း နေဝန်းရောင်ခြည်
အလင်းသီ ဝေဖြာလာချိန်လေး
သွေးရင်း ညီအကို အစုံအလင်
လွှင့်ကာ တင်လိုက်တဲ့ ကရင့်အလံတော်
မင်္ဂလာခေါ် ဆောင်ကြဉ်းလို့
ကြမ္မာတို့ ပိုင်စိုးသက်ဝင်စေ
ကျုပ်…မေတ္တာဝေ ဦးညွှတ်ဆုတောင်းလိုက်ရပါသည်။