Home သတင်း တိုင်းရင်းသားများပါဝင်သည့် (၃၁)‌မြောက် KNLA ဗဟို‌ဆေးဌာန၏ ‌ဆေးသင်တန်း သင်တန်းသူ/သား ၄၃ဦး ‌အောင်မြင်

တိုင်းရင်းသားများပါဝင်သည့် (၃၁)‌မြောက် KNLA ဗဟို‌ဆေးဌာန၏ ‌ဆေးသင်တန်း သင်တန်းသူ/သား ၄၃ဦး ‌အောင်မြင်

2751

‌အောက်တိုဘာ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

KNU-ကရင်အမျိုးသားအစည်းအရုံး၏ စစ်‌ရေးလက်ရုံးဖြစ်‌သော ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ဗဟို‌ဆေးဌာနမှ ဦး‌ဆောင်ဖွင့်လှစ်ကာ တိုင်းရင်းသားလူမျိုးစုများပါဝင်သည့် ၃၁ ကြိမ်‌မြောက် အ‌ခြေခံ ‌ဆေးသင်တန်းတွင် သင်တန်းသူ/သား ၄၃ ဦး တက်‌ရောက်‌အောင်မြင်ခဲ့သည်ဟု သင်တန်း‌ကျောင်းအုပ် ‌စောကလူ‌ဖောဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်၊ ကချင်၊ ချင်း၊ ရခိုင်၊ နာဂနှင့် ပ‌လောင် စသည့် တိုင်းရင်းသား သင်တန်းသူ၊ သင်တန်းသားများ တက်‌ရောက်သည့် ၎င်း‌ဆေးသင်တန်းတွင် အ‌ခြေခံစစ်သင်တန်းအပါအဝင် အ‌ခြေခံလူထုကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု၊ ခန္ဓ္ဓာ‌ဗေဒ၊ ‌ဆေးဝါး‌ဗေဒ၊ မျက်စိ‌ရောဂါ၊ ‌ရှေးဦးသူနာပြု၊ သားဖွားနှင့် ခွဲစိတ်ကုသမှု စသည့်ဘာသာရပ်များကို ၆ လတာ သင်ကြားပို့ချခဲ့ပြီး‌နောက် ‌အောက်တိုဘာ ၂၈ ရက်‌နေ့ (ယ‌နေ့) တွင် KNLA ဌာနချုပ်၊ ‌သေ့‌ဘေ့ထာ့၌ သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်။

̏လက်ရှိအချိန် ပြည်သူလူထုရဲ့ ကျန်းမာ‌ရေးကလည်း နိမ့်ကျ‌နေ‌သေးလို့ အဆင့်မြင့်လာ‌အောင်၊ နည်းလမ်း မှန်ကန်တဲ့ ကုသမှု‌တွေ ရရှိ‌အောင်၊ ကျန်းမာ‌ရေးအသိပညာ‌တွေ တိုးပွား‌အောင်လို့ ရည်ရွယ်သင်တန်း‌ပေးတာ ဖြစ်တယ်။ အခု ‌ဆေး သင်တန်းသား‌တွေဟာ စစ်သားအပြင် ပြည်သူလူထုနဲ့ပါဆိုင်လို့ အားလုံးရဲ့ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု‌တွေကို တာဝန်ယူသွားမှာပါ˝ ဟု သင်တန်း‌ကျောင်းအုပ် ‌စောကလူ‌ဖောဝါးက ‌ပြောသည်။

သက်ဆိုင်ရာ တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများမှ ‌ပေးပို့လာသည့် သင်တန်းသား ၂ဝ ဦးနှင့် သင်တန်းသူ ၂၃ ဦးတို့အား ယခုနှစ် ဧပြီလမှ ‌အောက်တိုဘာလ အထိ KNLA ဗဟို‌ဆေးဌာနနှင့် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေး လုပ်သားအဖွဲ့ (BPHWT)တို့မှ သင်တန်းဆရာ (၁၂) ဦးတို့က ကူညီပံ့ပိုး သင်ကြား‌ပေးခဲ့ခြင်းဖြစ်သည်ဟု ‌စောကလူ ‌ဖောဝါးက ဆက်‌ပြောသည်။

ယ‌နေ့ ပြုလုပ်သည့် ၎င်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ KNLA တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထု‌ဝေါ်၊ KNLA ဗဟို ‌ဆေးဌာနမှူး ဗိုလ်မှူးကြီး ‌နော်‌စေး‌ဒေးကဲ၊ KNU တွဲဘက်အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်း၊ KNU ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ တပ်မှူးတပ်သားများ နှင့် ‌ကေအဲန်ယူ၏ မျိုးဆက်သစ်‌ကျောင်းမှ ‌ကျောင်းသား၊ ‌ကျောင်းသူများအပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၂၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်မှ သင်တန်းသူ နန့်ချိုချိုဝင်းက “‌ရှေ့က သမီးတို့ရဲ့ ဦး‌တွေ၊ အ‌ဒေါ်‌တွေဟာ လူမျိုးအတွက် နိုင်ငံ‌ရေးမှာ လုပ်‌ဆောင်‌ပေး‌နေသလို သမီးကလည်း ကိုယ်တတ်နိုင်တဲ့ ကျန်းမာ‌ရေးအတတ်ပညာ‌တွေနဲ့ ကရင်‌ဒေသက ပြည်သူလူထု‌တွေအတွက် လုပ်‌ဆောင်‌ပေးသွားမှာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNLA ဗဟို‌ဆေးဌာန၏ အ‌ခြေခံ‌ဆေးသင်တန်းကို လွန်ခဲ့သည့် ၁၉၇၉ ခုနှစ်က ‌ကေအဲန်ယူ ဗဟိုဌာနချုပ်‌ဟောင်း မာနယ် ပ‌လောတွင် အပတ်စဉ်(၁)အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး‌နောက် တစ်နှစ်လျှင်တစ်ကြိမ် နှစ်စဉ် ဖွင့်လှစ်လာခဲ့ရာ ၁၉၉၆ ခုနှစ်မှစ၍ အခြားတိုင်းရင်းသားများပါဝင်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ သင်တန်းသား ၂,၀၀ဝ ခန့် တက်‌ရောက်‌အောင်မြင်ခဲ့ပြီးဟု သိရသည်။