ဇွန် ၁၂ ရက်၊ ၂ဝ၁၇ ခုနှစ်။ ကေအိုင်စီ
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံတွင် တက်ရောက်ဆွေးနွေးခဲ့သည့် အခြေအနေများနှင့် ပတ်သက်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက နယ်စပ်အခြေစိုက်နှင့် ပြည်တွင်းရှိ ကရင်လူမှုအဖွဲ့များအား ပြန်လည်ချပြရှင်း လင်းပွဲ အစီအစဉ်တစ်ရပ်ကို ဇွန်လ ၉ ရက်မှ ၁ဝ ရက်နေ့အထိ ၎င်းတို့ ထိန်းချုပ်နယ်မြေ လေးဝါးစခန်းတွင် ပြုလုပ်ခဲ့သည်။
ရှင်းလင်းပွဲ ပြုလုပ်ခြင်းရည်ရွယ်ချက်ကို ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက “၂၁ ရာစု ပင်လုံမှာ ကျနော်တို့ ကရင်အမျိုးသားအစည်းအရုုံးက သွားပြီးဆွေးနွေးခဲ့တဲ့ Sector (ကဏ္ဍ)ငါးခုရဲ့ အခြေအနေ၊ Sector တစ်ခုချင်းရဲ့ အကြောင်း အရာ၊ ကျနော်တို့ ကရင်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတုန်းက ချမှတ်ထားတဲ့ အချက်တွေ ဘယ်နှစ်ချက် ပါဝင်သလဲ။ ဘယ်နှစ်ချက်ရရှိခဲ့သလဲ၊ ပြီးတော့ ကရင်အမျိုးသားတွေရဲ့ စာတမ်းနဲ့ကိုက်ညီမှု ရှိသလားဆိုတာက သူတို့ရဲ့ အခက်အခဲ၊ အတွေ့အကြုံတွေကို ပြန်လာပြီး ချပြရှင်းလင်းတာဖြစ်ပါတယ်။”ဟု ပြောသည်။
ထို့အပြင် ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် တင်ပြခဲ့သည့် ကဏ္ဍအလိုက် တစ်ခုချင်းစီ၏ အခြေအနေအပြင် ညီလာခံတစ်ခုလုံး ၏ အားနည်းချက်၊ အားသာချက်များနှင့် အခက်အခဲများကို ချပြရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပဒိုစောလှ ထွန်းက ဖြည့်စွက် ပြောဆိုသည်။
နှစ်ရက်တာပြုလုပ်သည့် ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအ ဝေးသို့ တင်ပြဆွေးနွေးခဲ့ကြသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ ငါးခုကို ၎င်းပင်လုံအစည်းအဝေးကို တက်ရောက်ဆွေးနွေးခဲ့သည့် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်များမှ ပြန်လည် ချပြ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သလို တက်ရောက်လာသည့် ကရင်အရပ်ဖက် အဖွဲ့ အစည်း ကိုယ်စားလှယ်ဘက်ကလည်း ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
နယ်စပ်အခြေစိုက် ကရင်အရပ်ဖက် ကိုယ်စားလှယ် စောအဲလ်ဘတ်က “အခုလို Consultation လို့ခေါ်တဲ့ ပြန်လည်အကြံရယူ မှုနဲ့ ရှင်းလင်းမှု လုပ်ဆောင်တဲ့အတွက် အခြေခံတစ်ခုဖြစ်စေပါတယ်။ ၂၁ ပင်လုံမှာ သူတို့ သွားရောက်ဆွေးနွေးခဲ့တဲ့ နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနဲ့ သယံဇာတကဏ္ဍတွေကို ပြန်လည် ရှင်းပြတယ်။ ယူပီဒီဂျေစီ (ပြည်ထောင်စုဆွေးနွေးမှု ပူးတွဲကော်မတီ) တို့ရဲ့ လုပ်ငန်းတွေကို သူတို့ ရှင်းပြသွားလို့ မြင်တွေ့၊ သိရှိခွင့်ရတဲ့အတွက် အင်မတန် မှ ဝမ်းသာပါတယ်။”ဟု ပြောသည်။
မေလ ၂၄ရက်မှ ၂၈ရက်နေ့အထိ ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် ကဏ္ဍကြီး ၅ ခုုကို ဆွေးနွေး ရာတွင် နိုင်ငံရေးကဏ္ဍ၌ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက်၊ လုံခြုံရေးကဏ္ဍတွင် တစ်ခုတည်းသော တပ်မတော် ထားရှိရန်ကိစ္စအပြင် မြေယာကဏ္ဍနှင့် လုံခြုံရေး ကဏ္ဍတို့တွင်လည်း အကြောင်းအရာ အများစုမှာ ကရင်အမျိုးသား အစည်းအရုံးမှ တင်ပြသည့် သဘာထားများ မပါဝင်သည့်အပေါ် စိုးရိမ်မှုများရှိကြောင်း ကရင်အရပ်ဖက် အဖွဲ့အစည်းများက ပြောဆိုသည်။
