ဇူလိုင် ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသည့် တိုင်းရင်းသားဒေသများရှိ ကလေးလူငယ်များကို အသိပညာများ ပြန်လည်သင်ကြားပေး နိုင်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပကျေးရွာရှိ လုပ်ငန်းခွင်အကြို ဆရာများ လေ့ကျင့်ရေးဌာန (Teacher Preparation Center-TPC)တွင် ၅ ကြိမ်မြောက် ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းကျောင်းကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ မယ်ရာမို၊ မယ်လအူး ဒုက္ခသည်စခန်းနှင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်စသည့် ဒေသမှ ကချင်၊ ကရင်၊ ကရင်နီ တိုင်းရင်းသားလူမျိုးစု သင်တန်းသူ/သား ၂၆ ဦးတက်ရောက်ပြီး ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များ၊ အဂင်္လိပ်၊ သချင်္ာ၊ မြန်မာစာ၊ သိပ္ပံ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ဘာသာရပ်များအား မည်သို့မည်ပုံသင်ကြားရမည်ကို အဓိကပို့ချသွားမည်ဟု ကျောင်းအုပ်ဖြစ်သူ စောလယ်ဂေက ပြောသည်။
သူက “ပြည်တွင်းမှာက အခုထိကို အများအားဖြင့် ဆရာဗဟိုပြု သင်ကြားနည်းပုံစံနဲ့ သင်နေကြတုန်းပဲ။ ဒီမှာ (TPC)က ကလေးဗဟိုပြု သင်ကြားနည်းနဲ့ပဲ သင်တတ်အောင်လို့ အဓိကထား ပို့ချတယ်။ သင်ကြားနည်းက အဲလိုတွေ ကွာပါ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
သင်တန်းကာလ ၉ လကြာမြင့်မည့် ယင်းသင်တန်းကျောင်းကို ကရင်ပညာရေးဌာန-KED၊ Karen Refugee Committee Education Enity -KRCEE ၊ ကရင်ကျောင်းဆရာ/မများ လုပ်ငန်းအဖွဲ့-KTWG တို့မှ သင်တန်းဆရာ ကိုးဦးတို့က တာဝန်ယူ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးပါက သင်တန်းသား/သူများမှာ သက်ဆိုင်ရာနေရာဒေသများသို့ ကျောင်း ဆရာ/မများ အဖြစ် ကျောင်းသားလူငယ်များအား ပြန်လည်ပြီး သင်ကြားရမည်ဟု စောလယ်ဂေက ပြောသည်။
ထိုနေ့ ပြုလုပ်ခဲ့သည့် သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားသို့ KED၊ KRCEE၊ ကရင်ကျောင်းသားများ ကွန်ယက်အဖွဲ့-KSNG၊ KTWG များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသူ၊ သင်တန်းသားများ အပါအဝင် လူပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ သည်။
ယခုနှစ် TPC သင်တန်းကျောင်းကို တက်ရောက်လာသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ နော်ဒေးမုစီက “ပညာရေးကို အလုံအလောက်မရရှိတဲ့ နယ်စပ်နဲ့ ကျေးလက်ဒေသက ကလေးငယ်တွေကို ပြန်ကူညီမယ်။ တာဝန်ကျတဲ့ နေရာမှာ အ ကောင်းဆုံး တာဝန်ကျေပွန်အောင် ပြန်ပြီး သင်ပြသွားမယ် ”ဟု ပြောသည်။
၎င်း TPC သင်တန်းကျောင်းကို Word Education၊ KTWG နှင့် ထိုင်းပညာရေးဌာနတို့မှ ကမကထပြုပြီး အမေရိကန်၊ ကနေဒါ၊ ဒိန်းမတ် နိုင်ငံ (၃)နိုင်ငံတို့၏ အကူအညီဖြင့် ၂၀၁၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။