Home သတင်း ဘီးလင်းမြို့နယ် ကျခပ်‌ချောင်းအုပ်စုရှိ ‌ကျေးရွာအချို့တွင် ရာသီတုပ်‌ကွေး အိမ်တိုင်းနီးပါး ဖြစ်ပွား‌နေ

ဘီးလင်းမြို့နယ် ကျခပ်‌ချောင်းအုပ်စုရှိ ‌ကျေးရွာအချို့တွင် ရာသီတုပ်‌ကွေး အိမ်တိုင်းနီးပါး ဖြစ်ပွား‌နေ

2720

ဩဂုတ် ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကျခပ်‌ချောင်း‌ကျေးရွာအုပ်စုရှိ ကရင်‌ကျေးရွာများတွင် ယခုနှစ် ဩဂုတ်နှင့် ဇူလိုင်လ အ တွင်း၌ ရာသီတုပ်‌ကွေးဖြစ်ပွားမှု များပြားလျှက်ရှိပြီး အိမ်တိုင်းနီးပါး ဖြစ်ပွား‌နေသည်ဟု ‌ဒေသခံများက ‌ကေအိုင်စီသို့ ယ‌နေ့(ဩဂုတ် ၂၃ရက်) ‌ပြောဆိုသည်။

အဆိုပါ ‌ဒေသရှိ ကျခပ်‌ချောင်း(တရယ်ခီး) အပါအဝင် ‌ရေတွင်းဖြူ(ထီးပူဝါး)၊ ရှမ်းက‌လေး(ယိုဖိုးတ‌ဝေါ)၊ ‌ရွှေကြည်(တရယ်ဝါ)နှင့် ‌နောင်ကတုတ်(‌နော့ကတို့) စသည့် ‌ကျေးရွာများတွင် ရာသီတုပ်‌ကွေး‌ရောဂါ ဖြစ်ပွား‌နေခြင်းဖြစ်သည်။

ကျခပ်‌ချောင်း‌ကျေးရွာ ‌ဒေသခံတစ်ဦးဖြစ်သူ ‌နော်‌ဖောလုခုက “ကျမတို့ ရွာမှာက အခု ဩဂုတ်လမှာ တုပ်‌ကွေးစဖြစ်တာ အိမ်တိုင်းနီးပါးလို ဖြစ်‌နေကြတယ်။ အခု ဒီတစ်ရက်၊ နှစ်ရက်မှာ ဖြစ်ပွားမှု နည်းလာပြီဖြစ်‌ပေမယ့် ရှိ‌နေ‌သေးတာ‌ပေါ့။ ဒီလို တုပ်‌ကွေးဖြစ်တာ မိုးရာသီမှာ ဖြစ်‌လေ့ရှိတဲ့ ရာသီတုပ်‌ကွေးပဲ ထင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ တုပ်‌ကွေး‌ရောဂါဖြစ်ပွားရာ၌ လူကြီး၊ က‌လေး အရွယ်စုံ ဖြစ်ပွား‌နေ‌ကြောင်း၊ ‌ရောဂါခံစားရသူများသည် ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ လည်‌ချောင်းနာခြင်းနှင့် ‌ချောင်ဆိုးခြင်းများ ဖြစ်ပွား‌နေ‌ကြောင်းနှင့် ယခုထိ ‌သေဆုံးမှု မရှိ‌သေး‌ကြောင်း ‌ဒေသခံများက ဆိုသည်။

ယင်းတုပ်‌ကွေး‌ရောဂါ ခံစားရသူများသည် ‌ကျေးရွာရှိ ‌ဈေးဆိုင်များတွင် ‌ရောင်းချ‌နေသည့် ဆိုင်ရာ‌ဆေးများကို ဝယ်ယူမှီဝဲခြင်း၊ အချို့မှာ ‌ကျေးရွာရှိ ‌ဆေးဆရာ/မများထံ ‌ဆေးကုသမှု ခံယူခြင်းနှင့် အစိုးရလက်‌အောက်ခံ ကျန်းမာ‌ရေး ဝန်ထမ်းများနှင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်‌အောက်ခံ ကျန်းမာ‌ရေး လုပ်သားများလည်း သွား ‌ရောက်ကူညီ‌ပေးခြင်းများရှိသည်ဟု သိရသည်။

‌ကေအဲန်ယူ လက်‌အောက်ခံ ‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHW မှ ဆရာ ‌စောအဲ့‌ဂေက “ကျ‌နော်တို့ အဖွဲ့က လူ‌တွေကလည်း အဲ‌နေရာကို ‌ရောက်တာ ရှိတာ‌ပေါ့‌နော်။ အခု ရာသီတုပ်‌ကွေးက အဓိက ခြင်ကိုက်တာက‌နေ ဖြစ်ပွား‌နေတာပါ။ ဒီနှစ်ရာသီက‌တော့ အဖြစ်များတယ်။ ‌သေဆုံးတဲ့အထိ‌တော့ မကြားမိ‌သေးဘူး”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မိုးရာသီအတွင်း ကျခပ်‌ချောင်း‌ကျေးရွာအုပ်စုတွင် အလားတူ ရာသီတုပ်‌ကွေး ‌ရောဂါ ဖြစ်ပွားမှုရှိခဲ့‌သော်လည်း ယခုလို များပြားခြင်းမရှိခဲ့‌ကြောင်း ‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရသည်။