(ခေါင်ဆူလိုင့်)
(ဇွန် ၅၊ ၂၀၁၇)
“ကားက ဖားအံကို ဘယ်အချိန်လောက် ရောက်မလဲ”
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ (၇)တိုင်ကျေးရွာက ထမင်းဆိုင်တစ်ဆိုင်မှာ ကားခနရပ်နားတုန်း အတူတူ ကားစီးလာတဲ့ အသက် ၃၇နှစ်အရွယ် ကရင်အမျိုးသမီးတစ်ဦးက မေးလာပါတယ်။
“အင်း… အခုက မွန်းလွဲ ၁နာရီခွဲဆိုတော့ ခန့်မှန်းခြေ ၃နာရီလောက်ဆိုရင် ရောက်မယ် ထင်ပါတယ်”လို့ ပြန်ဖြေလိုက်တဲ့အခါ သူ့မျက်နှာလေးက မျှော်လင့်ချက်ရောင်သမ်းတဲ့ အပြုံးနဲ့ဖြစ်လာပြီး တစ်ဆက်တည်းမှာပဲ “ကျမ … သားနဲ့ ပြန်ဆုံရတော့မယ်။ သားကို မတွေ့ရတာကြာပြီ။ သားလေးလည်း ကျမကို လွမ်းနေလှပြီ။ ခုဆို သားက ၁၅နှစ်ထဲမှာမို့ ဘယ်လောက်အရပ်မြင့်နေပြီ လဲ မသိဘူး။”လို့ သူမက လင်းလက်တဲ့ မျက်နှာလေးနဲ့ ပိုးကရင်လို ပြောလာရာကနေ စကားစမိပါတယ်။
မနေ့ညက တစ်ညလုံး ထိုင်းနိုင်ငံ၊ ဘန်ကောက်ကနေ မဲဆောက်မြို့အထိ ကားပြန်စီးလာခဲ့ရလို့ အိပ်ရေးမဝခဲ့ပါဘူး။ ဒါပေမယ့် သားကိုတွေ့လိုဇောနဲ့မို့ မဲဆောက်ကနေ မြဝတီ။ အဲဒီကတဆင့်မှ မြဝတီကနေ ဖားအံကို ကားဆက်တိုက်စီးလာခဲ့တာ ခေါင်းမူး နောက်နေတော့ ကြံရည်တစ်ခွက်ကို သူမ ဝယ်သောက်လိုက်ပါတယ်။
“ကြံရည်သောက်လိုက်မှပဲ ခေါင်းထိုးတာ ကြည်လင်သွားတော့တယ်။ ညကလည်း ကားပေါ်မှာအိပ်မရဘူး။ သားက ညဉ့်နက်အ ထိ ကျမနဲ့ဖုန်းပြောနေတာကြောင့် အတင်း အိပ်ဖို့ပြောလိုက်ရတယ်။ နောက်နေ့ဆိုလည်း အမေနဲ့ပြန်ဆုံတော့မှာပဲလေ သားရယ် လို့ပြောပြီး အိပ်ခိုင်းလိုက်ရတယ်။ ကျမပြန်လာတာ သားက ဘာမှမပူဆာပေမယ့် အမေပြန်လာဖို့နဲ့ မုန့်ဖိုးယူလာဖို့ပဲ မှာရှာတယ် လေ။”လို့ လမ်းမပေါ် ငေးမောရင်း ပြောနေပါတယ်။
သူမဟာ ဘန်ကောက်က တရုတ်အိမ်ရှင်ရဲ့အိမ်မှာ အိမ်သန့်ရှင်းရေးအလုပ်ကို လုပ်ကိုင်နေတာဖြစ်ပြီး တစ်လကိုမှ ဘတ်ငွေ ၉ ထောင်(မြန်မာကျပ်ငွေ ၃သိန်းကျော်) လုပ်အားခရတာပါ။ အလုပ်က သိပ်မပင်ပမ်းသလို အလုပ်ရှင်(အိမ်ရှင်သူဌေး)ကလည်း မကြာခန နိုင်ငံခြားသွားနေတာမို့ သူမအတွက်က သိပ်စိတ်ကျဉ်းကြပ်မှု မရှိဘဲ လွတ်လပ်ပါတယ်။ ဒီလိုအလုပ်လုပ်နေရင်း အား တဲ့အချိန်၊ အနားယူတဲ့ အချိန်တွေဆို သူမက သားလေးနဲ့ပဲ ဖုန်းပြောရင်း စိတ်အပမ်းဖြေရတယ်လို့ ပြောပါတယ်။
