Home သတင်း ကရင်ပြည်နယ် ၅ မြို့နယ်အတွင်း အိမ်ထောင်စု တစ်သောင်းကျော်အား ဆိုလာပြားစနစ်ဖြင့် တပ်ဆင်ပေး

ကရင်ပြည်နယ် ၅ မြို့နယ်အတွင်း အိမ်ထောင်စု တစ်သောင်းကျော်အား ဆိုလာပြားစနစ်ဖြင့် တပ်ဆင်ပေး

534

ဇူလိုင် ၈ ရက်၊ ၂ဝ၁၇ ခုနှစ်။ စောမြတ်ဦးသာ

ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး တစ်မျိုးသားလုံး လျှပ်စစ်မီးလင်းရေး စီမံချက် (NEP)မှ ကရင်ပြည်နယ် ၅ မြို့နယ်အတွင်း လျှပ်စစ်မီးမရှိသည့် အိမ်ထောင်စု ၁၁,၄၄၂ စုကို ဆိုလာပြားစနစ်ဖြင့် တပ်ဆင် ပေးနေပြီဟု ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေဦးက ကေအိုင်စီ သို့ ပြောသည်။

ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် သံတောင် စသည့် မြို့နယ် ၅ မြို့ရှိ မဟာဓာတ်အားလိုင်းနှင့် ၁ဝ မိုင် အထက်ဝေးသည့် ကျေးလက် ကျေးရွာများကို အဓိကထား တပ်ဆင်ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု ညွှန်ကြားရေးမှူး ဦးနေဦးက ယခုလို ပြောသည်။

ဦးနေဦးက “ မြို့နယ် ၅ မြို့နယ်က အိမ်ထောင်စု ၁၁,၄၄၂ စုကို အခု ဆိုလာပြားစနစ်နဲ့ တပ်ဆင်နေပါပြီး။ အဓိက ဓာတ် အားလိုင်းနဲ့ ၁ဝ မိုင်အထက်ရှိတဲ့ ရွာတွေမှာ NEP စီမံချက်ကနေပြီးတော့ လူမှုစီးပွားရေးရာမှာ ပညာရေး၊ ကျန်းမာရေး၊ ကိစ္စတွေမှာ အထောက်အကူပြုနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်တယ်” ဟု ဇူလိုင် ၆ ရက်နေ့ က ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ဆိုလာပြားများ တပ်ဆင်ပေးရာတွင် လူနေအိမ်များအပြင် ကျေးလက်ဒေသတွင်း ဘာသာရေးကျောင်းနှင့် ပညာရေး၊ ကျန်းမာရေးနေရာများတွင်လည်း အခမဲ့တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး သြဂုတ်လတွင်း အပြီး တပ်ဆင်ပေး သွားမည်ဟု ညွှန်ကြားရေမှူး ဦးနေဦးက ဆက်ပြောသည်။

NEP စီမံချက်ကို မွန်၊ ကရင်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအား ဆိုလာပြားစနစ်ဖြင့် တင်ဒါအောင်မြင်ထားသည့် ICTS ကုမ္ပဏီမှ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အာမခံစနစ်ဖြင့် ဆိုလာပြားချပ်အမျိုးစား (၃)မျိုး ခွဲခြားထားပြီး ပစ္စည်းတန်ဘိုးပေါ်မူတည်ကာ တန်ဖိုး ကျပ် ၃ သိန်းပစ္စည်းကို ကျပ် ၁ သောင်း ၉ ထောင်၊ ကျပ် ၃ သိန်း ၈ သောင်း ပစ္စည်းကို ကျပ် ၃ သောင်းနှင့် ကျပ် ၄ သိန်း ၁ သောင်း ပစ္စည်းကို ကျပ် ၄ သောင်း ၅ ထောင်ကျပ် စသည်ဖြင့် အရစ်ကျ ငွေပေးချေစနစ်ဖြင့် ဆောင်ရွက်ပေးသည်ဟု တာဝန်ရှိသူထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှ နောင်ဒေ့ရွာသား ကိုချမ်းမွန်က “ အရင်က ဖယောင်းတိုင်မီးနဲ့ ထွန်းနေရတယ်။ ဆိုလာပြားတပ် လိုက်တော့ လျှပ်စစ်မီးနဲ့ဆိုတော့ ကလေးတွေ ညအချိန်စာကျက်ရတာ အဆင်ပြေတယ်။ ဆက်သွယ်ရေးခေတ်ဆိုတော့ ဖုန်းအားကုန်ရင် ဆိုင်မှာမသွားသွင်းထိတော့ဘူးပေါ့နော်။ ရာဘာခြစ်ဖို့ ဓာတ်မီးလည်း အခု အားသွင်းရတယ်ဆိုတော့ အဆင်ပြေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ် လျှပ်စစ်မီးရရှိရေးအတွက် ဖားအံမြို့နယ် ဝတ်ကြီးကျေးရွာတွင် ကျောက်မီးသွေးစနစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားရန် ကြိုးပမ်းလုပ်ဆောင်နေမှုများရှိပြီး လက်ရှိပြည်နယ်အစိုးရက တစ်မျိုးသားလုံး လျှပ်စစ်မီးလင်းရေး စီမံချက် (NEP) အနေဖြင့် မဟာဓာတ်အားလိုင်းနှင့် (၁ဝ)မိုင်ကျော်ရှိသည့် ကျေးရွာများကို ဆိုလာပြားစနစ်ဖြင့် လျှပ်စစ်မီး ရရှိရန် ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေဖြင့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင်အကောင်ထည်ဖော်ခဲ့သည်ဟု သိရသည်။