(မောင်ကျော်စွာ)
(၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၁၂ရက်)
ရခိုင်ပြည်နယ်(မြောက်ပိုင်း) အရေးကိစ္စကို ပြည်တွင်းပြည်ပ အကြံသမားတွေက မျှော်မှန်းချက်မျိုးစုံနဲ့ ဝိုင်းပြီး သမ လိုက်ကြတာမှာ မူရင်းပြဿနာထက် ဆင့်ပွားအကျယ်ချဲ့ထားတဲ့ ပြဿနာတွေက အဓိကလိုလို ဖြစ်လာပါတယ်။
ရခိုင်ပြည်နယ်ပြဿနာဟာ မြန်မာနိုင်ငံရဲ့အခြားသော ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေလိုပါပဲ။ အခြေခံအားဖြင့် ဆင်းရဲမွဲတေမှုနဲ့ ခေတ်နောက်ကျမှုပြဿနာပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တစ်ခုထဲကိုပဲ ကွက်ပြီး သို့မဟုတ် ဗဟိုချက်ထားပြီး သုံးသပ်ပြောဆိုမယ်ဆိုရင် ရခိုင်ပြည်နယ်တစ်ခု လုံး ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျပြီး ပြည်သူတွေ ဆင်းရဲမွဲတေနေတာဟာ မူလပြဿနာဖြစ်ပါတယ်။ ဒီလိုဆင်းရဲမွဲတေပြီး ဖွံ့ဖြိုးမှုနိမ့်ကျနေတာဟာ ရခိုင်ပြည်နယ်တစ်ခုထဲ ကွက်ပြီးဖြစ်နေတာတော့ မဟုတ်ပါဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ခုစလုံး သူ့အတိုင်းအတာနဲ့သူ ဆင်းရဲမွဲတေနေတာ ဖြစ်ပါတယ်။ ဒီအထဲမှာမှ ရခိုင်ပြည်နယ်က “အမွဲတကာ့ ထွတ် ခေါင်ဖွတ်မင်းနောင်မှာ ပြာတောင်ကြီးပေါက်ကရော့ ပြောင်မြောက်အောင်မွဲနိုင်တဲ့” ပြည်နယ် ဖြစ်နေတာပါ။ ရခိုင် ပြည်နယ်ထက် ပိုပြီးဆင်းရဲမွဲတေတဲ့ပြည်နယ်ဟာ ချင်းပြည်နယ်ပါ။ တစ်တိုင်းတစ်ပြည်လုံးကလည်း အဆင်းရဲဆုံး နိုင်ငံ (LDC) ဆိုတဲ့ နွံဗွက်အိုင်ထဲကနေ ရုန်းမတက်နိုင်သေးတဲ့ နိုင်ငံဖြစ်မြဲဖြစ်ပါတယ်။
ဒီမူလပြဿနာထဲမှာ လူဦးရေများပြားသိပ်သည်းတဲ့ ဘဂင်္လားဒေ့ရှ်နိုင်ငံနဲ့ နယ်ချင်းစပ်နေလေတော့ နှစ်နိုင်ငံ နယ်စပ် တွေမှာ ဖြစ်လေ့ရှိတဲ့အတိုင်း လူဝင်လူထွက်ပြဿနာပါ ပေါင်းစပ်ပါဝင်လာပါတယ်။ ဖွံ့ဖြိုးမှုနိမ့်ကျ၊ ဆင်းရဲမွဲတေပြီး လူဝင်လူထွက်များတဲ့ဒေသဟာ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကုန်ကူးမှုတို့အတွက် အကောင်းဆုံး ဈေးကွက်နဲ့ ရေခံ မြေခံ ဖြစ်လာပါတယ်။ ဒီအနေအထားတွေက နယ်စပ်မှာရှိတဲ့ နှစ်နိုင်ငံ စစ်ဘက်နဲ့ အုပ်ချုပ်ရေးဘက် ဝန်ထမ်းတွေအ တွက် လာဘ်ပေးလာဘ်ယူလုပ်ဖို့အတွက် အင်မတန်စားပေါက်ကောင်းတဲ့ ဂွင်တစ်ခုလည်းဖြစ်ပါတယ်။
