Home သတင်း အီတူးထာ့ ပြည်တွင်း စစ်‌ရှောင် IDPs များအတွက် ရံပုံ‌ငွေရှာ‌ဖွေပွဲ အစီအစဉ် ပြုလုပ်မည်

အီတူးထာ့ ပြည်တွင်း စစ်‌ရှောင် IDPs များအတွက် ရံပုံ‌ငွေရှာ‌ဖွေပွဲ အစီအစဉ် ပြုလုပ်မည်

1936

စက်တင်ဘာ ၂၇ ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌စောသိန်းမြင့်

ယခုလအတွင်း ‌ထောက်ပံ့မှု အကူအညီများအားလုံး ပြတ်‌တောက်သွားပြီးဖြစ်သည့် ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်တွင်းစစ်‌ရှောင်ဒုက္ခသည် (IDP) များအတွက် ရံပုံ‌ငွေရှာ‌ဖွေပွဲ အစီအစဉ် တစ်ခုကို လာမည့် စက်တင်ဘာ ၃ဝ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ ၊ SAMAN SAMAKKHI MAE SOT CHRISTIAN CHURCH ၌ ပြုလုပ်သွားမည်ဟု သိရသည်။

Tears of Ei Tu Hta (အီတူးထာ့ မျက်ရည်) ‌ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် ယင်းရံပုံ‌ငွေ ရှာ‌ဖွေမှု အစီအစဉ်ကို တာ့ခ် ကရင်အသိုင်းအဝိုင်းကွန်ရက် (TAK KAREN COMMUNITY NETWORK) နှင့် နယ်စပ် ကရင်လူငယ်ပူး‌ပေါင်းလှုပ်ရှားမှုအဖွဲ့ (BORDER KAREN YOUTH WORKING GROUP )တို့ ဦး‌ဆောင် ပြုလုပ်ကျင်းပခြင်းဖြစ်သည်ဟု ပွဲဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် ထိုင်းနိုင်ငံ နာမည်‌ကျော် ကရင်ဂီတပညာရှင် ‌စော‌ချေစူဝစ်ချန်း(Chi Suwichan)က ယခုလို‌ပြောသည်။

“ကျ‌နော်တို့ ညီအစ်ကိုအ‌ရေးနဲ့ ပတ်သက်ပြီး ထိုင်းနယ်စပ်က ကရင်ပဲဖြစ်ဖြစ်၊ ‌ကော်သူး‌လေနယ်စပ်က ကရင် ပဲဖြစ်ဖြစ်လက်တွဲဖို့ လိုအပ်တယ်။ အ‌ရေး‌ပေါ်အ‌ခြေအ‌နေပဲဖြစ်ဖြစ် ကျန်းမာ‌ရေး၊ ပညာ‌ရေးကိစ္စပဲဖြစ်ဖြစ် လက်တွဲဖို့က အ‌ခြေခံ အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ အီတူးထာ့ကိစ္စတင် မဟုတ်ပါဘူး။ ‌နောက်ပိုင်းဆိုလည်း ကရင့်အ‌ရေးအရာနဲ့ပတ်သက်သမျှကို ကျ‌နော်တို့ ညီအစ်ကို‌တွေ ဒီထက်ပိုပြီး ပူး‌ပေါင်း လုပ်‌ဆောင်သွားဖို့ ‌မျှော်လင့်ပါတယ်။”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ရံပုံ‌ငွေရှာ‌ဖွေပွဲ အစီအစဉ်ကို နိုင်ငံ‌ရေးလှုပ်ရှားမှုနှင့် ပတ်သက်ခြင်းမရှိသလို ဒုက္ခသည်များအဖြစ် ‌ရေရှည်တည်တံ့သွား‌ရေး အတွက် အား‌ပေးအား‌မြှောက်ခြင်းလည်းမဟုတ်ဘဲ ကရင်လူမျိုးအချင်းချင်း ရိုင်းပင်းကူညီမှုတစ်ခုသာ ဖြစ်ပြီး ၎င်း IDP ဒုက္ခသည်များ၏ အနာဂတ်‌ရှေ့‌ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကရင်တတ်သိပညာရှင်များအ‌နေဖြင့် လာ‌ရောက် ‌ဆွေး‌နွေးအ‌ဖြေရှာကြရန် ‌မျှော်လင့် ‌ကြောင်းလည်း ‌စော‌ချေစူဝစ်ချန်းက ဖြည့်စွက်‌ပြောဆိုသည်။

အဆိုပါ ရံပုံ‌ငွေရှာ‌ဖွေပွဲအစီအစဉ်တွင် ထိုင်းနိုင်ငံ နာမည်‌ကျော် ဂီတပညာရှင် ‌စော‌ချေစူဝစ်ချန်း(Chi Suwi chan)အပါအဝင် နယ်စပ် အ‌ခြေစိုက် Growth Music Band နှင့် ကရင်‌တေးသံရှင်အချို့၏ ‌တေးဂီတ‌ဖျော် ‌ဖြေ‌ရေး၊ အီတူးထာ့ အ‌ကြောင်း ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်း ပြသခြင်း၊ အီတူးထာ့ IDP အနာဂတ် ‌ရှေ့‌ရေး အ‌ကြောင်း ‌ဆွေး‌နွေးမှု၊ ရံပုံ‌ငွေရှာ‌ဖွေ‌ရေး ‌ဈေး‌ရောင်းပွဲ‌တော်နှင့် အလှူ‌ငွေ ‌ကောက်ခံခြင်း အစီအစဉ်တို့ပါဝင်မည်ဟု ပွဲစီစဉ်သူများက ‌ပြောသည်။

