Home သတင်း ကရင်ဒုက္ခသည် ၂၃ဦး ‌တောင်ကိုရီးယားနိုင်ငံတွင် အ‌ခြေချရန် ‌ရောက်ရှိ

ကရင်ဒုက္ခသည် ၂၃ဦး ‌တောင်ကိုရီးယားနိုင်ငံတွင် အ‌ခြေချရန် ‌ရောက်ရှိ

2095

ဇူလိုင် ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR၏ ကြားဝင်ကူညီ‌ဆောင်ရွက်‌ပေးမှုဖြင့် ‌တောင်ကိုရီးယား နိုင်ငံတွင် အ‌ခြေချရန် ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည် အိမ်‌ထောင်စု ၄ စုမှ မိသားစုဝင် ၂၃ ဦးသည် ယ‌နေ့( ဇူလိုင်၂၅ရက်) နံနက်က ‌တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ‌ရောက်ရှိသွားပြီးဟု သိရသည်။

‌တောင်ကိုရီးယားအစိုးရ၏ သုံးနှစ်စမ်းသပ် ‌ရွှေ့‌ပြောင်းအ‌ခြေချ‌နေထိုင်‌ရေး စီမံကိန်း အရ မြန်မာဒုက္ခသည် ၈၆ ဦးကို ‌ခေါ်ယူသွားရန် စမ်းသပ်လုပ်‌ဆောင်ရာတွင် ‌နောက်ဆုံး ကျန်ရှိသည့် ဒုက္ခသည် ၃ဝ ဦးကို ‌ခေါ်ယူသွားရန်စီစဉ်ထားခြင်းအရ ယခုနှစ်အတွက် ပထမအသုတ်အ‌နေဖြင့် ‌ရောက်ရှိသွားခြင်းဖြစ်သည်ဟု လိုက်ပါကူညီ‌ဆောင်ရွက်‌ပေးသူတစ်ဦးဖြစ်သည့် ကိုရီးယား‌ရောက် ကရင်အဖွဲ့အစည်း-KKOမှ ‌နော်အယ်ဆာ‌ဖောက ‌ပြောသည်။

၎င်းက “ကျမတို့ ၉ နာရီခွဲ‌လောက်မှာ ကိုရီးယားလူဝင်မှုကြီးကြပ်‌ရေးက အကြီးအကဲ‌တွေ၊ UNHCR က တာဝန်ရှိသူ‌တွေနဲ့ ကြက်‌ခြေနီက ကိုယ်စားလှယ်‌တွေ၊ ကရင်စကားပြန်အ‌နေနဲ့ ကျမလည်းပါဝင်ပြီး‌တော့ သူတို့ကို ‌လေဆိပ်မှာ သွားကြို တယ်။ ကြိုဆိုပွဲကိုလုပ်ပြီး‌တော့ သူတို့ကို နိုင်ငံခြားသားများ ‌ထောက်ပံ့‌ရေးစင်တာမှာ သွားပြီး‌နေရာချ ထား‌ပေးတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကိုရီးယား အစိုးရ၏ သုံးနှစ်အစမ်းစီမံချက် စတင်သည့် ၂၀၁၅ ခုနှစ်တွင် မြန်မာဒုက္ခသည် ၂၂ဦး၊ ယမန်နှစ် ၂၀၁၆ ခုနှစ်တွင် ဒုက္ခသည် ၃၄ ဦးကို လက်ခံခဲ့ပြီဖြစ်ပြီး ယခု‌ရောက်ရှိသွားသည့် ဒုက္ခသည် ၂၃ ဦးမှာ စီမံချက်၏ တတိယ အသုတ်အ‌နေဖြင့် ‌ရောက်ရှိလာခဲ့ ခြင်းဖြစ်ကာ ‌နောက်ထပ်ကျန်ရှိသည့်