“လူမြိုတာတွေ မြွေမြိုတာတွေ” နောက်မှာထား။ ငွေက အဲဒီဝန်ထမ်းတွေကို ဝါးမြိုသွားခဲ့သလဲဆိုတာတော့ ထုတ်ပေး ထားတဲ့ နိုင်ငံသားစိစစ်ရေးကဒ်(မှတ်ပုံတင်)တွေကို ကြည့်တာနဲ့ ဘယ်လောက် စားထားသလဲဆိုတာ အလွယ်သိ နိုင်ပါတယ်။
ဒီတော့ ရခိုင်ပြည်နယ်ပြဿနာထဲမှာ မူလပြဿနာဖြစ်တဲ့ ဆင်းရဲမွဲနေမှုနဲ့ ခေတ်နောက်ကျမှုအပြင် ဒီအထဲမှာ အဓိ က ဆက်နွယ် ပါဝင်လာတာတွေက လူဝင်လူထွက်ပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ လူမှောင်ခိုကူးမှုပြဿနာ၊ လာဘ်ပေးလာဘ်ယူပြဿနာတွေ အပြန်ပြန်အလှန်လှန် လိမ်ယှက် ပေါင်းစပ်ပါဝင်ဖွဲ့တည်နေတာပဲ ဖြစ်ပါတယ်။
အဲဒီအတွဲလိုက်ပြဿနာဟာ အခုအခါမှာ ကြွတက်ပြီး ပြောနေကြတဲ့ “အနောက်တံခါး”မှာသာ သီးသန့် တည်ရှိပေါ် ပေါက်နေတဲ့ ပြဿနာမဟုတ်ပါဘူး။ မြန်မာပြည်ရဲ့ အရှေ့၊ အရှေ့မြောက်ဘက် (တရုတ်၊ လော၊ ထိုင်း) နယ်စပ်တွေ မှာလည်း မတူတဲ့အတိုင်းအတာနဲ့ ဖွဲ့စည်းတည်ရှိနေတာလည်းဖြစ်ပါတယ်။
ထူးခြားတာက (မဆလ)စစ်အစိုးရ၊ (နဝတ-နအဖ) စစ်အစိုးရ အုပ်စိုးနေစဉ်ကာလမှာတော့ ဒီပြဿနာတွေဟာ ခေါင်းမြီးခြုံနေပြီး (တနည်းအားဖြင့် ကင်ဆာလို ငုပ်သျှိုးလှိုက်စားနေပြီး) ဒီချုပ်ပါတီအစိုးရ“အာဏာ”ရလာတော့မှ မန်းမှုတ် ခေါ်ယူလိုက်သလို အုံလိုက် ကျင်းလိုက်၊ စီးရီးလိုက် ပေါ်ပေါက်ထကြွလာတဲ့ အချက်ပဲဖြစ်ပါတယ်။
ဒီပြဿနာတွေကို အုပ်စိုးသူဆက်ဆက်က မဖြေရှင်းခဲ့ကြဘူး။ မဖြေရှင်းနိုင်ခဲ့ကြဘူး။ သို့မဟုတ် ရည်ရွယ်ချက် ကောင်းစွာ အမြော်အမြင်ရှိစွာနဲ့ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုခဲ့ကြဘူး။
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစည်းဝိုင်းထဲမှာ “၂၀၀၈ အခြေခံဥပဒေ”နဲ့အတူ အာဏာစင်မြင့်ပေါ် တက်လာပြီး သူတို့ ဩဇာမညောင်းတဲ့ “ပါတီအစိုးရတွေ”ကို စစ်အုပ်စုနဲ့ စစ်အုပ်စုက အညှာကိုင်ဖို့၊ အကြပ်ကိုင်နိုင်ဖို့နဲ့ စစ်အုပ်စု ရဲ့“စပွန်ဆာပါတီတွေ”က အာဏာ တကယ်မရှိတဲ့ “အာဏာရပါတီအစိုးရ”ကို “နိုင်ငံရေးတိုက်ကွက်” ဖော်နိုင်ဖို့နဲ့ ပြည်သူတွေအကြားမှာ လူမျိုးရေး၊ ဘာသာရေး သွေးခွဲ ရန်တိုက်ပေးနိုင်ဖို့ ဒီပြဿနာတွေကို တမင် မွေးမြူထားခဲ့ပုံ ပေါ်ပါတယ်။
ဒီပြဿနာတွေကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီအစိုးရတို့က လက်တွေ့ ကိုင်တွယ်ဖြေရှင်းနေတဲ့ စေတနာ၊ ရည်ရွယ်ချက်တွေနဲ့ နည်းလမ်းတွေ ကောင်းမွန်လှသော်လည်း မထိရောက်ဘူး ဖြစ်နေပါတယ်။ “အိုးတော်လုပ် ဖုတ်ရင်းက မကျက်” ဆိုတာလို ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတာ ရခိုင်ပြဿနာမှာ တင် မဟုတ်ပါဘူး။ “၂၁ ရာစုပင်လုံ”မှာလည်း အလားတူ ပြဿနာတွေ ဝိုင်းဝိုင်းလည်နေပါတယ်။
ဒီချုပ်ပါတီအစိုးရရဲ့ ခြေလှမ်းတိုင်း၊ ရှေ့လုပ်ငန်းတိုင်းမှာ အနှောင့်အယှက်တွေ၊ အမှောင့်ပယောဂတွေ တမျိုးပြီး တမျိုး မရိုးရအောင် ပေါ်ပေါက်ကြုံတွေ့နေရပါတယ်။ အခုအခါမှာတော့ “အမုန်းတရားတွေ၊ ဖိအားတွေ၊ တွန်းအား တွေ”ကို ပြည်တွင်းမှာသာမက ပြည်ပမှာပါ၊ ကုလသမဂ္ဂစင်မြင့်မှာပါ ကြုံတွေ့လာနေရပြီဖြစ်ပါတယ်။
ပြည်ပ “ဖိအား/တွန်းအား” ဆိုတဲ့ လှိုင်းတွေလေတွေထဲကနေ အမြတ်ရလိုက်တာတစ်ခုတော့ ရှိပါတယ်။ “နိုင်ငံတ ကာက ပေးအပ်တဲ့ဆု” ဆိုတာတွေရဲ့ ဖုံးကွယ်ထားတဲ့ အခြားမျက်နှာဖက်ကို ကျနော်တို့ပြည်သူတွေ ပြက်ပြက်ထင် ထင် မြင်လိုက်ကြရတဲ့ အချက်ပါပဲ။ အကျိုးလိုလို့သာ ညောင်ရေလောင်းတယ်ဆိုတဲ့ အချက်ပေါ့။
နောက်တစ်ချက်က ကုလသမဂ္ဂက ပြစ်တင်စွပ်စွဲနေတဲ့ အချက်အလက်တွေဟာ စစ်တပ်ရဲ့ လတ်တလောနဲ့ အစဉ် အဆက် ချိုးဖောက်ခဲ့တဲ့ လူ့အခွင့်အရေးပြစ်မှုတွေကို အခြေပြုတည်ဆောက်ထားတာ တွေ့ရပါတယ်။ ဒီစွပ်စွဲချက် တွေထဲမှာ လိုတာပိုတာ၊ အတိမ်းအစောင်း အနည်းငယ် ပါရှိနိုင်သော်လည်း လုံးဝ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ တော့ မဟုတ်ပါဘူး။
