အယ်ဒီတာ့အာဘော်
မြန်မာ့နိုင်ငံရေး အပြောင်းအလဲများနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အစိုးရတို့အကြား တကျော့ ပြန် ငြိမ်းချမ်းရေးတည်ဆောက်မှု ငါးနှစ်ကျော်ကြာလာခဲ့ပြီဖြစ်သည်။ ထိုအချိန်အတွင်း ဒုက္ခသည်မိသားစု အနည်းငယ်မျှသာ တရားဝင် အခမ်းအနားဖြင့် ယမန်နှစ်က ပြည်တော်ပြန်ခဲ့သည့်အပေါ် ကြိုဆိုမှုရှိခဲ့ကြသော်လည်း မည်သူ့ကိုမျှ အသိပေးခြင်း မရှိ ဘဲ မိမိတို့နည်းလမ်းဖြင့် နေရပ်ပြန်သွားကြသူများလည်းရှိသည်ဟု ဒုက္ခသည်အသိုင်းအဝိုင်းဘက်က ပြောဆိုသည်။
၂၀၁၂ခုနှစ်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပဏာမ သဘောတူ လက်မှတ်ရေးထိုးခဲ့သည့်အချိန်မှစ၍ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များကို နေရပ်ပြန်လည်ပို့ ဆောင်ရန် နှစ်ဖက်နိုင်ငံ အစိုးရများက လိုလားကာ စီစဉ်မှုများ ရှိနေခဲ့သည်။ ၂၀၁၆ခုနှစ်က ဒုက္ခသည်အချို့ နေရပ်ပြန်ခဲ့ကြ သည်ကို ကရင်ပြည်နယ်အစိုးရက ဦးဆောင်ကာ အခမ်းအနားဖြင့် ကြိုဆိုပွဲများ ပြုလုပ်ခဲ့ပြီး နေစရာစီစဉ်ပေးထားသည်များ ရှိခဲ့ သော်လည်း ၎င်းတို့အတွက် သေချာခိုင်မာသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ကိုင်စားသောက်မှုများ မရှိသေးပေ။
ဒုက္ခသည်များ၏ မူလအစ ဖြစ်တည်လာမှုမှာ ၁၉၇၄ခုနှစ်နောက်ပိုင်း တိုင်းရင်းသားဒေသများသို့ အစိုးရထိုးစစ်စတင်ချိန်နှင့်အတူ ရပ်ရွာ၊ အိမ်ပစ်၊ လယ်ပစ် မိသားစုများ တကွဲတပြား စွန့်ခွာထွက်ပြေးမှုမှ စတင်ကာ စစ်ဘေးဒုက္ခသည်များ ဖြစ်လာခဲ့ရပြီး မြန်မာ ပြည်အရှေ့တောင်ပိုင်း နယ်စပ်ဒေသများတွင် ၁၉၈၄ခုနှစ်ကတည်းက ဒုက္ခသည်စခန်း ဖွင့်လှစ်ထားခဲ့ရသည့် အခြေအနေမျိုး ဖြစ်ကြောင်း ကရင်ဒုက္ခသည်ကော်မတီ(KRC)က ဆိုသည်။
ယခုအချိန်တွင် အစိုးရသော်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများသော်လည်းကောင်း ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးအ တွက် လုပ်ဆောင်ရာတွင် အားရကျေနပ်ဖွယ် မတွေ့ရသလို ၎င်းတို့ကို နိုင်ငံရေးအရ အသုံးချမှုများ ရှိနေသည်ဟု သုံးသပ်ဝေဖန် နေမှုများလည်းရှိသည်ကို ဝမ်းနည်းဖွယ် ကြားသိမြင်တွေ့နေရသည်။ အမှန်စင်စစ် ဒုက္ခသည်များမှာ ခါးသီးဆိုးရွားသည့် စစ် ဘေးစစ်ဒဏ်မှ လွတ်မြောက်ကာ အသက်ရှင်ကျန်ရစ်နေခဲ့ကြသူများဖြစ်သည်။ တချို့ဆိုလျှင် မိမိ မိသားစုဝင်များ၊ ဆွေမျိုးအ ပေါင်းအဖော်များ မိမိရှေ့တွင်ပင် အသတ်ခံရခြင်း၊ နှိပ်စက်ညှင်းပမ်းခံရခြင်းများသည်ကို မျက်မြင်တွေ့ရှိခဲ့ကြရသည်။
