နိုဝင်ဘာ ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ ကျေးရွာများမှ ကွမ်းစိုက်တောင်သူများမှာ ကိုယ်ပိုင်မဟုတ်သည့် မြေကို နှစ်ချုပ် ငှားရမ်းကာ ကွမ်းရွက်ခြံလုပ်ငန်းကို လုပ်ကိုင်လာခဲ့ကြရင်း မိသားစု စားဝတ် နေရေးအတွက် ဖြေရှင်းနေကြရသည်ဟု ၎င်းကွမ်းစိုက်တောင်သူများက ပြောသည်။
၂၀၀၅ ခုနှစ်မှစ၍ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကမ်းပါးမြေများ ပြိုကျသွားခဲ့ရာမှ ၎င်းတို့လယ်မြေများနှင့် စိုက်ပျိုး မြေများ တဖြည်းဖြည်း ပျက်စီးလာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် တစ်ရွာလုံး၏ နေအိမ်မြေနေရာနှင့် စိုက်ပျိုးမြေများ အားလုံး ပျက်စီးဆုံးရှုံးသွားခဲ့သဖြင့် နီးစပ်ရာရွာများ၏ စားကျက်မြေများကို ငှားရမ်း၍ ကွမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး ကို ဖြေရှင်းနေကြရခြင်းဖြစ်သည်ဟု တောကျောင်းကျေးရွာအုပ်စုမှ ကျောင်းတော်ကလေးရွာ ရာအိမ်မှူး မန်းကျော်ထွန်း အောင်က ပြောသည်။
၎င်းက “ကျနော်တို့ ငယ်ငယ်ကလေးကတည်းက အဖိုး၊ အဖွားတွေက နေစရာမြေနေရာတွေ စိုက်စားပျိုးစားဖို့ လယ်ယာ မြေတွေ ကိုယ်ပိုင်ရှိကြတယ်။ အဲ့ဒီတုန်းက ဆန်စပါးကို အဓိက လုပ်ကိုင်စားသောက်ကြတယ်။ ကွမ်း တို့ တခြားခြံထွက် သီးနှံတွေကို လုပ်ကိုင်စားသောက်ကြတာပေါ့။ ဒါပေမဲ့ ၂၀၀၆ ခုနှစ်မှာ မြေပြိုသွားတော့ ကျနော်တို့မှာ နေစရာ လုပ်ကိုင်စား သောက်စရာ မြေမရှိတော့ဘဲ အခုလို မြေငှားပြီးတော့ ကွမ်းစိုက်ပြီး ဝမ်းစာဖြေရှင်းကြရတာပေါ့”ဟု ကေအိုင်စီသို့ ပြော သည်။
ယင်းသို့ သဘာဝဘေးအန္တရာယ်ဘေးဒဏ်ကြောင့် ၎င်းတို့ရွာမြေများ ပျောက်ဆုံးသွားသည့် အခြေအနေနှင့် ကျေးရွာပြန် လည်ထူထောင်ရေး အကူအညီများကို ထိုအချိန်က အစိုးရတာဝန်ရှိသူများထံ တင်ပြတောင်းခံခဲ့သော်လည်း အကြောင်းပြန် မှု တစုံတရာ မရခဲ့ဘဲ အဂင်္လီကန်ခရစ်ယာန်သာသနာပြုအဖွဲ့က ၎င်းတို့မိသားတစုအတွက် အိမ်နေရာမြေကွက် ဆယ်လံ တစ်ကွက်စီနှင့် အိမ်မိုးသွပ် အချပ် ၃ဝ စီ အကူအညီ ပေးခဲ့သည်ဟု မန်းကျော်ထွန်းအောင်က ဆက်ပြောသည်။