(မဆလ)နဲ့ (နဝတ-နအဖ) အုပ်စိုးသူတွေ အကြမ်းဖက် ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုမျိုးစုံဟာ ရှမ်းရိုးမပေါ်မှာ၊ မနောမြေ မှာ၊ မဲနယ်တောင်ရိုးမှာ၊ သံလွင်မြစ်တကြောမှာ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ၊ ကစ္ဆပနဒီနဲ့ မေယုတောင်တန်းမှာ၊ နိုင်ငံအနှံ့က စစ်ကြောရေးနဲ့၊ အကျဉ်းထောင်တွေထဲမှာ၊ မြို့ပြလမ်းမတွေပေါ်မှာ၊ လက်ပံတောင်းဒေသက လေထု၊ မြေထု၊ ရေထု၊ လူထုရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း၊ မမေ့မပျောက် အစဉ်စွဲမှတ် တည်ရှိနေတာဖြစ်ပါတယ်။
ဒီလို အကြမ်းဖက် ဖိနှိပ်တဲ့ လူမဆန်မှုတွေကို လက်ရှိ ဒီချုပ်အစိုးရခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တွေ နဖူးတွေ့ ဒူးတွေ့ ခံစားခဲ့ကြရဖူးပါတယ်။ ကုလသမဂ္ဂစင်မြင့်မှာ အစိုးရရဲ့လုံခြုံရေးအကြံပေးအရာရှိက အခုလို ခုခံလျှောက်လဲချက် ပေးသွားပါတယ်။
“မြန်မာအစိုးရသစ်အနေဖြင့် ရခိုင်ပြည်နယ်ရှိ ခက်ခဲသောအခြေအနေကို လက်ဆင့်ကမ်း ဆက်ခံခဲ့ရပြီး အခြားသော သူများ၏ ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် အကျိုးဆက်များကိုလည်း ဖြေရှင်းခဲ့ရပါသည်” တဲ့။
ဒီလို လက်ဆင့်ကမ်းဆက်ခံရတာဟာ ရခိုင်ပြည်နယ်က ခက်ခဲသော အခြေအနေတစ်ခုထဲ မဟုတ်ပါဘူး။ (NCA) စာချုပ်ကိစ္စမှာလည်း အလားတူပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်ရရင် “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲမှာ တကယ့်အာဏာမရှိဘဲ “အာဏာရအစိုးရ” ဖြစ်နေရတဲ့ ဒီချုပ်အ စိုးရရဲ့အဖြစ်က ဆင်မည်းကိုု ဆင်ဖြူဖြစ်လာအာင် လျှော်ဖွတ်ပေးရတဲ့ ခဝါသည်ရဲ့အဖြစ်မျိုးပါပဲ။ ဆင်မဲကြီးဝင်လိုက် တိုင်း အိုးကြီးက ကွဲ ကွဲသွားပါတယ်။ ပြဿနာတွေပေါ်လာလိုက် ပြဿနာတွေကို ဖြေရှင်းလိုက်မှ ဆင့်ပွားပြဿနာ တွေ တသီတတန်းကြီး ပေါ်လာလိုက်နဲ့ မဆုံးသော သံသရာလည်နေရှာပါတယ်။
ဒီသံသရာကနေ လွတ်မြောက်ဖို့ ဒီချုပ်ပါတီက ကြီးမှူးတဲ့ “လူထုမေတ္တာနဲ့ တုန့်ပြန်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ” ကို အမြို့မြို့အနယ်နယ်တိုင်းမှာ အဂင်္ါနေ့တိုင်း ကျင်းပမယ်လို့ဆိုပါတယ်။ အာဏာရပါတီက လူထုကို လှုံ့ဆော်ပြီး မေတ္တာပို့ဆုတောင်းနေရတဲ့အဖြစ်ဟာ ဒီကနေ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီရဲ့သရုပ်မှန်”ကို ထင်ဟပ်ပြနေ တာပဲ ဖြစ်ပါတယ်။