“ကျမက ဘန်ကောက်ကနေ သားကို ဖုန်းနဲ့ အမြဲတမ်း စကားပြောပါတယ်။ ဒါက ကျမအတွက် အမောပြေစေသလို သားအ တွက်လည်း ကျမနဲ့ ပြောရလို့ အားရှိတယ်၊ ဝမ်းနည်းတာတွေ လျော့တယ်ပေါ့။ ကျမ ဘန်ကောက်မှာ အလုပ်လုပ်နေချိန် တစ် လျှောက်လုံးက သားကို ဖားအံက ကျမရဲ့အစ်ကိုအိမ်မှာ ထားခဲ့တယ်။ အခုတော့ ကျမအစ်ကိုက ပြီးခဲ့တဲ့ ၁၂လပိုင်း (၂၀၁၆)မှာ ကင်ဆာနဲ့ဆုံးသွားတော့ သားက ဘုန်းကြီးကျောင်းမှာ သွားနေလိုက်တော့တယ်။ အခုတော့ သူ့အဖွားအိမ်ကနေ ကျမကို ပြန် စောင့်နေဖို့ ဘုန်းကြီးကျောင်းကနေ ပြန်လာခိုင်းထားတယ်”လို့လည်း အဆိုပါကရင်အမျိုးသမီးက ပြောပါတယ်။
သူမဟာ သားအဖေနဲ့ သားလေး ၆နှစ်နီးပါးလောက်မှာ သဘောထားမတိုက်ဆိုင်ဘဲ ကွဲကွာသွားခဲ့ပြီး တစ်ဖက်က နောက်အိမ် ထောင်ပြုခဲ့တာ အခုဆို နောက်အိမ်ထောင်နဲ့ ခလေးနှစ်ယောက်တောင် ထပ်ရနေပြီလို့ ပြောပြပါတယ်။ သားကိုတော့ သူ့အဖေ က တခါမှ ခေါ်ယူတွေ့ဆုံတာတွေ လုံးဝ မရှိလေတော့ သားလေးဟာ အဝေးရောက်နေတဲ့ မိခင် သူမကိုသာ တွယ်တာနေရပါ တယ်။
“သားက ကျမကိုပြောတယ်။ သူ လိမ်လိမ်မာမာနေပါမယ်တဲ့။ ကျမကိုလည်း သူ့အဖေလို အိမ်ထောင်ထပ်မပြုပါနဲ့တဲ့။ ကျမဘဝ မှာ ရုန်းကန်လာခဲ့သမျှတွေဟာ သားအတွက် အဓိကပါပဲ။ ဒီတော့ သား နေစေချင်သလိုပဲ ကျမ နေပေးခဲ့တယ်။ ကျမတို့မှာ ဒီ သားနဲ့ ဒီအမေပဲမို့ သား စိတ်မချမ်းသာတာ ကျမ မလုပ်ပါဘူး။ သားကြီးလာလို့ သားခွင့်ပြုတယ်ဆိုမှ ကျမ အိမ်ထောင်ထပ်ပြုချင် ပြုမယ်”လို့ သူမက ရိုးစင်းစွာ ပြောပါတယ်။
သားဖြစ်သူက အလယ်တန်းကျောင်းကို ဆက်မနေတော့ဘဲ ဦးကြီးဖြစ်သူရဲ့ ကျောက်စီလုပ်ငန်းမှာ ကူလုပ်ရင်း နေထိုင်လာခဲ့ရာ က ဦးကြီးဆုံးပါးသွားပြီးတဲ့နောက် သားဟာ ကျောင်းပြန်တက်ဖို့ စိတ်ပြန်ယိုင်လာတယ်လို့ သူမက ပြောပါတယ်။ သားဟာ သူမ အမေ(အဖွား)ဖြစ်သူနဲ့ မနေရတာကလည်း အဖွားရဲ့နောက်အိမ်ထောင် အဖိုးလေးက အရက်သောက်၊ မူးပြီး မြည်တွန်တောက် တီးတဲ့ဒဏ်ကြောင့် သားလေးဟာ အဖွားနဲ့လည်း နေမပျော်ဖြစ်ခဲ့ရတာပါ။
