နိုဝင်ဘာ ၂၁ ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာအုပ်စု ၆ အုပ်စုခန့်တွင် ရွှေခရု(Golden Apple Snail) အမျိုးအစားခရု သည် စပါးစိုက်ခင်းအတွင်း ကျရောက်ဖျက်ဆီး၍ စပါးစိုက်ပျိုးဧက ပျက်စီးထိခိုက်ခံရမှုပိုဆိုးလာဟု စပါးစိုက်တောင် သူများ က ပြောဆိုသည်။
၂၀၁၅ ခုနှစ်မှစ၍ အဆိုပါ ရွှေခရုအမျိုးအစားခရုများသည် ကကတိုက်ကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာမှစ၍ စပါး များကို စတင်ဝင်ရောက်စားသောက်ကိုက်ဖြတ်ရာမှ ယခုနှစ်တွင် ရွှေလောင်း၊ ကကတိုက်၊ ပေါက်တိန်း၊ ကျုံပတီ-ကျုံပတော၊ ကျုံကပျင်၊ တိုက်ကလား စသည့်ကျေးရွာအုပ်စု ၆အုပ်စုသို့ ပျံ့နှံ့ရောက်ရှိလာပြီး စပါးစိုက် တောင်သူများ၏ လယ်ကွက်များအတွင်းသို့ ပိုမိုဆိုးရွားစွာ ကျရောက်နေသည်ဟု ကကတိုက် ကျေးရွာအုပ်ချုပ်ရေးမှူး မန်းမြဝင်းက ပြော သည်။
၎င်းက “ခရုက လေးအိမ်တန်း၊ ဆည်မြောင်းကနေစဖြစ်လာတာပဲ။ အဲ့က ဝင်းနိုင်ဦးဆိုတဲ့သူက အထက် ဘက်ကနေ ဒီခရုကို လှလို့ဆိုပြီး ဒီကို ၃လုံးယူလာတယ်။ အဲ့ကနေ ပွားလာပွားလာပြီး အခုဆို ဘာမှ မလုပ် တတ်ဘူး။ စဖြစ်တဲ့နှစ် စစချင်း ဆင်းဖျက်တုန်းက ထိခိုက်ဧကကို မကောက်ခံဖြစ်ဘူး။ ၂၀၁၆ခုနှစ် စားရင်အရ ဧက ၈၆၀တွေ့ ရတယ်။ ဒီနှစ်ကျတော့ လယ်သမားအကုန်လာမတင်ပြတော့ စာရင်းကောက်မိ သလောက်တော့ ဧက ၄၈၆ လောက်ထိရှိတယ်။ ဒါက ကကတိုက်အုပ်စုထဲက လေးအိမ်တန်း၊ ဆည်မြောင်း၊ တံခွန်တိုင်၊ ကကတိုက် ကျေးရွာလေးရွာပဲရှိသေးတယ်” ဟု နိုဝင်ဘာလ ၁၉ ရက်နေ့က ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကိစ္စရပ်ကို သက်ဆိုင်ရာ ဝါးခယ်မမြို့နယ်တာဝန်ရှိသူများသို့ တင်ပြပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တာဝန်ရှိသူများမှလာ ရောက်ကြည့်ရှုစစ်ဆေးကာ ခရုမျိုးဥနှင့် ခရုသားပေါက်များကို ငါးစာအဖြင့်စားသုံးရန် ငါးအကောင်ရေ တစ်သိန်း ပထမ အကြိမ်လာရောက်လွှတ်ပေးခဲ့ပြီး ယခုနှစ်တွင်လည်း အကောင်ရေ တစ်သိန်း ကျော်လာရောက်လွှတ်ပေးသော်လည်းထိ ရောက်မှုမရှိကြောင်း မန်းမြဝင်းက ဆက်ပြောသည်။
အဆိုပါ ရွှေခရုများကို စပါးမစိုက်ပျိုးမီအချိန်လောက်တွင် နှစ်စဉ်လိုက်လံကောက်ယူကြရပြီး လယ်သမား တစ်ဦးလျှင် ဂုန်နီ အိတ် ၃ဝ ခန့် ကောက်ယူနိုင်သော်လည်း ဆက်လက်မျိုးပွားနေဆဲဖြစ်ပြီး ၎င်းဝင်ရောက်ဖျက်ဆီး ခံရမှုကြောင့် လယ်သမား အများစုမှာ ဘဏ်ကြွေးမဆပ်နိုင်ကြပဲ နှစ်စဉ်ဘဏ်တိုးတက်ကာ အချို့လယ်သမား များမှာ လယ်ယာမြေကွက်များကိုစွန့်၍ နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ကာ အကြွေးများဆပ်နေကြရ သည်ဟု ဒေသခံလယ်သမားများက ဆိုသည်။