စစ်အစိုးရလက်ထက်က နေပြည်တော်ကို စတင် တည်ထောင်လာခဲ့သည်မှစ၍ အနီးဝန်းကျင်ရှိ ကျေးလက်တောရွာများကို နယ် မြေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးအရ နယ်မြေရှင်းလင်းခဲ့ရာမှ ၂၀၀၆ခုနှစ်နှောင်းပိုင်းတွင် တောင်ငူ၊ ညောင်လေးပင်ဒေသများ ဘက်မှ တိုင်းရင်းသားပြည်သူလူထုမှာ အိုးအိမ်၊ နေရပ်များကိုစွန့်ခွာ၍ မိုင်ရာချီ ကွာဝေးသည့် နယ်စပ်ဒေသသို့ စစ်ဘေးရှောင် ကာ ထွက်ခွာလာခဲ့ကြသည်။ ၎င်းတို့အနေဖြင့် လမ်းခရီးတွင် အခက်အခဲမျိုးစုံဖြတ်ကျော်ပြီး နယ်စပ်သို့ ရောက်ရှိလာသူများဖြစ် ရာ စိတ်ဒဏ်ရာများဖြင့် အသက်ရှင်နေလာခဲ့ကြသူများဟုပင် ဆိုနိုင်သည်။
ထို့အပြင် နယ်စပ်ဒုက္ခသည်စခန်းသို့ ရောက်ရှိချိန်တွင်လည်း လူသားအခွင့်အရေးအပြည့်ဖြင့် လွတ်လပ်စွာ နေထိုင်ကြရသည် မဟုတ်။ ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ စခန်းအပြင်သို့ ထွက်ခွင့်မရသကဲ့သို့ အကန့်အသတ်နှင့် တက်လမ်းမရှိ ဖြစ်နေ သည့် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကို အံဝင်အောင်နေထိုင်ခဲ့ကြရသလို အခြေခံ စားနပ်ရိက္ခာ အထောက်အပံ့များက လည်း ဖူလုံသည်ဟု မဆိုနိုင်ပေ။ လက်ရှိတွင် ကဏ္ဍအသီးသီးက အထောက်အပံ့များ လျော့ချမှုကို ရင်ဆိုင်နေရပြီး သီးခြား ကမ္ဘာတစ်ခုလို ရှင်သန် ရုန်းကန်နေကြရသည်။
ယင်းသို့ နေထိုင်နေကြသူများအနေဖြင့် အဘယ်အတွက်ကြောင့် အိမ်မပြန်ချင်သူများ ဖြစ်နိုင်မည်နည်း။ မိမိနေရပ်ရင်းသို့ပြန်ကာ အေးချမ်းသာယာစွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်ဖို့အရေး မျှော်တွေးနေသူများသာဖြစ်သည်။ သို့သော် နေရပ်ပြန်ရေးအ တွက် အရေးကြီးသော လိုအပ်ချက်မှာ စစ်မက်ကင်း၊ မြေပေါ်မြေအောက် အန္တရာယ်ကင်းစင်သော တည်ငြိမ်အေးချမ်းသည့် လူမှု ပတ်ဝန်းကျင်ဖြစ်နေဖို့ ဖြစ်သည်။ ထိုသို့ရှိမှသာ လက်တွေ့ ဖြစ်နိုင်သလို ဒုက္ခသည်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန် လည်ထူထောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ သင့်တင့်သည့် အသိအမှတ်ပြုမှုနှင့် ရေရှည် ရပ်တည်နိုင်မည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို သက်ဆိုင်သူများက ဖန်တီးဆောင်ရွက်ပေးရမည်ဖြစ်သည်။
ထို့အတွက်ကြောင့် ဆယ်စုနှစ်ချီ ဖြစ်တည်လာခဲ့သည့် ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည်အရေးကို ဖြေရှင်းမည်ဆိုလျှင် ပကတိ ဖြစ်ပျက်တည်ရှိနေမှုကို စေ့စပ်သေချာစွာ ချဉ်းကပ်လေ့လာပြီး လုပ်ဆောင်ရမည်ဖြစ်သည်။ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာနေရ သူများအတွက် ပြည်တွင်းအိမ်ရာမဲ့များ၊ ကျူးကျော်နေထိုင်ကြသူများကဲ့သို့ အလွယ်တကူ နေရာချထားပေးရုံမျှ စီစဉ်ဆောင်ရွက် ပေးမည်ဆိုလျှင် ဒုက္ခသည်အရေး၊ နေရပ်စွန့်ခွာသူများအရေးမှာ ပြေလည်နိုင်မည်မဟုတ်ကြောင်း အသိပေးတိုက်တွန်းလိုသည်။