KUPC ကိုယ်စားလှယ်ဖြစ်သူ မန်းအောင်ပြည်စိုးက “အဲဒီ ငါးချက်ထဲမှာ ကရင်အမျိုးသား အစည်းအရုံး အပါအဝင်၊ ကျနော်တို့ ကရင်အဖွဲ့အစည်းတွေအားလုံးရဲ့ စိုးရိမ်မှုက နိုင်ငံရေးနဲ့ လုံခြုံရေး နှစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးမှာ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုက အကုန်မရသေးဘူး။ သူတို့ ၄၁ ချက် တင်ပြတဲ့အထဲမှာ၊ လက်မှတ်ထိုးတဲ့ ၆ချက်၊ ၇ချက် ထဲမှာတောင်မှ အားရကျေနပ်မှု အကုန်မရသေးဘူး။ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု နဲ့ပတ်သက်ပြီးတော့လည်း သဘောတူ ညီမှု ဘာမှမရသေးဘူးတဲ့အပေါ်မှာ စိုးရိမ်တာပေါ့။ တပ်ဘက်ဆိုင်ရာနဲ့ပတ်သက်ပြီး ဖက်ဒရယ်ပြည်ထောင်စုမှာ ဘယ်လိုလုပ် ဆောင်ကြမလဲဆိုတာ အဲဒီကိစ္စ ကျနော်တို့ပြည်သူတွေအားလုံး စိုးရိမ်ကြတယ်။”ဟု ပြောသည်။
ကျင်းပပြီးစီးခဲ့သည့် ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး၌ ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ပြုလုပ်ကျင်းပခဲ့သည့် အဆင့် ဆင့်သော ဆွေးနွေးပွဲမှရရှိလာသော အဆိုပြု ချက်များကို ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်းအဖြစ် ချုပ်ဆိုခဲ့ရာ ကဏ္ဍကြီး (၅)ခုမှ လုံခြုံရေး ကဏ္ဍမှလွဲ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ (၄)ခုမှ မူဝါဒ သဘောတူညီချက် ၃၇ချက်ကို ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၁)အဖြစ် အဖွဲ့အစည်း အသီးသီးမှ ခေါင်း ဆောင်များနှင့် အသိသက်သေများမှ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းသဘောတူချက်များအပေါ် ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက“ သဘောတူညီချက်ရရှိခဲ့တဲ့ အချက် ၃၇ချက်ထဲမှာ ကျနော်တို့တင်ပြထားတဲ့ ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက ရရှိလာတဲ့အချက်တွေ ဘယ်နှစ်ချက် ပါဝင်ခဲ့သလဲ။ ရှေ့ဆက် ဘယ်လိုလုပ်ဆောင်ကြမလဲ၊ ဘယ်လိုစီစဉ်သွားကြမလဲဆိုတဲ့အပေါ်မှာ ကျနော်တို့ ကေအဲန်ယူတစ်ခု လုံးရဲ့ Peace Review Workshop တွေရှိမယ်။ ခုနက ဆက်စပ်မှုတွေအားလုံးကို ပြန်လည်သုံးသပ်ကြမယ်။ ရှေ့ဆက် ဘယ်လို သွားပြီး ဆွေးနွေးကြမလဲ။ ဘယ်လိုရပ်တည်ရမလဲ၊ သုံးတဲ့ဝေါဟာရ စကားလုံးအသုံးအနှုန်းတွေ ဘယ်လို ထားရှိမယ်ဆိုတာ အစီအစဉ်ရှိထားပါတယ်။”ဟု ပြောသည်။
ကေအဲန်ယူ၏ ၂၁ ပင်လုံ အတွေ့အကြုံ ပြန်လည်ရှင်းလင်းပွဲသို့ နယ်စပ်နှင့် ပြည်တွင်း အခြေစိုက်သည့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် အရပ်ဖက်လူမှုအဖွဲ့အစည်း ၃၇ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကေအဲန်ယူ ဌာနအသီးသီးမှ ခေါင်းဆောင်များ၊ ယခင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပါဝင်ခဲ့ကြသည့် တာဝန်ရှိသူ ကိုယ်စားလှယ်အချို့အပါအဝင် စုစုပေါင်း ကိုယ်စား လှယ် ၁၂၃ဦး တက်ရောက်ခဲ့ကြသည်။