Home သတင်း ဖာပွန်မြို့နယ် ‌ဘောကျို့လယ်နှင့် အနီးတဝိုက်ရွာများ ဖျားနာသူများပြား၍ ‌သေဆုံးသူရှိ

ဖာပွန်မြို့နယ် ‌ဘောကျို့လယ်နှင့် အနီးတဝိုက်ရွာများ ဖျားနာသူများပြား၍ ‌သေဆုံးသူရှိ

2591

ဩဂုတ် ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ‌ဘောကျို့လယ်နှင့် အနီးတဝိုက် ရွာများတွင် ဇူလိုင်လကုန်ပိုင်းမှ ယခု ဩဂုတ်လလယ်ပိုင်းအထိ တုပ်‌ကွေး‌ရောဂါနှင့် ငှက်ဖျား‌ရောဂါ‌ကြောင့် ဖျားနာသူများပြားကာ ‌သေဆုံးသူများရှိ‌ကြောင်း ‌ဒေသခံ‌ဆေးဝန်ထမ်းများ၏ ‌ပြောဆိုချက်အရ သိရှိရသည်။

ထိုသို့ ဖျားနာမှုဖြစ်ပွားသဖြင့် အိမ်‌ခြေ ၄၀ဝ ‌ကျော်ရှိ‌သော ‌ဘောကျို့လယ်‌ကျေးရွာ တစ်ရွာတည်းကိုပင် အိမ်တိုင်းနီးပါး တုပ်‌ကွေးနှင့် ငှက်ဖျား‌ကြောင့် ‌သေဆုံးသူ (၂)ဦးရှိပြီး ‌သွေးစစ်ချက်အရ ငှက်ဖျားပိုး‌တွေ့ရှိသူ (၅)ဦးရှိသည်ဟု ‌ကော်သူး‌လေကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHW လက်‌အောက်ခံ ‌စေတနာ့ဝန်ထမ်း ‌ကျေးလက်‌ဆေးဆရာမဖြစ်သူ ‌နော်ငဲက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “မိုးရာသီမှာ ဖျားနာသူ‌တော့ ဖြစ်စမြဲ‌ပေါ့။ ဒီနှစ်က ပိုများတယ်။ ‌နေ့တိုင်း ကုသမှု‌တွေ၊ ‌သွေးစစ်‌ပေးတာ‌တွေ လုပ်ရတယ်။ ‌ဘောကျို့လယ်ရွာရဲ့ အ‌ရှေ့နဲ့ အ‌နောက်ထဲမှ ကျမ‌နေတဲ့ ရွာအ‌ရှေ့ဘက်ခြမ်းမှာဆိုရင် ‌သွေးလာစစ်သူချည်းပဲ ငါးဆယ်‌လောက်ရှိတယ်။ ငါးဦးက ငှက်ဖျားပိုးရှိတယ်။ ကျမတို့မိသားစုမှာလည်း အားလုံးနီးပါး ဖျားကြလို့ ကျမရဲ့ (နှစ်နှစ်‌ကျော်အရွယ်) အငယ်ဆုံးက‌လေးတစ်ဦးဆိုရင် ဖျားတာ အခုထိပါပဲ”ဟု ‌ပြောဆိုသည်။

ထို့အပြင် ‌ဘောကျို့လယ်အနီးအနားရှိ ရွာများဖြစ်သည့် ကတိုင်တိ၊ ထီးသဲ‌လေး၊ ပိုမာဟဲ(မမရွာ)၊ နို့‌ဖောထီး စသည့် ‌ကျေးရွာများလည်း အလားတူ ဖျားနာမှုများရှိ‌ကြောင်း၊ ‌ရောဂါ‌ဝေဒနာခံစားရသူများမှာ က‌လေး၊ လူကြီး အရွယ်စုံ‌သော်လည်း အများအားဖြင့် ဆယ်နှစ်‌အောက် က‌လေးအရွယ်များဖြစ်‌ကြောင်းနှင့် မိဘများအ‌နေဖြင့် မိမိက‌လေးများ ဖျားနာပါက နီးစပ်ရာ ကျန်းမာ‌ရေး‌ဆေးဆရာမထံသို့ အမြန်ဆုံး ပြ‌စေလို‌ကြောင်း သူမက ဆက်‌ပြောသည်။

ဖျားနာမှု ခံစားရသူများမှာ နှာရည်ယိုခြင်း၊ ‌ခေါင်းကိုက်ခြင်း၊ ‌ခြေလက် ကိုက်ခဲခြင်း၊ အာ‌ခေါင်သီး နာကျင်ခြင်း၊ လည်‌ချောင်းနာခြင်းနှင့် အချို့မှာ နှာ‌ခေါင်း‌သွေးယိုခြင်းများ စသည့် လက္ခဏာများ ဖြစ်‌ပေါ်‌နေသည်ဟု ကိုယ်တိုင်‌ဝေဒနာခံစားရသူ ‌ဘောကျို့လယ်ရွာ ‌ဒေသခံများက ဆိုသည်။

ကိုယ်တိုင် ဖျားနာ‌နေသည့် ‌စောဖာ‌ဝေါ်ခယ်က “‌ခေါင်းက အရမ်းကိုက်ပြီး နှာရည်လည်း ယို၊ လည်‌ချောင်းကလည်း နာကျင်တာ ခံစားရတယ်။ ဒီနှစ် မိုးရာသီမှာ ကျ‌နော်တို့ ‌ဒေသခံ‌တွေ ဖျားနာသူ တအားများတာကို သတိထားမိတယ်”ဟု ‌ပြောဆိုသည်။

‌ဘောကျို့လယ်နှင့် အနီးတဝိုက် ‌ကျေးရွာများတွင် ပြီးခဲ့သည့် ဇူလိုင်နှင့် ယခု ဩဂုတ်လအတွင်းတွင် ကြက်နာ‌ရောဂါကျ‌ရောက်ပြီး ကြက်‌သေဆုံးမှုများ ရှိသဖြင့် ကြက်ငှက်တုပ်‌ကွေးနှင့် ဆက်နွယ်‌နေမှု ရှိမည်ကို စိုးရိမ်သည်ဟု ၎င်း‌ဒေသရှိ ‌ဆေးကုသ‌ပေး‌နေသည့် ‌ဆေးဆရာမများက ဆိုသည်။

လက်ရှိ အ‌ခြေအ‌နေအရ ‌ဘောကျို့လယ်နှင့် အနီးတဝိုက် ‌ကျေးရွာများ ဖြစ်ပွား‌နေသည့် ဖျားနာသူများ၏ ‌သွေးများကို စစ်‌ဆေးရန် ဖာပွန်ခရိုင်အတွင်း KDHW ‌ဆေးဌာနရှိရာ ‌ဒေးဖိုးနိုသို့ တစ်ပတ်လျှင် တစ်ကြိမ် ပို့‌ဆောင်မှုများရှိသလို အစိုးရ လက်‌အောက်ခံ ကျန်းမာ‌ရေးဝန်ထမ်းများလည်း ကမ‌မောင်းမြို့သို့လည်း ‌ပေးပို့မှုများရှိ‌ကြောင်း သိရသည်။