အီတူးထာ့ IDP ဒုက္ခသည်စခန်းမှ အထက်တန်း‌ကျောင်းအုပ်ဖြစ်သူ ဆရာ ‌စောတာမလာက“ အခု ကျ‌နော်တို့ ‌တွေ ‌တော်‌တော်‌လေး အကြပ်အတည်းကြုံ‌တွေ့‌နေရတဲ့အချိန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ‌ငွေ‌ကြေး အကူအညီအတွက်ဖြစ်ဖြစ်၊ အခြားလိုအပ်တဲ့ အကူအညီပဲဖြစ်ဖြစ် ရရှိဖို့အတွက် ကြိုးပမ်းလုပ်‌ဆောင်ကြတဲ့အ‌ပေါ်မှာ ကျ‌နော်တို့အတွက် အများကြီး အ‌ထောက်အကူဖြစ်မှာပါ။ ‌ကျေးဇူး အထူးပဲ တင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

ယခုလို ‌ထောက်ပံ့မှု အကူအညီများ ရပ်တန့်သွားသဖြင့် စခန်းအတွင်း ဆက်လက် ‌နေထိုင်ရန် အခက်အခဲ ရှိလာသည့် အီတူးထာ့ IDP ဒုက္ခသည် မိသားစုဝင်အချို့မှာ ၎င်းတို့အစီအစဉ်ဖြင့် ‌နေရပ်သို့ ပြန်သွားခဲ့ သူရှိသလို လက်ရှိ ကြုံ‌တွေ့‌နေရသည့် အကြပ်အတည်းများ‌ကြောင့် စခန်းရှိ အ‌ခြေခံပညာအထက်တန်း ‌ကျောင်းမှာလည်း အလယ်တန်းအထိသာ ဆက်လက်သင်ကြား‌ပေးနိုင်‌တော့သည်ဟု သိရသည်။

လက်ရှိ လူဦး‌ရေ ၂,၃၇ဝ ဦးခိုလှုံ‌နေသည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ အီတူးထာ့ ဒုက္ခသည်စခန်းကို လွန်ခဲ့သည့် ၂ဝဝ၆ ခုနှစ်က ‌ကေအဲန်ယူ၊ တပ်မဟာ (၂)နယ်‌မြေအား နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ (နအဖ) အစိုးရ တပ်မ‌တော်မှ ထိုးစစ်ဆင်မှု‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်လာသူများကို ယာယီခိုလှုံရန် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်း နံ‌ဘေး တစ်‌နေရာတွင် ဖွင့်လှစ်ထားကာ ကရင်လူမှုအဖွဲ့အစည်းနှင့် အစိုးရမဟုတ်‌သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ‌ထောက်ပံ့ကူညီမှုဖြင့် ရပ်တည်‌နေထိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ IDP ဒုက္ခသည်များအတွက် ‌ပေး‌နေသည့် အ‌ထောက်အပံ့များမှာ ယခုလ စက်တင်ဘာလ ကုန်တွင် အားလုံး ပြတ်‌တောက်သွားပြီဖြစ်၍ ဆက်လက်အကူအညီ‌ပေးရန်အတွက် ဖွဲ့စည်းထားသည့် အီတူးထာ့ IDPs ပံ့ပိုး‌ရေး‌ကော်မတီ (ETT Supporting Committee)က နိုင်ငံတကာ အလှူရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းအသီးသီးထံ စက်တင်ဘာ ၄ ရက် ‌နေ့စွဲဖြင့် ‌မေတ္တာရပ်ခံစာတစ်‌စောင် ‌ပေးပို့ထား‌သော်လည်း ယခုအချိန်ထိ အ‌ကြောင်းပြန်မှုတစုံတရာ မရှိသည့်အ‌ပေါ် ဆက်လက် ရပ်တည်ရန်အတွက် စိုးရိမ်ပူပန် လျက်ရှိသည်ဟု ဒုက္ခသည်များက ‌ပြောသည်။

စက်တင်ဘာလ ၆ ရက်မှ ၈ ရက်‌နေ့အထိ ဩစ‌တြေးလျနိုင်ငံ ၊ မဲလ်ဘုန်း (Melbourne)မြို့တွင် ပြုလုပ်သည့် နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKO ၏ ညီလာခံတွင်လည်း အီတူးထာ့ စစ်‌ပြေး‌ရှောင် IDP များအတွက် အကူအညီ ဆက်လက်ရရှိရန် ‌ရေတိုစီမံကိန်းအ‌နေဖြင့် နိုင်ငံတကာ‌ရောက် ကရင်လူထုများ ထံမှအလှူ‌ငွေ‌ကောက်ခံပြီး ‌ထောက်ပံ့‌ပေးသွားရန်နှင့် နိုင်ငံတကာ အစိုးရ၏ နယ်စပ်ဖြတ်‌ကျော်‌ထောက်ပံ့မှုကို ဆက်လက်‌ပေးသွားရန် တိုက်တွန်း‌ပြောဆိုသွားမည်ဟု ဆုံးဖြတ်ခဲ့‌သေးသည်။