“သူ့ဦးကြီးဆုံးချိန် ကျမက ပြန်မရောက်နိုင်ဘူးလေ။ ဒီတော့ သားနဲ့ဖုန်းပြောတဲ့အခါ သားက စကားတစ်ခွန်းနှစ်ခွန်းနဲ့ အသံတိမ် ဝင်သွားပြီး မပြောချင်တော့ဘူးတဲ့ ဖုန်းချသွားတယ်။ သူ ဝမ်းနည်းအားငယ်သွားတယ်ထင်ပါရဲ့လေ။ တကယ်တော့ သားကို ကျမ ဘန်ကောက်မှာမွေးပြီး ၃လသားအရွယ်မှာ ဗမာပြည်ထဲ ပြန်လာပို့တယ်။ သူ့အဖေနဲ့ကွဲပြီးနောက် သား ၁ဝနှစ်လောက်မှာ တခါ ဘန်ကောက်ကို ကျမ တစ်ခေါက် ခေါ်လည်သေးတယ်။”
အတန်းပညာအားဖြင့် ၃တန်းအထိသာ တက်ခဲ့ရတဲ့ သူမဘဝကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ငယ်ငယ်ကတည်းက မိခင်နဲ့အတူ ရောက်ခဲ့ရသူဖြစ်ပါတယ်။ သူမ အိမ်ထောင်ကျစဉ်ကလည်း ခင်ပွန်းဖက်က အသိုင်းအဝိုင်းရဲ့ မလိုလားမှုကြားက အရဲစွန့်ပြီး လက်ထပ်ထိမ်းမြားခဲ့ကြသလို ဒီအသိုင်းအဝိုင်းရဲ့ မလိုလားမှုတွေနဲ့ပဲ ကွဲကွာခဲ့ရတာဖြစ်ပါတယ်။ သားကို ထားခဲ့ပြီး ဘန်ကောက်မှာ ဆယ်နှစ်ကျော် လုပ်ကိုင်ရင်း ရှာဖွေထားတဲ့ငွေလေးနဲ့ အိမ်တစ်လုံးဝယ်နိုင်ခဲ့ပေမယ့် ချဲထီလောင်းကစား ဝါသ နာထုံတဲ့ သားရဲ့အဖွားက လောင်းကစားကြွေးဆပ်ဖို့ သူမရဲ့အိမ်လေးကိုပါ ရောင်းပစ်လိုက်ပါတယ်။
“အမေကလည်း ချဲထီ၊ နှစ်လုံးထီ ထိုးလွန်း၊ ကစားလွန်းအားကြီးတော့ ကျမ ချွေးနဲစာနဲ့ ဝယ်ယူထားတဲ့အိမ်ကိုပါ ရောင်းပစ်လိုက် တယ်။ ခုဆို ကျမမှာ နေစရာအိမ်လည်း မရှိဘူး။ သားကလည်း ဘုန်းကြီးကျောင်းမှာပဲနေနေရတော့ သားကို လွမ်းပေမယ့်လည်း ဘန်ကောက်မှာ အလုပ်တော့ ဆက်လုပ်နေရအုံးမယ် ထင်ပါတယ်။ ဘယ်လောက်ကြာကြာ လုပ်နိုင်အုံးမလဲတော့ မသိသေးဘူး” လို့ အနာဂတ်ကို ငံ့လင့်ပြီး ရင်ဖွင့်ပြောရှာပါတယ်။