ရွှေခရုများသည် ရေနက်ကွင်းရှိ စပါးစိုက်ခင်းများတွင် အဓိက ဝင်ရောက်ဖျက်ဆီးခံရပြီး ၎င်းခရုများသည် ကြဲလိုက်သည့် စပါးအစေ့အဆံအပြင် ပေါက်လာသည့် စပါးပင်စည်ငယ်များကိုပါ ပင်စည်ရိုးမှစ၍ အမြစ်အထိ ကိုက်ဖြတ်စားသောက်ကြ ခြင်းဖြစ်ပြီး လယ်သမားများမှာ စပါးများကို တစ်ကြိမ်မက မျိုးစပါးများကို ပြန်ကြဲ စိုက်ပျိုးကြရပြီး ခရုကိုက်ဖြတ်၍ ကျန်ရှိ သည့် စပါးပင်များမှထွက်ရှိသည့် သီးနှံများကိုသာ ရရှိကြသည်ဟု တံခွန်တိုင်ကျေးရွာမှ လယ်သမဂါ့သိန်းဥက ပြောသည်
။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဝါးခယ်မမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဌာနမှူး ဦးချစ်ကိုနိုင်က “ဒေသခံတွေကလည်း တင်ပြသလို ဒီကလည်း မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများနဲ့ စိုက်/ကြပ်အဖွဲ့တို့ ပူးပေါင်းပြီး ခရုကောက်တာတို့ ၊ခရုဥတွေ ဖျက်ဆီးတာတို့ စပါးစိုက်တဲ့ရာသီကစပြီး တစ်ပတ်တစ်ကြိမ်လုပ်တယ်။ ဒါက တောင်သူတွေ ဆယ်အိမ်မှူး၊ ရာအိမ်မှူးအင်အားနဲ့လုပ်တာပေါ့။ ဆေးချလို့ရရင်ချတယ်။ နွေပိုင်းကျတော့ ခရုတွေ ခိုနိုင်တဲ့ဒိုက် မြက်တွေကိုမီးရှိူ့ဖျက်ဆီးတာတို့ နောက်ထုံးထည့်တာတို့ အဲ့ဒါတွေလုပ်တယ်”ဟု ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။
၎င်းခရုကျရောက်ရာမြေနေရာအနေအထားအရ ပိုးသတ်ဆေးသုံးရန် အဆင်မပြေသောကြောင့် သဘာဝနည်းဖြင့်နှိမ်နှင်း ရန် စမ်းသပ်ဖွဲ့ ၆ဖွဲ့ဖြင့် ယခုလ နိုဝင်ဘာလ ၁၅ရက်နေ့မှစ၍ ဝန်ကြီးချုပ်၏ ညွှန်ကြားချက် ဖြင့် ရွှေလောင်းဧရိယာထဲတွင် စတင်လုပ်ဆောင်နေပြီးဟုလည်း ဝါးခယ်မမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဌာနမှူး ပြောသည်။
ရွှေခရုကျရောက်ရာ ဒေသရှိလယ်သမားများသည် စပါးကိုအဓိက စိုက်ပျိုးလုပ်ကိုင်ကြပြီး စပါးအပြင် မတ်ပဲသီးနှံ နှင့် မိကျောင်းအန်ဖတ်ပင်များကိုလည်း အနည်းအကျဉ်းစိုက်ပျိုးလုပ်ကိုင်ကြကာ အဆိုပါ ပဲနှင့် မိကျောင်း အန်ဖတ်ပင်များကို လည်း ရွှေခရုဖျက်ဆီးစားသုံးခြင်းကိုခံကြရသည်ဟု စပါးစိုက်တောင်သူ လယ်သမားများ ကပြောသည်။