Home သတင်း ပြည်နယ်တွင် ရာသီတုပ်ကွေး H1N1 နှင့်ပတ်သက်ပြီး အကြောက်မလွန်ရန် ကျန်းမာရေးဦးစီးဌာနပြော

ပြည်နယ်တွင် ရာသီတုပ်ကွေး H1N1 နှင့်ပတ်သက်ပြီး အကြောက်မလွန်ရန် ကျန်းမာရေးဦးစီးဌာနပြော

676

သြဂုတ် ၂ ရက်၊ ၂၀၁၇ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း လူအများစိုးရိမ်မှုဖြစ်ပေါ်နေသည့် ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါနှင့်ပတ်သက်၍ စိုးရိမ် ကြောက်လန့်မလွန်ရန် သြဂုတ်လ ၁ ရက်နေ့ ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်သည့် ကမ္ဘ့ာငှက်ဖျား တိုက်ဖျက်ရေး နေ့နှင့် အာဆီယံ သွေးလွန်တုပ်ကွေးနေ့ အခမ်းအနားတွင် ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ပြည်နယ်မှူး ဒေါက်တာကျော်စွာမြင့်က ပြောသည်။

၎င်းက “H1N1နဲ့ပတ်သက်ပြီး စိုးရိမ်ကြပါ ။ ဒါပေမယ့် အကြောက်လွန်ဖို့တော့ မလိုပါဘူး။ အဲလိုအနေအထား လည်း မဖြစ်သေးပါဘူး။ နောက်တစ်ခု ဒီကနေပြောချင်တာက လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ သတင်းစကားများကို ကျန်းမာရေး ဌာနကနေပြီးတော့ အချိန်မီအသိပေးဖို့ ကြိုးစားနေပါတယ်။ ပြောရရင်တော့ သေချာ ထုတ်ပြန်တဲ့ သတင်းကိုဘဲ သေချာ နားထောင်၊ ပြီးတော့ အဲဒီအတိုင်းလိုက်လုပ်လို့ရှိရင် တုပ်ကွေးကပ် မဖြစ် သေးဘူး” ဟု အခမ်းအနားတွင် ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များ လာသည့်အတွက် H1N1 ရောဂါ အပြင် သွေးလွန်တုပ်ကွေး ရောဂါကိုလည်း သတိထားရန် လိုအပ်ကြောင်း ဒေါက်တာ ကျော်စွာမြင့်က ဆက်ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် H1N1သံသယရှိလူနာ စတင် တွေ့ရှိခဲ့ပြီး နောက် ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် ထပ်မံတွေ့ရှိရသည့်အတွက် ပြည်သူများ အကြားတွင် အဆိုပါ ရောဂါနှင့်ပတ်သက်ပြီး စိုးရိမ်မှုများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အလားတူ လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် ထွက်ပေါ်လာသည့် ဖားအံပြည်သူ့ ဆေးရုံကြီးတွင် ဇူလိုင် ၂၉ ရက်နေ့တွင် H1N1 ဗိုင်းရပ်စ်ကြောင့် အသက် ၁၉ နှစ်အရွယ် လူတစ်ဦးသေဆုံးသွားသည့်ဟုဆိုခြင်းမှာ ကောလ ဟာလ သတင်း သာဖြစ်ပြီး မဟုတ်မမှန်ကြောင်း ပြည်နယ် ကျန်းမာရေး ဦးစီးဌာနက အတည်ပြု ပြောသည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရောဂါအခြေအနေများနှင့်ပတ်သက်၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင် ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နေကြောင်းလည်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာမြင့်နိုင် “ ကြက်ငှက်တုပ်ကွေး မရှိမရှိ ကျနော်က မွေးမြူရေးစုံတွေမှာ ကွင်းဆင်း လိုက်စစ်ဆေးတယ်၊ သူတို့ရဲ့ ဇီဝလုံခြုံမှု ဆောင်ရွက်ထားမှု တွေကို စစ်ဆေးတယ်။ ပညာပေး ဟောပြောမှုတွေ လုပ်တယ်။ အခုချိန်ထိ H5N1 ကြက်ငှက်တုပ်ကွေး သံသယ ရှိတဲ့ဟာတွေကိုတော့ မတွေ့သေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ အဆိုပါ ရာသီတုပ်ကွေးရောဂါ A H1N1 pdm 2009 Postive လူနာ ၇၆ဦးရှိပြီး သံသယရှိသူ လူနာ များအနက် သေဆုံးသူ ၁၂ ဦးရှိနေပြီဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။