ဒုက္ခသည်မိသားစုဝင် ၇ ဦးမှာ လာမည့် ဩဂုတ်လဆန်းပိုင်းတွင် ‌ရောက်ရှိမည်ဟု ‌နော်အယ်ဆာ‌ဖောက ‌ပြောသည်။
‌တောင်ကိုရီးယားနိုင်ငံသို့ ‌ရောက်ရှိသည့် မြန်မာဒုက္ခသည်များကို အလုပ်လုပ်ကိုင်ခွင့်နှင့်‌နေထိုင်ခွင့် ရှိသည့် F-2 ဗီဇာ ထုတ်‌ပေးပြီး ၎င်းတို့ကို အစိုးရက ဖွင့်လှစ်‌ပေးထားသည့် နိုင်ငံခြားသားများ ‌ထောက်ပံ့‌ပေး‌ရေးဌာနတွင် ယာယီ‌နေထိုင်‌စေပြီး ကိုရီးယားဘာသာစကားနှင့် လုပ်ငန်းခွင်အ‌ထောက်အကူပြုသင်တန်း ၆ လ တက်ကြရကာ စီမံချက်ကာလ ၃ နှစ်ပြည့်လျှင် နိုင်ငံသားဖြစ်ခွင့် အရည်အချင်းစစ် စာ‌မေးပွဲကို ‌ဖြေဆိုကြရမည်ဖြစ်သည်။

ကရင်လူငယ်အစည်းအရုံး-KYO(ကိုရီးယား)၏ အတွင်း‌ရေးမှူး ‌စောထွန်းထွန်းက “ ၆ လတာ ကာလအတွင်းမှာ သူတို့ကို ကိုရီးယား ဘာသာစကား‌တွေတတ်‌အောင်၊ ကိုရီးယားယဉ်‌ကျေးမှုတို့ စသဖြင့်‌ပေါ့ သင်‌ပေးတယ်။ အဲ့ဒီ ၆ လပြီးရင် အပြင် ထုတ်မယ်။ အပြင်ထုတ်ပြီးရင် အလုပ်‌ပေးမယ်၊ ‌နေစရာ‌ပေးမယ်။ က‌လေး‌တွေကျ‌တော့ ‌ကျောင်းထား‌ပေးတယ်” ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ဒုက္ခသည်များ ‌ရွှေ့‌ပြောင်းအ‌ခြေချ‌နေထိုင်နိုင်‌ရေးအတွက် ‌တောင်ကိုရီးယား အစိုးရမှ ၂၀၁၃ ခုနှစ်က ဥပ‌ဒေ ပြဌာန်းခဲ့ပြီး ‌နောက် ၂၀၁၅ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်များကို စတင်လက်ခံလာခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ အကြံပြု ‌ထောက်ခံထားသည့် မြန်မာဒုက္ခသည်များ၏ အမည်စာရင်းကို ‌တောင်ကိုရီးယား အစိုးရမှ စိစစ်ပြီး မည်သူမည်ဝါနှင့် ကျန်းမာ‌ရေးအ‌ခြေအ‌နေ‌ကောင်းမွန်ခြင်းရှိမရှိအ‌ပေါ် ၅ လတာ စစ်‌ဆေးပြီးမှ ‌တောင်ကိုရီးယားနိုင်ငံသို့ ‌ခေါ်ယူခြင်းဖြစ်သည်။

‌တောင်ကိုရီးယားနိုင်ငံသို့ ‌ရောက်ရှိသွားသည့် ထိုင်း-မြန်မာနယ်စပ်မှ မြန်မာဒုက္ခသည်အများစုမှာ မယ်လနှင့် အုန်း ဖျန် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များဖြစ်ကြသည်။ ၂၀၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ ‌ရောက်ရှိသွားသည့် ဒုက္ခသည် စုစု‌ပေါင်း ၇၉ ဦးရှိပြီးဖြစ်ကာ အများစုမှာ ကရင်လူမျိုးများဖြစ်ကြသည်ဟု သိရသည်။

အာရှတိုက်အတွင်း ‌တောင်ကိုရီးယားနိုင်ငံကဲ့သို့ ဒုက္ခသည်များအား ‌ရွှေ့‌ပြောင်း အ‌ခြေချ‌နေထိုင်ခွင့်ပြုခြင်းကို ဂျပန်နိုင်ငံကလည်း ၂၀၁ဝ ခုနှစ်မှ စတင်ကာ အလားတူ လက်ခံခဲ့သဖြင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ မြန်မာ ဒုက္ခသည်အချို့ သည် ဂျပန်နိုင်ငံသို့ ‌ရွှေ့‌ပြောင်း အ‌ခြေချ‌နေထိုင်မှုများရှိသည်ဟု သိရသည်။