Home သတင်း နယ်စပ်ပညာရေး လှုပ်ရှားသူ ဦးနိုင်နိုင်ထွန်း ကွယ်လွန်ခြင်း ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ဟု လုပ်ဖော်ကိုင် ဖက်များပြောဆို

နယ်စပ်ပညာရေး လှုပ်ရှားသူ ဦးနိုင်နိုင်ထွန်း ကွယ်လွန်ခြင်း ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ဟု လုပ်ဖော်ကိုင် ဖက်များပြောဆို

1073

သြဂုတ် ၄ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

နယ်စပ်ပညာရေးလုပ်ငန်းများနှင့် ပြည်တွင်းပညာရေး ပြုပြင်ပြောင်းလဲမှုများကို လှုပ်ရှားဆောင်ရွက်နေသူ ဆရာ ဦးနိုင်နိုင်ထွန်း ကွယ်လွန်သွားခြင်းမှာ နယ်စပ်ဒေသ မြန်မာ့ရွှေ့ပြောင်း ပညာရေးအတွက် ကြီးမားသော ဆုံးရှုံးမှု တစ်ရပ် ဖြစ်စေသည်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ပြောသည်။

ဦးနိုင်နိုင်ထွန်းသည် မြန်မာရွှေ့ပြောင်းကျောင်းဆရာများအစည်းအရုံး (BMTA)၊ အမျိုးသားပညာရေးပြုပြင်ပြောင်း လဲရေးကွန်ယက်(NNER)၊ ကလေးများ ဖွံ့ဖြိုးရေးစင်တာ(CDC)နှင့် ရွှေ့ပြောင်းဒေသပညာရေးပူးပေါင်းဆောင် ရွက်မှု (MEII)တို့ အဖွဲ့အစည်းများတွင် အတွင်းရေးမှူး၊ စီမံကိန်းဒါရိုက်တာစသည့် တာဝန်များကို ထမ်းဆောင်နေစဉ် သြဂုတ်လ ၂ ရက်၊ နံနက် ၆ နာရီခန့်တွင်၊ ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံးကြီး၌ ရုတ်တရက်နှလုံးရပ်၍ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ အနီးကပ် လုပ်ဖော်၊ ကိုင်ဖက်တစ်ဦးဖြစ်သူ CDC ကျောင်းအုပ် ဆရာမန်းရွှေနင်းက “သူ(ဦးနိုင်နိုင်ထွန်း) က ရွှေ့ ပြောင်း ပညာရေး အခြေအနေတွေ၊ BMTAရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လုပ်ဆောင်တဲ့နေရာမှာ စီမံကိန်းဒါရိုက်တာ လည်း ကိုင်တယ်။ အတွင်းရေးမှူးလည်း ကိုင်တယ်။ အဲဒီအပေါ်မှာတော့ ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။ ကျနော့်ပုဂ္ဂိုလ်ရေးအရဆို အရမ်းခံစားရတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ယခင်က လူ့ဘောင်သစ်ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့တွင် တာဝန်ထမ်းဆောင်ဖူးသူ ဦးနိုင်နိုင်ထွန်းသည် မြန်မာနိုင်ငံတွင် ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူတစ်ဦးဖြစ်ပြီး နယ်စပ် ပညာရေးတာဝန်များထမ်းဆောင်နေစဉ်အတွင်းမှာပဲ Open Universities Australia (OUA) သြ စတြေးလျ အွန်လိုင်း ပညာတော်သင်ဆုဖြင့် Diploma of Communication လူထု ဆက်သွယ်မှု ဒီပလိုမာကို၂ ၀၁၃ခုနှစ်တွင် ရရှိအောင်မြင်ခဲ့ သည်။

BMTA အကြံပေး ဦးသိန်းနိုင်က “ကိုနိုင်နိုင်ထွန်းက ကျနော်နဲ့အတူ ပညာရေးလှုပ်ရှားမှုတွေ အတူတူလုပ်ခဲ့တယ်။ ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုမှာလည်းပါဝင်ခဲ့သူဖြစ်တယ်။ မြန်မာ နိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုတွေ၊ တိုင်းရင်းသားပညာရေး၊ ရွှေ့ပြောင်းပညာရေးနဲ့ ဒီမိုကရေစီ ပညာရေး အခွင့်အရေးအတွက် ကြိုးစားပမ်းစားလုပ်ဆောင်နေသူတစ်ယောက်အနေနဲ့ ကျနော်အများကြီးနှမြောမိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဦးနိုင်နိုင်ထွန်း ကွယ်လွန်ချိန်တွင် အသက် ၄၇ နှစ်ရှိပြီး ဇနီးနှင့် သမီးငယ်နှစ်ဦးကျန်ရစ်ခဲ့ကာ ၎င်း၏ ရုပ်အလောင်းကို လာမည့် သြဂုတ်လ ၆ရက်၊ တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၏ ဘတ်နရာ သုသာန်၌ မီးသင်္ဂြိုလ်သွားမည်ဟု သိရသည်။