တကယ်တော့ သူမ ကရင်ပြည်နယ်ကို ပြန်လာတာဟာ အလည်အပတ်အဖြစ် အလုပ်က ခွင့်တောင်းခံပြီး ပြန်လာတာ မဟုတ်ပါ ဘူး။ ဘုရင်အသစ်နဲ့ စစ်တပ်အုပ်ချုပ်နေတဲ့ ထိုင်းနိုင်ငံထဲမှာ တရားဝင် အလုပ်လုပ်နိုင်ဖို့ သူမဟာ ပတ်စ်ပို့၊ အလုပ်လုပ်ပိုင်ခွင့် MOU ထိုးတာ စာရွက်ထုတ်ပေးတာဖြည့်စွက်ဖို့ ပြန်ရောက်လာတာပါ။ ခုလို ကိုယ့်နိုင်ငံ၊ ကိုယ့်ရပ်ရွာကို မဖြစ်မနေ ပြန်လာရင်း သူမ ချစ်လှ၊ လွမ်းလှတဲ့ သားလေးရဲ့မျက်နှာလေးကိုမြင်ချင်လို့ သားလေးကိုလည်း အမေ့ကိုလွမ်းတာ ပြေပျောက်သက်သာစေ ဖို့ ပြန်ရောက်ချိန်လေးမှာ သားလေး သွားချင်တာကို လိုက်ပို့မယ်။ စားချင်တာတွေကို ဝယ်ကျွေးမယ်လို့ပဲ သူမ အားခဲထားရင်း ခရီးသည်တင်ကားလေးထဲမှာ စီးနင်းလိုက်ပါလာပါတယ်။
ဒီလိုသားငယ်၊ သမီးငယ်အရွယ် ရင်သွေးငယ်လေးတွေကို ရင်ခွင်ငွေ့ နွေးထွေးစွာ မပေးနိုင်ဘဲ ဘန်ကောက်မြို့ အပါအဝင် ထိုင်းနိုင်ငံရဲ့ မြို့အများအပြားမှာ အလုပ်လုပ်နေကြရတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသူ ရွှေ့ပြောင်းအလုပ်သမ မိခင်တွေဟာ စစ်အစိုးရလက်ထက်ကနေ ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲအပြီး ပြည်သူ့အစိုးရ တက်လာတဲ့ကာလအထိလည်း အရေအတွက် သိန်းနဲ့ချီ ရှိနေကြဆဲ မလျော့ပါးသေးဘဲ ဖြစ်နေပါတယ်။
မိခင်များရဲ့ အကြင်နာ၊ ဖခင်များရဲ့မေတ္တာနဲ့ ဝေးကွာနေရတဲ့ မျိုးဆက်သစ် ခလေးငယ်များရဲ့ နွေးထွေးမှုကင်းတဲ့ အနာဂတ်တွေ ဟာလည်း မြို့ရွာတစ်ခု၊ နိုင်ငံတစ်ခု တိုးတက်စေရေးမှာ အခရာကျ၊ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သလို နိုင်ငံရဲ့ ငြိမ်းချမ်းမှုနဲ့ပါ ပတ်သက်နေပါတယ်။ ဒါကြောင့် လူတစ်ဦးချင်း၊ မိသားတစ်စုချင်း၊ လူ့ပတ်ဝန်းကျင်တစ်ခုချင်းစီအတွက် တည်ငြိမ် အေးချမ်းတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ရာမှာ ပြည်သူအားလုံးရဲ့ ဉာဏ်နဲ့ယှဉ်တဲ့ အသိတရားနဲ့ စိတ်ဓာတ်တွေအပြင် နိုင်ငံ့ အုပ်ချုပ်ရေးစနစ်ကအစ တစ်လွှာချင်း၊ တစ်ကန့်ချင်းစီကို ပြုပြင်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
(မြဝတီ-ဖားအံလမ်းမှာခရီးသွားရင်း အမှတ်မထင် ဆုံဆည်းခဲ့ရတဲ့ ရွှေ့ပြောင်းအလုပ်သမ မိခင်တစ်ဦးရဲ့ ရင်ဖွင့်ပြောဆိုချက်အပေါ် အခြေခံထားခြင်း ဖြစ်ပါတယ်။)