လူ့အခွင့်အရေး  •  တိုင်းရင်းသားအခွင့်အရေး  •  ဒီမိုကရေစီရေး

ပဲခူးတိုင်းစာယဉ် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် အစီအစဉ်မရှိသေး

စက်တင်ဘာ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း

ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အစီ အစဉ် မရှိ သေးကြောင်း တိုင်းစာယဉ် ပြန်ကြားရေးတာဝန်ခံ စောသြဂတ်စတင်းခူက ကေအိုင်စီသို့ စက်တင်ဘာ ၈ ရက်နေ့တွင် ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ပြန်လည်မွမ်းမံဖွဲ့စည်းသည့် အခမ်းအနားတွင် ဆွေး နွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စောသြဂတ်စတင်းခူက ယခုလိုပြောသည်။

“ မနေ့က ကျနော်တို့ တိုင်းစာယဉ် ပြန်မွမ်းမံဖွဲ့စည်းတယ်။ အစည်းအဝေးမှာ တချို့တိုင်းစာယဉ်တွေ စီးပွားရေး လုပ်ငန်း လုပ်ဖို့ပြင်ဆင်နေတာလေးတွေရှိတာကိုလည်း ဆွေးနွေးတယ်။ ကျနော်တို့စာယဉ်ဥက္ကဌ ဝန်ကြီး နော်ပွယ်စေးကတော့ စီးပွားရေးလုပ်ငန်းလုပ်ရင် စိတ်ဝမ်းကွဲတာတွေရှိလာနိုင်တယ်။ နောက် သူ့သက်တမ်း ပြည့်သွားလို့ အကယ်၍ နောက်လူ လာရင် ဒီလုပ်ငန်းတွေက ဘယ်လိုရှေ့ဆက်မလဲဆိုတာလည်းရှိတယ်။ ဒီတော့ စီးပွားရေးလုပ်ငန်းမလုပ်သေးဘူးလို့ ဆွေး နွေးတာကို အားလုံးက သဘောတူတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စက်တင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်သည့် ပဲခူးတိုင်းစာယဉ် ပြင်ဆင်မွမ်းမံဖွဲ့စည်းရာတွင် ဥက္ကဌ အဖြစ် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေး၊ ဒုဥက္ကဌအဖြစ် အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာစော ကြည်စိုး၊ အတွင်းရေးမှူး စောလင်းအောင်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် စောသိန်းဝေနှင့်သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ အဖြစ် စောသြဂတ်စတင်းခူတို့ကို တာဝန်ပေးဖွဲ့စည်းခဲ့သည်။

ထို့အပြင် တိုင်းစာယဉ်အနေဖြင့် ပဲခူး၊ တောင်ငူ၊ သာယာဝတီ ခရိုင်အလိုက် စာယဉ်များ၊ မြို့နယ်အလိုက် စာယဉ်များကို ကော်မတီဝင်ဦးရေ တပြေးညီပြန်လည်ဖွဲ့စည်းခဲ့သလို ပြည်ခရိုင်စာယဉ်ကိုလည်း ထပ်မံဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။ တိုင်းစာ ယဉ်အနေဖြင့် တိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးပွဲတော်ကို မင်းလှမြို့နယ်တွင် ကျင်းပသွားရန်၊ တတိယတန်း ကရင် ဖတ်စာအုပ် ထုတ်ဝေရန်တို့ကိုလည်း ဆုံးဖြတ်ခဲ့ကြောင်း စောသြဂတ်စတင်းခူက ဆက်ပြောသည်။

ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီပြန်လည် မွမ်းမံဖွဲ့စည်းသည့် အခမ်းအနားသို့ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၄ မြို့နယ်မှ စာယဉ်ကော်မတီဝင်များ စုစုပေါင်း ၆၀ ဦးခန့်တက်ရောက်ခဲ့ပြီး ပဲခူးတိုင်းစာယဉ်ကို ပြီးခဲ့ သည့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့က ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ယခုထပ်မံ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း တိုင်းစာယဉ်ကော်မတီဝင်များထံမှ သိရသည်။