၎င်းကွမ်းစိုက်တောင်သူများအနေဖြင့် ကွမ်းခြံစိုက်ပျိုးမြေကို ဆယ်လံတစ်ကွက်စာအတွက် ကွမ်းစိုက်တစ်ရာသီ စာကို သုံးသောင်းကျပ်ဖြင့် ငွေတိုးချေး၍ မြေကွက်များ၌ ငှားရမ်းကာ ကွမ်းရွက်အပင် တစ်ထောင်စာအတွက် ပျမ်းမျှငွေ နှစ်သိန်းခွဲခန့် ရင်းနှီးရပြီး ရွာသူရွာသားအများစုမှာ ကွမ်းရွက်ပင် ခြောက်ထောင်မှ ခုနှစ်ထောင်အထိ စိုက်ပျိုးလုပ်ကိုင်ရင်း နှစ်စဉ် မိသားစု စားဝတ်နေရေးနှင့် သားသမီးများ၏ ပညာရေးအတွက်ကိုပါ ဖြေရှင်းနေကြ ရသည်ဟုလည်း ရွာသားများ၏ ပြောပြချက်အရ သိရသည်။
ကျောင်းတော်ကလေးရွာမှ ကွမ်းစိုက်တောင်သူ နမ့်မြင့်နွယ်အေးက “ကျမတို့ရွာက ကွမ်းခြံကိုပဲ အဓိက စိုက်ပျိုး စားတယ်။ ကွမ်းစိုက်တယ်ဆိုတာက ကံပါမှပဲ အကျိုးပေးတယ်။ အရင်းအနှီးကလည်း တအားကြီးတယ်။ ကွမ်း ညွှန့်တွေကို မြောင်းမြကနေဝယ်ပြီး စိုက်ရတယ်။ တကယ်လို့ ကွမ်းညွှန့်က ရိုးမဲ(ကွမ်းရောဂါ)တို့၊ အနာအဆာတို့ ပါလာရင် စိုက်လို့ ရက်အတန်ကြာမှာပဲ အကုန်အရွက်ကြွေကျပြီး အကုန် တူးထုတ်လိုက်ရတယ်။ အဲ့ဒါဆိုရင် ဘာမှမရတော့ဘူး”ဟု ပြောသည်။
ထိုကဲ့သို့ ပျက်စီးသွားသည့် ကွမ်းညွှန့်အတွက် အစားထိုးစိုက်ပျိုးရန်အတွက် အတိုးဖြင့် ထပ်မံ ငွေချေးယူကြရ သည့်အပြင် ကွမ်းစိုက်တောင်သူများ၏ သားသမီးငယ်များမှာ ပညာကိုကောင်းစွာ မသင်ယူရကြဘဲ နီးစပ်ရာ မြို့ကြီးမြို့ငယ်များသို့ သွားရောက်အလုပ်လုပ်ကိုင်ရင်း မိသားစုကို ပြန်လည်ထောက်ပံ့ပေးရသည်ဟု နမ့်မြင့်နွယ်က ပြောသည်။
ကွမ်းရွက်စိုက်ခင်းကို များသောအားဖြင့် မိုးတွင်းနှင့် ဆောင်းတွင်းများတွင် တနှစ်ကိုနှစ်ကြိမ် စိုက်ပျိုးလေ့ရှိကြပြီး ကွမ်းရွက်များကို စိုက်ပျိုးပြီး သုံးလခန့်တွင် ခူးဆွတ်ကာ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချသွားကြရသည်ဟုလည်း ရွာသူရွာသားများက ပြောဆိုသည်။
“ကွမ်းဈေးကတော့ ကွမ်းအထွက်များချိန်၊ ကွမ်းမကောင်းချိန်အပေါ် မူတည်ပြီး ဈေးကွက်ကွာတယ်။ ဈေး ကောင်းတဲ့အချိန်ဆို အချိန်တစ်ဆယ်(၁ဝ ပိဿာ)ကို ၈ သောင်း ၉ သောင်းလောက်ရတယ်။ ဈေးမကောင်း ဘူးဆို နှစ်သောင်း သုံးသောင်းလောက်ပဲ ရတာရှိတယ်။ ကွမ်းဈေးကွက်ကတော့ ပုံမှန်ကို တွက်လို့ မရဘူး”ဟု ဒေသခံတစ်ဦးဖြစ်သူ စသန်းနိုင်ဝင်းက ပြောသည်။
ယင်းသို့ နှစ်ချုပ်မြေငှားကာ ကွမ်းစိုက်ပျိုးလုပ်ကိုင်နေကြသည့် ဧရာဝတီမြစ်ကမ်းအနီး ကျေးရွာပေါင်း ၉ ရွာရှိပြီး ကွမ်းခြံအပြင် ပဲ၊ ငရုပ်များကိုလည်း တစ်အိမ်ထောင်စာအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ကျေးရွာတာဝန်ရှိသူများက ပြောသည်။